30 C
Yangon

ဒေသPDF များအသုံးပြုနေသည့် စျေးပေါသည့် ထိုင်းနှင့်တရုတ်လုပ် ဝေါ်ကီ တော်ကီ များကို စစ်တပ်ဘက်က အသံ လှိုင်းဖမ်းယူနိုင်သဖြင့် သတင်း ပေါက် ကြားနိုင်၊ စကားဝှက်များ တီထွင် အသုံးပြုကြရန် NUG ဆက်သွယ်ရေးဝန်ကြီး သတိပေးတိုက်တွန်း

Must read

By ရန်ကုန်ခေတ်သစ်

ဒေသကာကွယ်ရေး PDF များအသုံးပြုနေသည့် ထိုင်းနှင့်တရုတ်လုပ် ဝေါ်ကီ တော်ကီ များကို စစ်တပ်ဘက်က အသံလှိုင်းဖမ်းယူနိုင်သဖြင့် သတင်း ပေါက် ကြားနိုင်၊ စကားဝှက်များ တီထွင် အသုံးပြုကြရန် NUG ဆက်သွယ်ရေးဝန်ကြီး ဦးထင်လင်းအောင်က တိုက်တွန်းပြောဆိုလိုက်သည်။

NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ ဝန်ကြီးဦးထင်လင်းအောင်တို့ရဲ့ ဆက်သွယ်ရေး၊ သတင်းအချက် အလက်နဲ့ နည်းပညာဝန်ကြီးဌာနအနေနဲ့ ဒီနွေဦးတော်လှန်ရေးမှာ NUG အစိုးရရဲ့ ဝန်ကြီးဌာနတခုအနေနဲ့ ဘာတွေလုပ်ဆောင်နေလဲ၊ ဘယ်လိုမျိုးကဏ္ဍတွေခွဲထားပြီး ဆောင်ရွက်နေလဲဆိုတာ ရှင်းပြပေးပါ။

ဖြေ။ ။ ကျနော်တို့ဝန်ကြီးဌာနကကတော့ စပြီးတော့ ဖွဲ့ကတည်းကပေါ့ဗျာ၊ နာမည်အတိုင်းပေါ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ ဆိုတော့ ဆက်သွယ်ရေးကဏ္ဍကို ပါပြီးတော့ ဝင်ပြီးတော့ လုပ်ဆောင် နေရတာတွေ ရှိတယ်၊ တာဝန်ယူထားရတယ်။

နောက်တခါ သတင်းအချက်အလက်လို့ ပြောလို့ရှိရင် ဒါက မီဒီယာကဏ္ဍ၊ Public Relations နဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ လူထုကို အသိပေးရမယ့်ကိစ္စတွေ၊ ထုတ်ပြန်ချက်တွေပိုင်းမှာလည်း ကျနော်တို့က တာဝန်ယူပြီး လုပ်ဆောင် ပေးတယ်။ နောက်တခါ နည်းပညာကဏ္ဍပေါ့၊ နည်းပညာကဏ္ဍက ပိုပြီးတော့ ကျယ်ပြန့်တာပေါ့နော်၊ နည်းပညာကဏ္ဍက ဆက်သွယ်ရေးကဏ္ဍနဲ့ ပြန်ပူးပေါင်းပြီးတော့ လုပ်ဆောင်ရတာတွေလည်း ရှိတယ်။

နည်းပညာလို့ ပြောလို့ရှိရင် ကျနော်တို့ တော်လှန်ရေးမှာတော့ IT တစ်ခုတည်း မဟုတ်တော့ဘဲနဲ့ နည်းပညာပေါင်းများစွာပေါ့၊ Electronic နဲ့ ပတ်သက်တဲ့ နည်းပညာတွေ၊ Electrical နဲ့ပတ်သက်တဲ့ နည်းပညာတွေ၊ နောက်တခါ ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ နည်းပညာတွေ။ ဒါတွေအားလုံးကတော့ နည်းပညာဌာနနဲ့ ပြန်ပူးပေါင်းပြီးတော့ ဆက်သွယ်လုပ်ဆောင်နေတဲ့ ကဏ္ဍ တွေ ရှိတာပေါ့နော်။

