29 C
Yangon

မြန်မာ့စိုက်ပျိုးရေးကဏ္ဍကို ဖြိုဖျက် ဝါးမြိုလာနေသည့် တရုတ် စိုက်ပျိုးရေးသီးနှံ ဝင်ရောက်မှုများ

Must read

By လမ်းသစ်


မကြာသေးမှီ နှစ်များအတွင်း မြန်မာနိုင်ငံမှ တောင်သူအများစုသည် တရုတ်နိုင်ငံမှ စိုက်ပျိုးရေးထုတ်ကုန်များ ဈေးပေါပေါဖြင့် ရောက်ရှိလာနေသည်ကို အထူးစိုးရိမ်လာကြသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အလျောက် ပြည်ပသို့ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွင်း လယ်ယာထွက်ကုန်စည် အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံဖိုး တင်ပို့ခဲ့ပြီး ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၆ ဘီလီယံဖိုး တင်ပို့ခဲ့ကာ အဓိကတင်ပို့သည့် နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်သည်။

သို့သော်လည်း ပြီးခဲ့သည့် လေး ငါးနှစ်မှ စတင်ကာ တရုတ်နယ်စပ်မှတဆင့် တရုတ်စိုက်ပျိုးရေး ထွက်ကုန်များ ဝင်ရောက်လာနေကြောင်း တောင်သူများက ဆိုသည်။

အထူးသဖြင့် ပန်းသီး၊ လိမ္မော်သီး၊ ကြက်သွန်နီ နှင့် အာလူး စသည့် တရုတ်ထုတ်ကုန်များ ဖြစ်ပြီး ပြည်တွင်း စိုက်ပျိုးသီးနှံ ဈေးကွက်ကိုပါ ထိခိုက်စေသည့်အထိ ဖြစ်လာသည်။

အာဏာရှင်အဆက်ဆက် လယ်ယာမြေ အဓမ္မသိမ်းယူမှုများအပါအဝင် မြောက်များလှတဲ့ အခက်အခဲများကြောင့် ပြည်တွင်း အထွက်နှုန်း နည်းပါး၍ တရုတ်ပန်းသီးနှင့် လိမ္မော်သီးတို့ ဝင်ရောက်လာခြင်း ဖြစ်ပြီး နယ်စပ်မှ တရားမဝင် ဝင်ရောက်လာမှု များပြီး ဈေးပေါကာ ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်နိုင်မှု စွမ်းအားကို လျှော့ကျသွားစေသည်။

တရုတ်ပန်းသီးနှင့် သစ်သီးဝေလံများ ဝင်ရောက်လာမှုကြောင့် ကချင်၊ ချင်းနှင့် ရှမ်းပြည်နယ်ရှိ ပြည်တွင်းစိုက်ပျိုးသည့် အသီးများသည် ဈေးကွက် မယဉ်ပြိုင်နိုင်တော့ပဲ ကျဆုံးသွားသည့်အပြင် မြန်မာမျိုးပင် ပျောက်ကွယ်လာသည့် အခြေအနေတွင် ရှိနေသည်။

တရုတ်ကြက်သွန် အရွယ်အစား၊ အရောင်၊ အနံ့ကြောင့် ပြည်တွင်းထုတ်လုပ်မှုကို ထိခိုက်လာနေ
================

ထို့အတူ ပြီးခဲ့သည်နှစ်များအတွင်း မြန်မာပြည်တွင်းကို တရုတ်ကြက်သွန်နီများ ဝင်ရောက်လာမှုကြောင့် ပြည်တွင်းဈေးကွက်ပျက်ကာ တောင်သူများ အရှုံးပေါ်မှု မကြာခဏ ဖြစ်ပွားခဲ့သည်။

တရုတ်ကြက်သွန်နီသည် ဥကြီးပြီး အလုံးလှသဖြင့် စားသောက်ဆိုင်၊ ဟိုတယ်များတွင် အသုံးများပြီး၊ နောက်ပိုင်းတွင် မြို့ပြများရှိ ဈေးဝယ်စင်တာများတွင်ပါ ရောင်းချလာရာ ပြည်တွင်း ကြက်သွန်နီဈေး ကျဆင်းပြီး တောင်သူများ နစ်နာမှု ရှိခဲ့သည်။

