By အီဂေါဗလာဇီဗစ်
၇၇ ဆိုတဲ့ သင်္ကေတ ( ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်)၊ Freedom from Fear စာသားတွေနဲ့ဓါတ်ပုံရိုက်ပြီး မြန်မာပြည်ကသူရဲကောင်းတွေရဲ့ ရုန်း ကန်တိုက်ပွဲကို ထောက်ခံကြဖို့ ချက်နိုင်ငံ၊ ဥရောပနဲ့ ကမ္ဘာအရပ်ရပ်က မိတ် ဆွေ တွေ ကို မကြာခင်က ဆော်ဩခဲ့ပါတယ်။ မြန်မာပြည်သူတွေဟာ ပြင်း ထန်လှတဲ့ စိတ်ဒုက္ခ အချိန်ကာလတစ်ရပ်ကို ဖြတ်သန်းနေရပါတယ်။
စစ်အာဏာရှင်တွေဟာ တစ်ရွာပြီး တစ်ရွာ စနစ်တကျ မီးရှို့ဖျက်ဆီးနေတယ်။ ရန်ကုန်မှာ လူငယ်အများအပြား ထပ်ဖမ်းဆီးခံရတယ်။ အရင်ဖမ်းထားတဲ့ လူ ၁၄၀၀၀ ကျော်ရှိတယ်။ နှိပ်စက်ခံနေရမှာပဲလို့ အားလုံးက စိုးရိမ်ပူပန် နေကြရ တယ်။ အများလေးစားခံရတဲ့ တက်ကြွလှုပ်ရှားသူ ခေါင်းဆောင် ၂ ဦးကို ကြိုးပေးဖို့ ရည်ရွယ်တယ်လို့ စစ်ကောင်စီက ကြေငြာခဲ့တယ်။
အဲဒီအကြောင်းတွေကြောင့် မြန်မာပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲဆင်နွဲကြတဲ့ အခါမှာ ပါဝင်ကြဖို့မိတ်ဆွေတွေကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါ တယ်။ မြန်မာပြည်သူတွေကလည်း အကြမ်းဖက် နှိပ်ကွပ်ခံနေရပေမယ့် စိတ်ဓါတ် ခိုင်ခိုင်မာမာနဲ့ အံတုတွန်းလှန်နေဆဲဖြစ်ကြောင်း ကမ္ဘာကို မွေးနေ့ အချိန် ကာလမှာ ပြကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာဂျီနိုဆိုက်မှာ ကြံရာပါဖြစ်နေတာကြောင့် ( သူ့ကိုဂုဏ်တင်သင့်သလား) ဆိုတဲ့ ဝေဖန်မေးခွန်းထုတ်တဲ့ စာတွေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရိုဟင်ဂျာအရေးကို မကြာခင်က ချက်နိုင်ငံက နိုင်ငံရေးနဲ့ ယဉ်ကျေးမှု မဂ္ဂဇင်းမှာဖြေခဲ့တာရှိပါတယ်။ အဲဒါကို ပြန်ဖေါ်ပြ လိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ဖို့ ပြန်တင်ပြတာမဟုတ်ပါ။ ကြီးကြီး မားမား အမှားတွေ သူမလုပ်ခဲ့တဲ့ အကြောင်း ကျွန်တော်ရေးခဲ့ ပြောခဲ့ပါတယ်။ မြန်မာပြည်က ဖယ်ဒရယ်နဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုဟာ သူ့အမှားတွေကနေ သင်ခန်းစာယူဖို့လိုပါတယ်။
အမှန်ပြောရရင်တော့ သင်ခန်းစာယူပုံဟာ နှေးကွေးတဲ့ နာကျင်ရတဲ့ ဖြစ်ထွန်း မှုမျှ သာ ဖြစ်နေပါသေးတယ်။ ကျွန်တော့်အဖြေကို ပြန်တင်ပြတာမှာ အကြောင်း နှစ်ခုရှိပါတယ်။
တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ပျက်တာကြောင့် နောက်ကွယ်က တကယ်မကောင်းဆိုးဝါးဘယ်သူဆိုတာကို ရှင်းရှင်းလင်းလင်းဖြစ်မနေတော့မှာ စိုးရိမ်တာပါ။
ရိုဟင်ဂျာ၊ လူမျိုးစုတွေနဲ့ ပြည်သူတစ်ရပ်လုံးကို အကြီးစား အကြမ်းဖက် နေတာဟာ အဲဒီမကောင်းဆိုးဝါးတွေပါ။ နောက်တခုအနေနဲ့ မြန်မာပြည် အဝေးက လူတွေကိုနားလည်စေချင်တာက နွေဦးတော်လှန်ရေးမှာ ၊ လူထုရဲ့ လွတ်မြောက်ရေး ဖယ်ဒရယ်ရေး ဒီမိုကရေစီရေး အားထုတ်မှုမှာ ခေါင်း ဆောင် မှုနဲ့ ဖွဲ့စည်းပုံဆိုင်ရာ အလွန်အရေးကြီးတဲ့ ပြောင်းလဲမှု ဖြစ်ခဲ့ပြီ ဆိုတာ ကိုပါ။
ချက်မဂ္ဂဇင်းရဲ့အမေးနဲ့ ကျွန်တော့်ရဲ့ အဖြေကို အောက်မှာ ဖေါ်ပြလိုက်ပါတယ်။
===========================================================
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာတစ်လွှားသိပ်ကျော်ကြားခဲ့တယ်။ အရင်က ဒီမိုကရေစီရေးရုန်းကန်မှုမှာ ထောက်ခံမှု အာရုံစိုက်မှုတွေရခဲ့တယ်။ ဒါပေမဲ့ ရိုဟင်ဂျာအရေးကြောင့် သူမရဲ့ ပုံရိပ်ဟာ ထိခိုက်ညစ်နွမ်းသွားပြီ။ လက်ရှိသူမရဲ့ အခန်းကဏ္ဍကဘာလဲ။ မြန်မာပြည်မှာ လူကြိုက်များတုန်းပဲလား။
ဖြေ။ ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက မွတ်စ လင်ဆန့်ကျင်ရေး လှုံ့ဆော်မှုနဲ့ မွတ်စလင်တွေအပေါ် ဦး တည်တိုက်ခိုက်မှုတွေကို စစ်တပ်နဲ့ သူရဲ့ ပါတီ USDP ကလုပ်နေခဲ့တာပါ။
၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ရာနိုင်ကြောင်း တစ်ခုအနေနဲ့ အဲဒီလို လှုံ့ဆော် မှုတွေကို သူတို့လုပ်ခဲ့ကြပါတယ်။ စစ်တပ်ရဲ့ ထောက်လှမ်းရေးဟာ ဗုဒ္ဓဘာသာ သံဃာ တော်တွေထဲကို နက်နက်ရှိုင်းရှိုင်းထိုးဖေါက်ထားခဲ့တာကြာပါပြီ။
မွတ်စလင်ဆန့်ကျင်ရေး၊ ရိုဟင်ဂျာဆန့်ကျင်ရေးမှာ ဘုန်းကြီးတွေဟာ အစွမ်း ထက်တဲ့ လက်နက်တွေ ဖြစ်လာခဲ့တာပေါ့။ ပညာသိပ်မတတ်တဲ့ အလွယ်တကူ လှည့်စားလို့ရတဲ့ ဗုဒ္ဓဘာသာ လူများစုကြီးထဲကို ( အမုန်းတရားက) အလွယ် တကူ ထိုးဖေါက်ဝင်ရောက်သွားတယ်။ ပြင်းထန်တဲ့ အမျိုးသားရေး အစွန်း ရောက် မဘသလှုပ်ရှားမှုကို ဘုန်းကြီးတွေက ဦးဆောင်တယ်။
စနစ်တကျဖွဲ့စည်းထားပြီး စစ်တပ်နဲ့ နီးတဲ့ ခရိုနီတွေက အထောက်အပံ့ ပေးကြ တယ်။ သူတို့တွေဟာ လပေါင်းများစွာလှုပ်ရှားကြတယ်။ ဆိုရှယ်မီဒီကို ထိထိ ရောက် ရောက်နဲ့ အောက်တန်းကျကျသုံးပြီး အမုန်း ဒေါသနဲ့ ကြောက်စိတ်တွေ ဖြန့်ဝေကြတယ်။