ဆိုတော့ အဲဒီလိုကဏ္ဍကြီး ၃ ရပ်နဲ့ ဆောင်ရွက်နေတာ ရှိပါတယ်။ ဒီကဏ္ဍ တွေအားလုံးအတွက် စီမံရေးရာဌာနဆိုပြီးတော့ အခုဆို ဌာန ၄ ခု ဖွင့်ပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။ လတ်တလော မနေ့ တနေ့ကပဲ ဌာနကြီး တစ်ခု ထပ်ဖွင့်လှစ်ထားတာရှိပါတယ်၊ Bureau of Strategic Communications (ဆက်သွယ်ရေးမဟာဗျူဟာ) ဌာနဆိုပြီးတော့။

ဒီဌာနက ဌာနအသစ်ဖြစ်တယ်၊ ဆက်သွယ်ရေး သတင်းမီဒီယာကဏ္ဍကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် နိုင်အောင်ဆိုပြီးတော့ ဒီကဏ္ဍကို ထပ်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အခုဆိုရင် ဌာနကြီး ၄ ခုအပြင် ဌာနအသစ်တစ်ခုကို ဖွင့်လှစ်ထားတာပေါ့လေ။

မေး။ ။ အခု စစ်ကောင်စီက စစ်ကြောင်းထိုးနေတဲ့ စစ်ကိုင်းတို့ မကွေးတို့မှာ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာရှိတယ်၊ အဲဒီ အပေါ် မှာရော ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုမျိုးတွေ ပံ့ပိုးဆောက်ရွက်နေတာရှိလဲ။

ဖြေ။ ။ ဆက်သွယ်ရေးကဏ္ဍကတော့ လောလောဆယ်မှာ အခက်အခဲ အဖြစ် ဆုံးနဲ့ အလိုအပ်ဆုံးကဏ္ဍ ဖြစ်နေတာပေါ့ဗျာ၊ အဲဒီကဏ္ဍအတွက်ကို ကျနော် တို့က မနှစ်ကတည်းက ဆက်သွယ်ရေးဟာ လိုအပ်ချက် ဖြစ်တယ် ဆိုတာကို ကျနော်တို့ ကြိုပြီးတော့ မြင်တယ်၊

ကျနော်တို့အနေနဲ့ ဒီဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ အင်တာနက်တွေ ဖြတ် တောက်တော့မယ်၊ တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်တော့မယ် ဆိုတာကို ကျနော်တို့ ကြိုပြီးတော့ မှန်းဆလို့ ရခဲ့တယ်ပေါ့နော်။

အဲဒီကတည်းက ကျနော်တို့ အနေနဲ့ အင်တာနက်နဲ့ ပတ်သက်တဲ့ Internet Terminal တွေ၊ Internet Satellite Terminal တွေ၊ အဲဒီလိုမျိုး ပစ္စည်း တွေပေါ့နော်၊ ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းလို့ပဲ ကျနော် ဒီနေရာမှာ ခြုံပြီးတော့ ဖြေပါရစေ၊ ဘယ်ပစ္စည်းတွေဆိုတာ ဖြေရတာက ကျနော်တို့ လုံခြုံရေးအတွက်က မကောင်းဘူးပေါ့နော်။

အဲဒီလိုပစ္စည်းတွေကို ကျနော်တို့အနေနဲ့ တင်သွင်းခဲ့တာ ရှိတယ်၊ ဖြန့်ဝေခဲ့တာ ရှိတယ်။ တချို့သော ဆုံးရှုံးမှုတွေလည်း ဖြစ်တာပေါ့ဗျာ၊ လမ်းမှာ ဒီပစ္စည်း တွေကို စစ်ခွေးတွေဘက်က တားဆီးတာ၊ ဖြတ်တောက်တာလိုမျိုး အခက် အခဲတွေတော့ ကျနော်တို့ ကြုံရတာတွေ ရှိပါတယ်။