တရုတ် ကြက်သွန်နီသည် ဈေးကွက်တွင်းသို့ ဝင်ရောက်လာ၍ ပြည်တွင်း ကြက်သွန်နီ ဈေးကွက်အပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများ ရှိနေသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်ကို မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်းတို့တွင် အများဆုံး စိုက်ပျိုးပြီး တစ်နှစ်လျှင် နိုင်ငံတဝှမ်း ကြက်သွန်စိုက်ဧက ၁ သိန်းဝန်းကျင်နှင့် ထွက်ရှိမှု တန်ချိန် ၁ သန်းကျော် ရှိခဲ့သည် ဟု သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်က ပြည်ပကို ကြက်သွန်နီ တန်ချိန် ၁.၃ သိန်းကျော် တင်ပို့ပြီး အဓိက တင်ပို့သည့် နိုင်ငံမှာ ဘင်္ဂလားဒခ်ျနိုင်ငံ ဖြစ်သည်။

ထိုအချက်ကို ကြည့်လျှင် တရုတ်ကြက်သွန်နီသည် ပြည်တွင်းဈေးကွက်ကို ဖျက်နိုင်သည့် ပမာဏကို မှန်းဆနိုင်သည်။

၂၀၂၂ ခုနှစ်အတွင်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ဒေသတို့တွင် စစ်ပွဲဖြစ်ပွားနေမှုတို့အရ ကြက်သွန်နီ အထွက်နှုန်း လျော့နိုင်ခြေများရာ တရုတ်ကြက်သွန် ပို၍ ဖောဖောသီသီ ဝင်ရောက်လာဖွယ် ရှိနေသည်။

အကျိုးဆက်အဖြစ် ပြည်တွင်း ကြက်သွန်နီ စိုက်ပျိုးမှု ကျဆင်းပြီး တရုတ်ထုတ်လုပ်မှုကိုသာ မှီခိုလာရမည့် အခြေအနေ ဖြစ်လာနေသည်။

ပြည်တွင်း အာလူးဈေးကွက်ကို ဝါးမြိုနေသော တရုတ်အာလူးဈေးကွက်ဗျူဟာ
===========

ထိုအတူ မြန်မာနိုင်ငံတွင် အဓိက စိုက်ပျိုးသော သီးနှံအမျိုးအစားတွင် အာလူးပါဝင်ပြီး ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုသည် ပြည်တွင်းစားသုံးမှု လုံလောက်သည်။ နိုင်ငံတဝှမ်း အာလူးစိုက်ပျိုးမှုသည် ဧက ၉ သောင်းကျော် ရှိပြီး တန်ချိန်အားဖြင့် ၅ သိန်းကျော် ထွက်ရှိနိုင်သည်။

၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ အာလူးစိုက်ပျိုးမှုသည် ဧက ၄ သောင်းကျော် ရှိပြီး တန်ချိန် ၂.၅ သိန်းခန့် ထွက်ရှိသည် ဟု သတင်းများက ဆိုသည်။

ယခုနှစ်တွင် အာလူးတစ်ပိသာလျှင် ကျပ် ၁,၅၀၀ ဝန်းကျင် ရှိပြီး ဈေးကောင်းသော်လည်း တရုတ်နိုင်ငံမှ အာလူးဝင်ရောက်လာမှုကြောင့် ဈေးကျဆင်းလာသည် ဟု တောင်သူအချို့က ဆိုသည်။ တရုတ်နိုင်ငံမှ ထွက်ရှိသော အာလူးသည် မြန်မာနိုင်ငံကို တရားဝင် တင်ပို့ခွင့် မရှိသော်လည်း နယ်စပ်မှ တဆင့် ဝင်ရောက်လာနေကြသည်။