ဥရောပမှာ နိုင်ငံရေးအမြတ်ထုတ်ဖို့ မွတ်စလင်ဆန့်ကျင်ရေး၊ ရွှေ့ပြောင်း ခိုလှုံ လာသူတွေဆန့်ကျင်ရေး၊ ဆိုရှယ်မီဒီယာသုံးဝါဒဖြန့်ကြပုံတွေကို မြင်ယောင် ကြည့်လိုက်။ အဲဒါကို အဆ ၁၀၀ နဲ့မြောက်လိုက်ရင် မြန်မာပြည် အခြေ အနေပါပဲ။
ဒါဆိုရင် မြန်မာပြည်မှာ “အမျိုးဘာသာ သာသနာ ကာကွယ်ဖို့” မဖြစ်မနေ လိုတယ်ဆိုတဲ့ အကြောင်းအရာပေါ်မှာ လူတွေကို ဘယ်လိုစည်းရုံး ယူတယ် ဆိုတာကို နားလည်နိုင်လိမ့်မယ်။
အများကြိုက် အမျိုးသားရေး အာဏာရှင်စနစ်တည်ထောင်ဖို့ ဆာ့ဖ်လူမျိုး တွေကို မီလိုဆီဗစ် လှုံ့ဆော်ယူခဲတဲ့ လိုရာဆွဲလှည့်စား နည်းဗျူဟာနဲ့လည်း တထေရာတည်းပဲ။
မီလိုဆီဗစ်ဟာ ကိုဆိုဗိုက ဆာ့ဖ်- အယ်ဘေးနီးယား ပဌိပက္ခကို မီးထိုးပေးပြီး “ ဆာ့ဖ်လူမျိုးတွေတော့ အထိနာနေပြီ” ဆိုတဲ့အခြေအနေကို ကိုဆိုဗို၊ ခရိုအေး ရှား၊ ဘော့စနီးယားတွေမှာ ဖန်တီးယူခဲ့တာပဲ။ ချေချင်းညာအရေးကိုသုံးပြီး အစပိုင်းမှာ သူ့ကိုလူကြိုက်များအောင်၊ အာဏာချုပ်ကိုင်နိုင်အောင် ပူတင် လုပ်ခဲ့တဲ့ လှည့်စားနည်းအတိုင်းပဲလို့လဲပြောလို့ရတယ်။
လူထုကိုလှုပ်လှုပ်ရှားရှားဖြစ်အောင်လုပ်၊ လူထုအစုအဖွဲ့ထဲ ကြောက်စိတ် ဝင်အောင်လုပ်ပြီးတဲ့ စစ်တပ်ဟာ ရိုဟင်ဂျာရှင်းလင်းသုတ်သင်မှုကို ကျယ် ကျယ်ပြန့်ပြန့်စလုပ်တော့တယ်။ ဘယ်အချိန်မှာလုပ်တာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရဖြစ်လာတဲ့အချိန်။
သို့ပေမဲ့ လုံခြုံရေးနဲ့ ပဋိပက္ခတွေဖြစ်နေတဲ့ နယ်ခြားဒေသအရေးတွေကို သူတို့ ဘာမှပြောခွင့်ရှိတာတော့ မဟုတ်ဘူး။ စစ်တပ်မှာ ဂျီနိုဆိုက်နည်းနဲ့ ရှင်းလင်းဖို့ အစောကြီးထဲက အစီအစဉ်ရှိပြီးသား။ ပမာဏသေးသေးနဲ့ အရင်ကလည်း လုပ်ခဲ့ဖူးပြီးသား။ နိုင်ငံတကာက ပြင်းပြင်းထန်ထန်တုန့်ပြန်မှာ မဟုတ်ဘူးလို့ သိထားတဲ့ အချိန်ကျတော့ အခွင့်အရေးကို စစ်တပ်က သုံးလိုက်တာပဲ။
အနောက်နိုင်ငံတွေရော၊ မွတ်ဆလင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား တို့အပါအဝင် ဒေသတွင်း နိုင်ငံတွေဟာ မြန်မာပြည်အရေးမှာ ဆက်ပါချင်ကြ တယ်။
အကူးအပြောင်းကို ဆက်ပံ့ပိုးချင်တယ်။ ပထဝီနိုင်ငံရေး ဩဇာနဲ့ စီးပွါးရေး ဝေစုကို လိုချင်ကြတယ်ဆိုတာကို စစ်တပ်ကကောင်းကောင်း နားလည်ထား တယ်။ လူမျိုးစု သုတ်သင်ရှင်းလင်းမှုကို သုံးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အနောက် အုပ်စု ကွဲအောင်လည်း စစ်တပ်ကခွဲချင်တယ်။ သူတို့ရဲ့ အဲဒီရည်မှန်း ချက်က အောင်မြင်တယ်။