ဒါပေမယ့်လည်း အချို့သောဒေသတွေမှာတော့ ဒီပစ္စည်းတွေ ရောက်ပြီးတော့ ကျနော်တို့နဲ့ ပြန်ချိတ်ဆက်ပြီးတော့ အသုံးပြုနေနိုင်တဲ့ ဒေသတွေလည်း တော် တော်များများရှိပါတယ်။ ဒါကြောင့်မို့လည်း တချို့နေရာတွေမှာ အဆက် အသွယ်မပြတ်ဘဲ ကျနော်တို့နဲ့ ပြန်ပြီး ဆက်သွယ်လို့ ရနေတဲ့ ကိစ္စတွေ ဖြစ်နေတာပေါ့နော်။

မေး။ ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ္စည်းတွေ ပို့တာတွေလိုမျိုး အချို့ကိစ္စတွေမှာ စစ်ကောင်စီဘက်က သိပြီး ကြားဖြတ်နိုင်တာမျိုး၊ ဟိုတရက် က ပွင့်ဖြူမှာ ဖြစ်တဲ့ ကိစ္စမျိုးပေါ့။ အဲဒီလိုဖြစ်ရပ်မျိုးက ဆက်သွယ် ရေးအားနည်းတာလား၊ တခုခုကြောင့်လား ဝန်ကြီးအနေနဲ့ ဘယ်လိုများ သုံးသပ်မိလဲ။

ဖြေ။ ။ ကျနော်တို့ဆီမှာ ရထားတဲ့ သတင်းအချက်အလက်အရဆိုရင်တော့ ဆက်သွယ်ရေးကဏ္ဍကနေပြီးတော့ ကျိုးပေါက်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ယူဆမိပါတယ်။ ဘာဖြစ်လို့လဲလို့ ပြောရင် အချို့သောဒေသတွေမှာကျတော့ ကျနော်တို့ ပေးထားတဲ့ စက်တော့မဟုတ်ဘူးပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့လည်း လောက်ငှအောင် မပေးနိုင်ဘူး၊

အဲလိုဆိုတော့ ဒေသခံတွေအနေနဲ့ သူတို့ရဲ့ ဘတ်ဂျတ်နဲ့ ကိုက်ညီတဲ့ စနစ်တွေ၊ စက်တွေကို ဝယ်ယူသုံးစွဲရတာရှိတယ်။ အဲဒီအခါမှာ တရုတ်နဲ့ ထိုင်းဘက်က လာတဲ့စက် ပွင့်ပွင့်လင်းလင်းပြောရရင် ဝေါ်ကီတော်ကီ ပေါ့ဗျာ။

ဝေါ်ကီတော်ကီတွေ သုံးရတဲ့အခါမှာ Frequency (လှိုင်း) တွေက Open ဖြစ်နေတာတွေပေါ့နော်၊ နောက်တခါ အဲဒီစက်တွေထဲမှာ Encryption လို့ခေါ်တဲ့ ပြောတဲ့စကားလုံးတွေကို ပြောတဲ့စကားအတိုင်း သူက Transmit လုပ်တာပေါ့ ဟိုဖက် ဒီဖက်။ အဲလိုအခါမှာ ကြားထဲက ဖြတ်နားထောင်လို့ ရနေတဲ့ အနေအထားမျိုးတွေ ရှိတယ်။