တောင်သူတစ်ဦးအဆိုအရ နေ့စဉ် မော်တော်ယာဉ် တွဲကားစီးရေ အများအပြားဖြင့် တရုတ်အာလူးများ ‌ဝင်ရောက်လာသည် ဟု ဆိုသည်။

တရုတ်အာလူးသည် မြန်မာနိုင်ငံကို ဝင်ရောက်လာမှုသည် ၂၀၂၀ ခုနှစ်ကတည်းက ဖြစ်ပြီး တရုတ်အာလူးသည် အရောင်၊ အရွယ်အစား ရောင်းပန်းလှသဖြင့် ဝယ်ယူမှုများကြောင်း ၂၀၂၀ ခုနှစ် မေလ က RFA သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်အာလူးသည် မျိုးကောင်းပြီး အထွက်နှုန်းကောင်းသဖြင့် မြန်မာပြည်ကို ဝင်ရောက်ပါက ဈေးကွက် မယဉ်နိုင်ပဲ အရှုံးပေါ်ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ကမ္ဘာတွင် အာလူး စိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်ကာ စနစ်တကျဖြင့် စိုက်ပျိုးသိုလှောင်ကြပြီး မျိုးအာလူးကိုပင် မြန်မာကို တင်ပို့ရောင်းချသဖြင့် ပြည်တွင်းထုတ် အာလူးမျိုးပင် မရှိသလောက် နည်းပါးသွားခဲ့သည်။

‌မြန်မာနိုင်ငံတွင် အာလူးမျိုးကိုပင် တရုတ်ထုတ် အာလူးမျိုးကိုသာ မှာယူစိုက်ပျိုးနေရသည့်တိုင် အထွက်နှုန်းနည်းပြီး တရုတ်အာလူးဈေးကို မယဉ်နိုင်သည့် အနေအထား ဖြစ်လာမှုက ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ အပေါ် ထိခိုက်လာစေမည် ဖြစ်သည်။

ထိုအတူ အစေ့ထုတ်ပြောင်းကဲ့သို့ စိုက်ပျိုးသီးနှံမှာလည်း မျိုးစေ့ကို တရုတ်နှင့် ထိုင်းနိုင်ငံမှ တင်သွင်းနေရသည်။

တရုတ်က စိုက်၊ တရုတ်ကိုသွင်းပြီး မြေပျက်ဆီးသွားသော တရုတ်မြေဌားစနစ်
=============

မကြာသေးမှီ နှစ်များအတွင်း တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ လယ်မြေဌားရမ်းပြီး ဖရဲ၊ သခွား နှင့် တစ်ရှုးငှက်ပျောများကို စိုက်ပျိုးခဲ့ကြသည်။

ထိုသို့စိုက်ပျိုးရာတွင် လယ်မြေများကို ဈေးကောင်းပေးငှားရမ်းခြင်း ဖြစ်ကာ အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော ဌာနပိုင်မြေများတွင် တစ်ရှုးငှက်ပျောများကို အဓိကစိုက်ပျိုးပြီး တရုတ်နိုင်ငံသို့ ထွက်ကုန်များကို ပြန်လည် တင်သွင်းကြသည်။

သို့သော်လည်း တရုတ်နိုင်ငံသားများ လာရောက်ဌားရမ်းစိုက်ပျိုးသော မြေများကို ပြန်လည်အပ်နှံ၍ တောင်သူများ စိုက်ပျိုးသောအခါ သီးနှံအောင်မြင်မှု နည်းပြီး အထွက်နှုန်းပါ ကျဆင်းကြောင်း ပြည်တွင်းသတင်းများတွင် ယခင်က ဖော်ပြထားဖူးသည်။

တရုတ်ဌားရမ်းသော မြေအများစုသည် မြေဆီလွှာပျက်ဆီးသွားပြီး နောက်တဖန် အသစ်စိုက်ပျိုးရ ခတ်ခဲသွားကာ ရေရှည်တွင် စိုက်ပျိုးရေးကဏ္ဍ အပေါ်တွင် အကျိုးသက်ရောက်လာမည် ဖြစ်သည်။