စစ်ဗိုလ်ချုပ်တွေမျော်လင့်တာက တချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရေးစံပြပုဂ္ဂိုလ်ဆိုတဲ့ သူရဲ့ နိုင်ငံတကာပုံရိပ်ကိုကာကွယ်ဖို့ မွတ်စလင် နဲ့ ရိုဟင်ဂျာတွေဘက်က ရပ်တည်တဲ့ စကားထွက်ပြောလိမ့်မယ်။
အဲဒီအချိန်က မြန်မာပြည်သူပမာဏ အတော်ကြီးကြီးဟာ မွတ်စလင် ခြိမ်း ခြောက် မှုက ကိုယ့်ဘေးပတ်လည်မှာလို့ လွဲလွဲမှားမှား ထက်ထက် သန်သန် ယုံကြည်နေတဲ့ အချိန်။
သူမသာ မူစလင်ဘက် ရိုဟင်ဂျာဘက်က ထွက်ပြောလိုက်ရင် ပြည်သူတွေ ကြားမှာ သူ့မရဲလူကြိုက်များမှုထိုးဆင်းသွားလိမ့်မယ်။ ပြည်တွင်းပြည်ပရန်နဲ့ အမျိုးဘာသာ ကာကွယ်ဖို့ဆိုပြီး သူမရဲ့အစိုးရကို ဖယ်ရှားဖို့ စစ်တပ်က အခွင့် အရေးရသွားမယ်။
လူတွေရဲ့ ရူးသွပ်ထိတ်လန့်မှုက အတော်ကိုမြင့်နေတဲ့ အချိန်မို့ စစ်တပ်ရဲ့ လုပ်ရပ်ကို လူထုအစိတ်အပိုင်း တစ်ရပ်ကထောက်ခံလိမ့်မယ်။ ဒါမှမဟုတ် ရှုပ်ထွေးနေတဲ့ ပြည်သူတွေဟာ ဘာမှမလုပ်ဘဲ ငြိမ်နေလိမ့်မယ်။ ဒေါအောင် ဆန်းစုကြည်ဟာ အဲဒီထောင်ချောက်ကို ရှောင်နိုင်ခဲ့တယ်။
နိုင်ငံရေးလက်တွေ့ကျမှု တခုတည်းကြောင့် ထောင်ချောက်ကို ရှောင်နိုင်ခဲ့ တာတော့မဟုတ်ဘူး။ သူမကိုယ်တိုင်ဟာလည်း ဗမာ ဗုဒ္ဓအမျိုးသား ရေးဝါဒီ ပဲမဟုတ်လားလို့ ထောက်ပြဖို့လိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ သူမဟာ စစ်ဗိုလ်တွေထက်စာရင် အများကြီးပျော့ပြောင်းတဲ့ အမျိုးသားရေးဝါဒီပါ။
စစ်ဗိုလ်တွေဟာ သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်အတွက် အရပ်သား ပြည်သူ တွေကို ပစ်မှတ်ထားဖို့၊ နှိပ်စက်ဖို့၊ တစ်ရွာလုံးမီးရှို့ဖျက်ဆီးဖို့၊ အတင်းအကျပ်
ရွှေ့ ပြောင်းတာတွေလုပ်ဖို့ စနစ်တကျသင်ကြားထားတဲ့ သူတွေပါ။ ဒေါ်အောင် ဆန်းစုကြည်ဟာ ရှေးရိုးစွဲဘက်ယိမ်းတဲ့ အမျိုးသားရေးဝါဒီ။ သို့သော်လည်း သူမဟာ နိုင်ငံရေးကို အမှန်ယုံကြည်သူ၊ စစ်ရေးနဲ့မဟုတ်ဘဲ တရား ဥပဒေ လမ်း ကြောင်းနဲ့ သွားချင်သူပါ။