ဆိုတော့ အဲဒီလို ပြောတဲ့အခါမှာ ကျနော်တို့က သတိထားစေချင်တာပေါ့၊ ဘယ်သူမဆို ကြားထဲက ဖြတ်နားထောင်လိုက်လို့ ရှိရင် ဘယ်နေရာမှာ ဘယ်သူက ဘာပြောနေတယ်ဆိုတာကို တန်းပြီးတော့ သိနိုင်တဲ့ အနေ အထားမျိုး အန္တရာယ်ရှိနိုင်တာပေါ့။

ဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ PDF တွေ၊ Local PDF တွေ၊ နောက် တိုက်ပွဲဝင်နေတဲ့ ဘယ်သူ့ကိုမဆို အသိပေးချင် သိစေချင်တာက ဒီလိုမျိုး စက်တွေ သုံးတော့မယ်ဆိုရင် သူတို့သည် Encryption မပါဘူး၊ Scrambling လို့ခေါ်တဲ့ စကားလုံးတွေကို ရောမွှေလိုက်တာတို့၊ အဲလိုမျိုးတွေ မပါတဲ့ အခါကျတော့ Security System (လုံခြုံရေးစနစ်) မပါဘူးလို့ အလွယ်ပြောကြပါတယ်။

အဲဒီလို ပြောရင် ပြောတဲ့အတိုင်း ကြားနေရတော့ အဲဒါမျိုးကို ပြောတဲ့အခါကျရင် စကားဝှက်တွေ သုံးပါပေါ့နော်။ အဲလိုဆိုရင်တော့ ပိုပြီး သင့်တော်မယ်၊ ကိုယ့်ရဲဘော်တွေအတွက် ပိုပြီးတော့ လုံခြုံတာပေါ့နော်၊ အဓိကတော်တော်ကျတယ်၊ ဆက်သွယ်ရေးကဏ္ဍက ဒီနေရာမှာ အဓိက တော်တော်ကျတဲ့ အနေအထားမျိုး ကျနော်တို့ တွေ့လာရတယ်။ ဒီဟာကို အရမ်းသတိထားပါမှ ကျနော်တို့ ရဲဘော်တွေရဲ့ လုံခြုံရေးက ပိုပြီး စိတ်ချရမယ်လို့ ကျနော့် အနေနဲ့ အကြံပေးချင်ပါတယ်ဗျာ။

မေး။ ။ ဒီလို ဆက်သွယ်ရေးနဲ့ နည်းပညာပိုင်းမှာ အခြားနိုင်ငံတွေက ကူညီပေးတာမျိုးရော ရှိလား။

ဖြေ။ ။ နိုင်ငံတကာက တိုက်ရိုက်ကူညီပေးတာမျိုးတော့ မရှိသေးပါဘူး လောလောဆယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့မှာက နိုင်ငံတကာက ကူညီလားလို့ ပြောလို့ရှိရင် ကျနော်တို့ရဲ့ နိုင်ငံတကာမှာရောက်နေတဲ့ ပညာရှင်တွေထဲမှာ ရေဒီယိုနဲ့ ပတ်သက်တာ၊ ဆက်သွယ်ရေးနဲ့ ပတ်သက်တာ အဲဒီလို ပညာရှင်တွေ ဝိုင်းကူနေတာတော့ ရှိပါတယ်။ သူတို့ အကူအညီနဲ့ပဲ ကျနော်တို့က ဒါတွေကို အသုံးချနေတာပေါ့နော်။

ဆိုတော့ နည်းပညာခေတ်ကြီးမှာတော့ သိပ်တော့ မရှားတော့ဘူးပေါ့နော်၊ ပညာရှင်တွေလည်း သိပ်တော့ မရှားတော့ဘူး၊ တကယ့်ကို ထဲထဲဝင်ဝင် ဝိုင်းကူနေတဲ့ ပညာရှင်တွေရဲ့ အင်အားနဲ့ပဲ ကျနော်တို့က အခု နည်းစနစ်တွေကို စပြီးတော့ ဖြန့်ဝေနေပြီဆိုတာတော့ ကျနော် ပြောပြလို့ ရပါတယ်။