တရုတ် စိုက်ပျိုးထုတ်ကုန်များ ဝင်ရောက်နေမှုကို မတားဆီးနိုင်
=============

ဖော်ပြပါ အချက်များကို ကြည့်လျှင် တရုတ်နိုင်ငံမှ စိုက်ပျိုးရေး ထုတ်ကုန်များ မြန်မာနိုင်ငံ ဈေးကွက်တွင်းကို ဝင်ရောက်နေသည်မှာ ကာလကြာရှည်နေပြီ ဖြစ်ပြီး ကာကွယ်တားဆီးနိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။

စိုက်ပျိုးရေးစရိတ် မြင့်တက်ပြီး အကြွေးစနစ်ဖြင့် စိုက်ပျိုးနေရသော တောင်သူများသည် နှစ်စဉ် ဆုံးရှုံးမှု များလျှင် စိုက်ပျိုးကြတော့မည် မဟုတ်ရာ နောင်အနာဂါတ်တွင် တရုတ်ထုတ်ကုန် သီးနှံကိုသာ မှီခိုရတော့မည့် သဘော ဖြစ်လာသည်။

ထိုအချက်က စိုက်ပျိုးရေးကို အဓိကမှီခိုနေရသော နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် စားသုံးမှု ကဏ္ဍအပေါ် ကြီးမားစွာ အန္တရာယ်ကျရောက်နေသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံထုတ် နည်းပညာ၊ စက်ကိရိယာ၊ ယာဉ် ကဲ့သို့ စက်မှုကုန်ထုတ်ပစ္စည်းများကို အဓိက မှီခိုနေရသည်။ နောက်ပိုင်းတွင် စိုက်ပျိုးရေးအတွက် မြေဩဇာနှင့်‌ ဆေးသွင်းအားစုများ ကိုပါ မှီခိုလာရပြီး နောက် သီးနှံမျိုးစေ့ကိုပါ ထပ်မှီခိုလာနေရသည်။

ထိုအတူ စိုက်ပျိုးရေး ထုတ်ကုန်ကိုလည်း အဓိက တင်ပို့ရသည့် နိုင်ငံအဖြစ် ဆက်မှီခိုနေရပြန်သည်။ ထိုသို့ ဖြစ်နေချိန်တွင် တရုတ်စိုက်ပျိုးသီးနှံများကိုပါ ထပ်မှီခိုလာရမည့် အခြေအနေသို့ ကျရောက်နေသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည့် ကမ္ဘာတွင် ပန်းစိုက်ပျိုးမှု အများဆုံးဒေသတခု ဖြစ်ပြီး မြန်မာနိုင်ငံဈေးကွက်ကို ဝင်ရောက်ရန် ပြင်ဆင်နေသည်။

မြန်မာနိုင်ငံတွင် ဘုရားပန်းများဟု အသိများသည့် စိုက်ပျိုးရေးပန်းများကို ပြင်ဦးလွင်၊ ရှမ်းတောင်ဒေသ၊ ရန်ကုန်နှင့် ပဲခူးဒေသအချို့တွင် စိုက်ပျိုးသည်။ အဆိုပါ ဈေးကွက်ကို တရုတ်ပန်းများက ဈေးသက်သာစွာ ဝင်ရောက်ပြီး ပြည်တွင်း ပန်းစိုက်ပျိုးမှုကိုလည်း ဖြိုချနိုင်သည်။

အကယ်၍ တရုတ်ပန်းဈေးကွက်ကို မယဉ်နိုင်လျှင် ပြည်တွင်း ပန်းစိုက်ပျိုးမှု ထိခိုက်ကာ ပြည်တွင်း ပန်းသုံးစွဲမှုသည် တရုတ်တင်ပို့မှု ဈေးကွက်ကိုသာ လုံးဝမှီခိုရတော့မည် ဖြစ်သည်။