စစ်တပ်ဟာ မွတ်စလင်ဆန့်ကျင်ရေးစိတ်ဓါတ်ကို တိုင်းပြည်ထဲမှာ ရည်ရွယ်ချက်ရှိရှိဖန်တီးခဲ့တယ်။ အဲဒီနောက် ရိုဟင်ဂျာတွေကို သုတ်သင်ရှင်းလင်းခဲ့တယ်။ စစ်တပ်ရဲ့ လုပ်ရပ်တွေမှာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ပြစ်မှု နဲ့ ဂျီနိုဆိုက်လုပ်ရပ်တွေ အကြိမ်ကြိမ်ပါခဲ့တယ်။ ဒီအချက်ကို ရှင်းရှင်းလင်းလင်းမြင်ဖို့လိုတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြုအမူနဲ့ တုံ့ပြန်ပုံအပေါ် စိတ်ပျက်တာနဲ့ တကယ့်လက်သည်တရားခံ ပျောက်နေလို့မရဘူး။ တချိန်ထဲမှာ တစိတ်တပိုင်းအားဖြင့် သူမရဲ့ နိုင်ငံရေးတွက်ကိန်းနဲ့ တစိတ်တပိုင်းအားဖြင့် သူမကိုယ်တိုင် ဗမာဗုဒ္ဓအမျိုးသားရေးဝါဒီဖြစ်နေတာတွေက စစ်တပ်ရဲ့ လုပ်ရပ်ကို ကာပေး၊ ကာကွယ်ပေး၊ဆင်ခြေပေးရာရောက်ခဲ့တယ်။ ဒီအတွက် သူမကို ဝေဖန်အပြစ်တင် တင်ခဲ့ကြတာဟာလည်း နည်းမှန်လမ်းမှန်ဖြစ်တယ်။
သူမကို အမှတ်ပေးစရာတော့ရှိပါတယ်။ သူမဟာ ဖိနှိပ်ညှင်းဆဲ ခံရိုဟင်ဂျာ တွေကို ကာကွယ်ပေးဖို့ အာဏာရပြီးနောက်ပိုင်းမှာလည်း လူသိရှင်ကြား မရပ်တည် ပေးခဲ့ဘူး။ သူမရဲ့ အစိုးရနဲ့ NLD ဟာ အမုန်းနဲ့ အကြောက် ဝါဒဖြန့်မှု တွေရဲ့ အရှိန်လျော့အောင် ဘာမှမလုပ်ခဲ့ဘူး။
သို့ပေမဲ့ အများစု ပြည်သူရဲ့ စိတ်အတွေးတကယ်ပြောင်းလာခဲ့တယ်။ အမျိုး ဘာသာ သာသနာဆိုတာ လူထုရဲ့ ဘာသာတရားအပေါ်လေးမြတ်မှုကို စစ် တပ်က လှည့်စားအမြတ်ထုတ်တာပဲလို့ သူ့အရှိအတိုင်း စမြင်လာကြတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကြီးထဲမှာ အလွန်လူကြိုက်များတုန်းပါ။ သူမကြောင့် NLD ဟာ ၂ ကြိမ်တိုင် သောင်ပြို ကမ်းပြိုနိုင်ခဲ့တယ်။ ( ၁၉၉၀ ပါထည့်တွက်ရင် ၃ ကြိမ်)။
လုပ်ကြံခံရတဲ့ လွတ်လပ်ရေးဖခင်ရဲ့ သမီးဖြစ်လိုကျော်ကြားတာလဲပါတယ်။ လူထုကို ဂရုစိုက်တဲ့ ရဲရင့်တဲ့ အနစ်နာခံတဲ့ “ အမေစု” နဲ့ “ ကောင်းမြတ်တဲ့ ဘုရင်မ” ဆိုတဲ့ ပုံရိပ်နှစ်ခုပေါင်းကြောင့် လူချစ်တာလည်းပါတယ်။
အရေးအကြီးဆုံးက သူမရဲ့ အစိုးရအောက်မှာ ပြည်သူ့ဘဝတွေ တိုးတက် လာခဲ့ တယ်။ နှေးတော့ အလွန် နှေးတယ်။ ဒါပေမဲ့ လမ်းကြောင်းပေါ်မှာလို့ ခံစားကြ ရတယ်။ စီပွါးရေး လမ်းပွင့်လို့တင်မဟုတ်ဘူး။ သူ့အစိုးရက လူတွေရဲ့ ပညာရေး ကျန်းမာရေးကို အမှန်တကယ် စိတ်ဝင်စားခဲ့တယ်။ အခြေခံအဆောက်အအုံ၊ လယ်သမား တွေအတွက်ချေးငွေ စတာတွေ လုပ်ပေးခဲ့တယ်။