မေး ။ ။ ဒီဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနအနေနဲ့ ကိုယ့်ဘက်က PDF တွေဘက်က သတင်းအချက်အလက်တွေ မကျိုးပေါက်အောင် တားဆီးကာကွယ်ရတာ အပြင် စစ်ကောင်စီဘက်က အချက် အလက်တွေကို စုံစမ်းထောက်လှမ်းတာ ရှိတယ်လို့ သိရတယ်။ အဲဒီအပေါ်မှာ ဘာတွေများ လုပ်ဆောင်ထားတာရှိလဲ၊ ဘယ်လောက်ထိ ခရီးတွင်နေပြီလဲ။

ဖြေ။ ။ ဟုတ်ကဲ့ ဒီဟာက ကျ‌နော် တော်တော်ကို ပြောပြချင်တာဗျာ၊ ဘာဖြစ်လို့လဲဆိုတော့ လူထုကို အားတက်အောင်၊ ကျနော်တို့ရဲ့ တော်လှန်ရေးမှာလည်း ပါဝင်နေတဲ့ တော်လှန်ရေး မိသားစုတွေလည်း ကြားရအောင် ကျနော် ပြောပြချင်တဲ့ ကဏ္ဍတွေတော့ ရှိတယ်၊

ဒါပေမယ့် လုံခြုံရေးအရပေါ့နော် ကျနော်တို့ ဘယ်လောက်ထိ အောင်မြင်နေတယ်၊ ဘယ်လိုလုပ်နေတယ် ဆိုတာမျိုးတွေ ပြောပြဖို့တော့ အင်မတန် ခက်ပါတယ်။ ဒါပေမယ့် အဲဒါမျိုးတွေကိုလည်း ကျနော်တို့ လုပ်ဆောင်နေတာတွေ ရှိပါတယ်လို့ပဲ ပြောချင်ပါတယ်။ ကျနော်တို့ရဲ့ နည်းပညာဌာန၊ Communication ဌာနမှာ၊ ဆက်သွယ်ရေးဌာနမှာတော့ ဒီကဏ္ဍကို ကျနော်တို့က ထောက်လှန်းရေးကဏ္ဍဆိုပြီးတော့ သီးသန့်ဖွင့်ပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်၊ အဲလောက်ပဲ ကျနော် ဖြေပါရစေ။

မေး။ ။ အခု အမျိုးသားညီညွတ်ရေးအစိုးရက နောက်ဆုံး ဆောက်ရွက်နေတဲ့ NUG pay တို့ CDM စစ်သားတွေ ရဲတွေရဲ့ ပြည်သူ့ရင်ခွင်တို့ အဲလိုကိစ္စတွေမှာ ဘာလိုများ ကူညီလုပ်ဆောင်နေလဲ။

ဖြေ။ ။ IT နဲ့ ပတ်သက်လာရင်တော့ ကဏ္ဍတော်တော်များများကို ကျနော်တို့ ဌာနကပဲ တာဝန်ယူထားတယ်လို့ ဖြေရမှာပေါ့ ခြုံငုံပြီးတော့ ဖြေမယ်ဆိုရင်ပေါ့။ ဥပမာ Bond ရောင်းတဲ့ ကိစ္စတွေမှာဆိုရင် IT နဲ့ပတ်သက်တဲ့ ကဏ္ဍအားလုံးကို ကျနော်တို့ဘက်က တာဝန်ယူပေးထားတာ ရှိတယ်။

အချက်အလက် သိမ်းဆည်းတာကစလို့ပေါ့နော်၊ နောက် ကျနော်တို့ရဲ့ အချက်အလက်တွေကို encrypt လုပ်တာ၊ နောက်ပြီး Data တွေကို ပြန်ပြီးတော့ ဒီ Bond သည် စစ်မှန်လား မစစ်မှန်လား ပြန်ပြီး Scan လုပ်ပြီး စစ်ဆေးတာ၊ အဲဒါမျိုးတွေကစပြီးတော့ ကျနော်တို့ဘက်က ကိုယ်ပိုင်ရေးထားတဲ့ ပရိုဂရမ်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ထားတာတွေ ရှိပါတယ်။