ရှိနှင့်ပြီးသား ဈေးကွက်ကို အောက်ဈေးနှင့် ဖြိုချလေ့ရှိသော တရုတ်ပို့ကုန်ဗျူဟာ
============

အဆိုပါ နည်းဗျူဟာသည် တရုတ်ကျင့်သုံးသော ဈေးကွက်ဗျူဟာ ဖြစ်ပြီး ဈေးပေါပေါ ဖြင့် များများ ရောင်းချနိုင်ရေးသည် အဓိကမှောင်းနှင်အား ဖြစ်သည်။

တရုတ်သည် ၎င်းတို့ ထုတ်လုပ်နိုင်သော အရာမှန်သမျကို ဈေးပေါပေါဖြင့် တင်ပို့ရောင်းချပြီး အဆိုပါ ဈေးကွက်ကို ဖျက်ဆီးကာ ၎င်းထုတ်ကုန်ကိုသာ လုံးဝ မှီခိုလာစေသည့် နည်းလမ်းကို အသုံးပြုနေလေသည်။

ထိုအချက်ကို ကြည့်လျှင် တရုတ်ထုတ်လုပ်နိုင်သော စိုက်ပျိုးရေး သီးနှံမှန်သမျ ပါတ်ဝန်းကျင်ရှိ နိုင်ငံများ၏ ဈေးကွက်ကို တင်ပို့ရန်အတွက် အဆိုပါနိုင်ငံများ၏ စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍကို ဖြိုချပစ်ခြင်း ဖြစ်သည်။

ထိုအချက်က မြန်မာနိုင်ငံတွင် စားသုံးမှုမြင့်ပြီး တရုတ်ထုတ်လုပ်နိုင်သော စိုက်ပျိုးသီးနှံဈေးကွက်သည် ဘေးအန္တရာယ် ကျရောက်နေပြီ ဖြစ်သည်။

ထိုသို့ မြန်မာနိုင်ငံမှ တရားဝင် ခွင့်ပြုထားခြင်း မရှိသော်လည်း တရုတ်သီးနှံထွက်ကုန်များ နယ်စပ်မှောင်ခိုလမ်းကြောင်းမှ တဆင့် လွယ်လင့်တကူ ဝင်ရောက်နေခြင်းသည် တိုင်းပြည်အား အာဏာဖြင့် အဓမ္မ အုပ်ချုပ်မင်းလုပ်သူများ၏ အကျင့်ပျက် ခြစားမှုများကြောင့် ဆိုလျှင် မှားမည်မဟုတ်ပေ။

အဆိုပါ နိုင်ငံတော်အဆင့် ခြစားမှုသည် လက်ရှိ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူပြီး နောက်ပိုင်းတွင် အဆိုးရွားဆုံး အနေအထားသို့ ရောက်ရှိလာပြီး ငွေသာပေးလျှင် ဘာမဆို လုပ်နိုင်သည် ဆိုသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် တိုင်းအတွင်းရေးမှုး ဆိုသူများ၏ အာဏာရရှိပြီး လပိုင်းအတိုင်းတွင်ပင် သိန်းပေါင်း သောင်းနှင့်ချီ လာဒ်စားမှုများ ပေါ်ပေါက်လာမှုက လက်ရှိ အကြမ်းဖက် စစ်ကောင်စီအတွင်း မည်မျှ အဂတိ လိုက်စားနေသည် ဆိုသည်ကို သက်သေပြနေသည်။

ထိုသို့ အာဏာရှင်အဆက်ဆက် ကြီးမားသည့် အဂတိများကြောင့် မြန်မာတောင်သူများ၏ ဈေးကွက်ကို ဖြိုချဖျက်ဆီးနိုင်သည့် အခြေအနေထိ တရုတ်သီးနှံများ တင်ပို့မှု အားကောင်းလာမှုက မြန်မာ့ပြည်တွင်း စိုက်ပျိုးရေးကဏ္ဍအပေါ် စိုးရိမ်စရာ အခြေအနေတခု ဖြစ်လာနေပြီ ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article