စစ်ဗိုလ်တွေဟာ ပြည်သူ့ဘဝအရေးကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး။ စစ်ဗိုလ်တွေဟာ လူထုကို ခြိမ်းခြောက်မှုလို့ပဲမြင်တယ်။ စစ်တပ်ဟာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ နှစ်မျိုးပဲရှိတယ်လို့ ယူဆတဲ့သူတွေ။ အုပ်ချုပ်သူက အခွင့်ထူးခံမယ်။ တင်းတင်းမာမာလုပ်မယ်။
အုပ်ချုပ်ခံက နာခံရမယ်။ ခိုင်းတာလုပ်ရမယ်။ ဒီလိုပဒေသရာဇ် လူ့အဖွဲ့ အစည်း ကိုပဲ စစ်ဗိုလ်တွေသိတယ်။ တဘက်မှာ NLD က အမြဲတမ်း လူထုပါတီပဲ။ လူထုထောက်ခံမှုပေါ်မှာသာ အမြဲ မှီတည်နေရကြောင်း သိကြတယ်။
စစ်ဗိုလ်တွေဟာ အရပ်သားတွေကို ဇာတ်နိမ့်တွေလို အမြဲတမ်း သဘောထား တယ်။ အရပ်သားဆိုတာ နာခံရမယ်။ စစ်တပ်ကို ဝန်ဆောင်မှုပေးရမယ်။ လိုအပ် ရင် ဖိနှိပ်တာ၊ ဖျက်ဆီးတာကိုလည်းအရပ်သားတွေ ခံရမယ်။
NLD ခေတ်မှာ နိုင်ငံနဲ့ အစိုးရဟာ လူထုကို အမှန်တကယ် ဝန်ဆောင် ပေးဖို့ ကြိုးစားတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ဗိုလ်တွေရဲ့ အုပ်ချုပ်ပုံကို ယှဉ် ကြည့် ပြီး လူထုထဲမှာ နက်နက်ရှိုင်းရှိုင်းပြောင်းလာတယ်။
နောက်ထပ်အရေးကြီးတဲ့ ကွာခြားချက်က ၁၉၉၀ ကျော်ကာလက စလို့ စစ်ဗိုလ်တွေကို သူဌေးဖြစ်ရေးဆိုတဲ့ လောဘကပဲ အဓိကမောင်းနှင်တယ်။ အာဏာနဲ့ ငွေကြေး လက်ဝါးရိုက် ကြီးစိုးတဲ့ လက်ဝါးကြီးအုပ် အရင်းရှင် စနစ် အောက်မှာ စစ်ဗိုလ်နဲ့ သူတို့မိသားစုတွေ မတန်တဆ ချမ်းသာလာကြတယ်။ သူတို့တွေဟာ စီးပွါးရေးနဲ့ ငွေကြေးကိုပဲ စိတ်ဝင်စားတယ်။ စည်းနဲ့ ကမ်းနဲ့ စီးပွါးရေးလုပ်တာတော့ မဟုတ်ဘူး။
နိုင်ငံရေး ကော စီးပွါးရေးကိုရော ထိန်းထားပြီး အကျင့်ပျက် လက်ဝါးကြီးအုပ် နည်းလမ်းတွေနဲ့ ချမ်းသာအောင်လုပ်ကြတာ။ သယံဇာတကြွယ်ဝတဲ့ နိုင်ငံမှာ နက်ရှိင်းတဲ့ အကျင့်ပျက် စနစ်ကြီးကို တည်ထောင်ပြီး အကြီးအကျယ် အကျင့် ပျက်ကြ၊ အမြတ်ထုတ်ကြတယ်။
စစ်အာဏာရှင် စနစ်ဆိုတဲ့ ကန့်လန့်ကာနောက်မှာ ခိုးဝှက်လုယက် အမြတ် ထုတ် စနစ်ကြီးကိုတည်ဆောက်ထားခဲ့ကြတယ်။ နောက်ပိုင်းကျတော့” စည်း ကမ်း ပြည့်ဝသော ဒီမိုကရေစီသို့ အကူးအပြောင်း” ဆိုတဲ့ ကန့်လန့် ကာနောက် မှာ ဆက်အကာအကွယ်ယူကြတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အတော်ကွဲပြားတယ်။ သူမမှာ အတော်အား ကောင်း တဲ့ ခြိုးခြံချွေတာရေး တန်ဖိုးနဲ့ စရိုက်ရှိတယ်။ သူမရဲ့အကျင့်ပျက်မှု ဆန့်ကျင်ရေး ရပ်တည်ချက်က NLD ကိုလွှမ်းမိုးမှုကြီးတယ်။ စစ်ဗိုလ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကွဲပြားမှုကို ပြည်သူတွေမြင်ကြတယ်။