NUG pay ဆိုရင်လည်း ကျနော်တို့ ဆီကနေ အကြံဉာဏ်ပေးထာမျိုး ရှိပါတယ်၊ MOPFI (စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှူဝန်ကြီးဌာန) ဘက်ကပဲ NUG pay ကို အစအဆုံး ဆောင်ရွက်တာပါ၊ ကျနော်တို့က အကြံဉာဏ်ပေးတာတို့၊ လုံခြုံရေးပိုင်းမှာ ဝင်ပြီး လုပ်ပေးတာမျိုး ရှိပါတယ်။

နောက် Data ပိုင်းမှာဆိုရင် အခြားသော ဝန်ကြီးဌာနတွေရဲ့ ဒေတာတွေ ကောက်ယူတာ၊ နောက်တခါဆို MOHAI (ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန)၊ MOPFI (စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှူဝန်ကြီးဌာန)၊ ပညာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထဲရေး အစရှိသဖြင့် သူတို့ရဲ့ Data တွေကိုလည်း ကျနော်တို့ ထိန်းသိမ်းပေးထားတာရှိတယ်။ နောက် ပြည်သူ့ရင်ခွင်လိုဟာမှာ Data Dashboard လိုဟာပေါ့နော်၊

ပြည်သူ့ရင်ခွင်ကို ပူးပေါင်းလာတဲ့ CDM စစ်သားတွေ၊ ရဲတွေရဲ့ Data အချက်အလက်တွေကိုလည်း ကျနော်တို့က လုံခြုံစိတ်ချရအောင် သေချာ သိမ်းထားပေးတဲ့ ကဏ္ဍတွေပေါ့နော်၊ အဲလို IT ကဏ္ဍတော်တော်များများမှာတော့ ကျနော်တို့ ပါတယ်လို့ပဲ ပြောရမှာပေါ့။ နောက် ပညာရေးရဲ့ အွန်လိုင်းပညာရေးပဲ ဆိုဆို ဒီလိုကိစ္စတွေမှာ ကျနော်တို့ အစအဆုံး ဝင်လုပ်ပေးနေတာ ရှိပါတယ် ခင်ဗျ။

မေး။ ။ ဒီ Bond ရောင်းချတဲ့ အချက်အလက်၊ ပြည်သူ့ရင်ခွင်ကလို ဒေတာ အချက်အလက်တွေက တော်တော်ကို အရေးကြီးပါတယ်၊အခုလို Bond ရောင်းချတာလိုမျိုး၊ ပြည်သူ့ရင်ခွင်လိုဟာမျိုးက ဒေတာအချက်အလက်တွေကို စစ်ကောင်စီဘက်က ခိုးယူတာမျိုး၊ နှောင့်ယှက် တိုက်ခိုက်တာမျိုး ရှိလား။ ဝန်ကြီးဌာနအနေနဲ့ ဘယ်လို ဟန့်တားထားလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့ Security Team က တော်တော် Strong ဖြစ်တယ်လို့ ပြောရမယ်၊ ကမ္ဘာ့အဆင့်ကို မှီတယ်လို့ ပြောရမှာပေါ့။ ဒီ Security Team ကပဲ ကာကွယ်ထားတာပေါ့၊ အဲဒီ ဒေတာတွေအားလုံးကို ကျနော်တို့ ကိုယ့်ပိုင်ရေးထားတဲ့ စနစ်နဲ့ သွားထားတာဆိုတော့ အပြင်လူတယောက်အနေနဲ့ ဝင်ပြီးတော့ Hacking လုပ်တာပေါ့နော်၊

အပြင်လူတယောက်အနေနဲ့ ဝင်ပြီးတော့ နှောင့်ယှက်ဖို့၊ ခိုးယူဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါတယ်။ မဖြစ်နိုင်သလောက်လို့ ပြောရမှာပေါ့နော်။ နောက်ဆုံးပေါ် နည်းပညာတွေအထိ update ဖြစ်အောင် ကျနော်တို့ ဒေတာတွေကို ကာကွယ်ထားတယ်လို့ ပြောချင်ပါတယ်။

ကျနော်တို့ တိုက်ခိုက်ခံရတာ ရှိလားဆိုတော့ ရှိပါတယ်။ ကျနော်တို့ဆီကို မရောက်အောင် ကျနော်တို့ အဓိက ကာကွယ်ထားနိုင်ခဲ့တယ်။ နောက်တစ်ခုက Email ပေါ့၊ Email ထဲမှာတော့ ကျနော်တို့ အချင်းချင်း ပို့တဲ့ Email လိုလို fiction Email တွေ ကျနော်တို့ ရတာမျိုးတွေ ရှိပါတယ်။ ကျနော်တို့ Security Team က Analyze လုပ်ပြီး ဒီဟာကတော့ မဟုတ်ဘူး၊

ဒီဟာကတော့ ဟုတ်တယ်ဆိုပြီး သေသေချာချာ စိစစ်တယ်။ ကျနော်တို့က အာရှဖက်ရော၊ ဥရောပဖက်ရော၊ အမေရိကဘက်ရော ကျနော်တို့အဖွဲ့က နေရာတိုင်းမှာ ရှိနေတဲ့အခါကျတော့ ၂၄ နာရီ စောင့်ကြည့်နေနိုင်တယ်ပေါ့နော်၊ အဲဒီအတွက်ကြောင့်မို့လို့ အခုချိန်ထိတော့ ကျနော်တို့ရဲ့ ဝဘ်ဆိုက်တွေ၊ ဒေတာတွေ၊ IT နဲ့ ပတ်သတ်တဲ့ဟာ မှန်သမျှကို လုံလုံခြုံခြုံ ကာကွယ်ထားနိုင်တဲ့ အနေအထားရှိပါတယ်။

မေး။ ။ ဝန်ကြီး ဦးထင်လင်းအောင်တို့ ဌာနအနေနဲ့ ပြည်သူတွေကို ဘာအသိပေးချင်တာရှိလဲ၊ NUG ကိုယ်စား ဘာသတင်းစကား ပြောချင်တာ ရှိလဲ။

ဖြေ။ ။ ကျနော်တို့အတွက်ကတော့ ပြည်သူတွေရဲ့ လုံခြုံရေးက အခုချိန်မှာ နံပါတ် ၁ အရေးကြီးဆုံးကဏ္ဍ ဖြစ်လာတာပေါ့ဗျာ။ စစ်ကိုင်း၊ မကွေး၊ အခြားသော ပြည်နယ်တွေ အပါအဝင် စစ်တပ်က မီးရှို့တာ၊ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ဒါတွေ မဖြစ်အောင် ကျနော်တို့ NUG အနေနဲ့ အတတ်နိင်ဆုံး ကာကွယ်ဖို့ လုပ်နေတယ်၊ ကာကွယ်ပေးနေတာတွေလည်း ရှိပါတယ်။

ဒါပေမယ့်လည်း ဒီ စစ်ဖြစ်နေတဲ့ ဒေသတွေဆိုတော့ ကာကွယ်ရတာ အင်မတန် ခက်တာပေါ့လေ။ အခုက နည်းပညာကိုအသုံးပြုပြီးတော့ ကျနော်တို့ တိုက်ခိုက်နေကြတဲ့ ကာလဖြစ်နေတယ်။ ဆိုတော့ နည်းပညာကို အသုံးပြုပြီးတော့ ကျနော်တို့ရဲ့ ပြည်သူတွေကို တော်လှန်ရေးမှာ ပါဝင်စေချင်တယ်ပေါ့နော်။