အာဏာသိမ်းတာ၊ လူထုကဆန့်ကျင်တာနဲ့ လက်ရှိဖြစ်ရပ်တွေအပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ ပြောင်းလဲနေပြီလို့ထင်တယ်။ လက်ရှိ မှာ သူမကို အချုပ်ချထားတယ်။ ထောင်ဒဏ်အရှည်ကြီးတွေ ချမဲ့ပုဒ်မ တွေနဲ့ တရားစွဲထားတယ်။
စစ်အာဏာရှင်တွေ ရှိနေသရွေ့တော့ အချုပ်နဲ့ ဆက်ရှိပြီး (ပါတီခေါင်း ဆောင်တွေ၊ လှုပ်ရှားမှုခေါင်းဆောင်တွေ၊ လူထုတွေ ) ဘယ်သူနဲ့မှ ဆက်သွယ် ပြောဆိုလို့ မရဖို့ပဲရှိပါတယ်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အရိုးထဲကနေကို မနာလို မုန်းတီးပါတယ်။
အရင်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရရင် အာဏာရှင် ဆန့် ကျင် ရေး ဗမာလူမျိုးတွေရဲ့ လှုပ်ရှားမှုဟာ ရပ်တန့်သွားတာပါပဲ။ ပါတီရော ထောက်ခံသူတွေရော လူထုရောဟာ မျော်လင့်ချက် အလုံးစုံကို သူမအပေါ်မှာ ပုံထားကြတယ်။ သူမဟာ အာဏာရှင်ကို တန်ခိုးစွမ်းအားတခုခု တနည်းနည်းနဲ့ ဖြိုချမှာပဲလို့ မျော်လင့်ခဲ့ကြတယ်။
ဒီတကြိမ်မှာတော့ အဲဒီလိုမဟုတ်တော့ဘူး။ သူမကို ဖမ်းဆီးခြင်း အားဖြင့် စစ်အာဏာရှင်တွေဟာ တကိုယ်တော် ဆုံးဖြတ်ချက် ချတတ်တဲ့ ခေါင်းဆောင် တယောက်ကို ဖယ်ရှားပေးလိုက်တာပဲ။ အများနဲ့ တွဲလုပ် အများနဲ့ ဆုံးဖြတ်မယ့် ခေါင်းဆောင်တွေပေါ်လာအောင် နေရာဖန်တီးပေးလိုက် သလို တောင် ဖြစ်တယ်။
စွမ်းရည်သစ်တွေနဲ့ ခေါင်းဆောင်မှု အသစ်ပေါ်ဖို့ အလွန်လိုအပ်နေတာမို့ ဒါဟာ ကြီးမားတဲ့ အပြောင်းအလဲဖြစ်ပါတယ်။ ခေါင်းဆောင်တွေကို ဖယ်ရှားရုံနဲ့ စစ် တပ် ဟာ လူထုလှုပ်ရှားမှုကို ရပ်တန့်အောင် မလုပ်နိုင်တော့ဘူး။ ခေါင်းတစ် လုံးဖယ်ရှားပစ်ရင် ခေါင်းများစွာပေါ်ထွက်နေတဲ့ ဆန့်ကျင်ဘက် အခြေအနေကို စစ်တပ်က ဖန်တီးပေးသလိုတောင် ဖြစ်နေတယ်။
စစ်တပ်ဟာ ခေါင်းအကုန် လိုက်ဖြတ်လို့တော့ မရနိုင်ဘူး။ တယောက်ယောက် ကို ဖမ်းတိုင်း သတ်တိုင်းမှာ နောက်လူတွေ နောက်အဖွဲ့တွေပေါ်လာနေတာပဲ။ ဒီအခြေအနေဟာ စစ်တပ်က လူထုတရပ်လုံးအပေါ် အကြမ်းဖက်စစ်ပွဲ ဆင်နွဲတာ ခံနေရတဲ့ နိုင်ငံမှာ တကယ့်မျော်လင့်ချက်လို့လည်းဆိုနိုင်ပါတယ်။
ဓာတ်ပုံ- ၂၀၁၅ ရွေးကောက်ပွဲကာလ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ် စည်းရုံးရေးခရီးစဉ်။ Photo- AFP။