သူတို့တွေအနေနဲ့ ပါဝင်ရမှာ တွန့်နေတာမျိုးတွေ ရှိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ ဒီစစ်ကောင်စီနဲ့ ရင်ဆိုင်နေရတဲ့အခါမှာ တယ်လီဖုန်းကအစ မလုံခြုံတော့ဘူး ဆိုတာမျိုးတွေ ဖြစ်လာတာပေါ့၊ အဲတော့ တယ်လီဖုန်းပြောတဲ့အခါ အင်တာနက် သုံးတဲ့အခါမျိုးမှာ အင်မတန် သတိထားစေချင်တယ်။

ဖြစ်နိုင်လို့ရှိရင် CODE တွေ သုံးစေချင်တယ်ပေါ့နော်၊ တယောက်နဲ့ တယောက် Verify လုပ်ပြီးတော့မှ ဟိုဘက်က ဘယ်သူ၊ ဒီဘက်က ဘယ်သူ သေသေချာချာ သိပြီးတော့မှ စကားပြောစေချင်တယ်။ စကားပြောတဲ့အခါမှာလည်း လုံခြုံစိတ်ချတဲ့ နေရာမျိုးမှာ ပြောစေချင်တယ်၊ သာမန်စကားဆို ပြဿနာမရှိဘူးလေ။

ဘာဖြစ်လို့ဆို တော်လှန်ရေးမှာ ပါဝင်နေကြတာက တနိုင်ငံလုံးဖြစ်နေကြတာဆိုတော့ အထူးသဖြင့် လူမှုကွန်ရက်တွေပေါ်မှာ တက်ပြီး ရေးတဲ့အခါမျိုးတွေမှာလည်း အန္တရာယ်ဖြစ်နိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်ဆိုတော့ ဒါကိုလည်း သတိထားစေချင်တယ်။

VPN ကို သုံးစေချင်တယ်လို့ အကြံပေးချင်ပါတယ်၊ VPN သုံးခြင်းအားဖြင့် အချို့သော ကိစ္စတွေကို ရှောင်လွှဲသွားနိုင်မှာဖြစ်တယ်။ နောက်တခါ Facebook လို နေရာမှာ ကိုယ့်ရဲ့ နာမည်အရင်းထက်ကို Codenames လေးတွေသုံးပြီးတော့ တယောက်နဲ့ တယောက် ဆက်သွယ်တာက ပိုပြီး သင့်လျော်မယ်လို့ ကျနော် အကြံပေးချင်ပါတယ်၊ ဒီလိုမျိုးပြောလို့တော့ သိပ်ပြီးတော့ ကြောက်ပြီးတော့ ရှောင်လွှဲသွားစရာတော့ မလိုဘူးပေါ့လေ၊

ဘာဖြစ်လို့လဲဆိုတော့ တော်လှန်ရေးမှာ လူတိုင်းပါဝင်မှပဲ ကျနော်တို့ တော်လှန်ရေးက အောင်မြင်မှာ ဖြစ်တယ်၊ ကျနော်တို့က ပြည်သူလူထုကို အခြေပြုပြီးတော့ သွားနေရတဲ့ တော်လှန်ရေးဖြစ်တယ်၊ ဒါကြောင့်မို့လို့ လူထုရဲ့ အင်အားလိုတယ်၊ လူထုအင်အား မပါဘဲနဲ့တော့ တော်လှန်ရေးက မအောင်မြင်နိုင်ဘူး၊ ဒါကြောင့်မို့လို့ ပြည်သူတွေကို တော်လှန်ရေးမှာ ပါဝင်စေချင်ပါတယ်။

ဓာတ်ပုံ- NUG ဆက်သွယ်ရေးဝန်ကြီး ဦးထင်လင်းအောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article