By ရဲမျိုးဟိန်းနှင့် လူးကပ်စ်မိုင်ယာ့စ်
မြန်မာနိုင်ငံ၏ လှုပ်လီလှုပ်လဲ့ ဒီမိုကရေစီအကူးအပြောင်းသည် ၂၀၂၁ခုနှစ်၊ ဖော်ဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုနှင့်အတူ ရုတ်တရက် အဆုံးသတ်သွားခဲ့ရသည်။ သို့သော် စစ်ဗိုလ်ချုပ်ကြီးများသည် ပျားအုံကို တုတ်နှင့်ထိုးမိခဲ့ပြီ ဖြစ်သည်။
တိုင်းပြည်၏ လူများစုဗမာလူမျိုးတို့က မြန်မာနိုင်ငံကို ရှေးနှစ်ပေါင်းများစွာကတည်းက လွှမ်းမိုးအုပ်ချုပ်လျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်းစုံ ၂၀ ကျော်က ဆယ်စုနှစ်နှင့်ချီ၍ ဤလွှမ်းမိုးမှုကို စိန်ခေါ်တွန်းလှန်နေကြသလို အချို့ကလည်း အာဏာသိမ်းမှုကို ဆန့်ကျင်ရန် နောက်တစ်ကြိမ်ပြန်၍ လက်နက်စွဲကိုင်လာကြသည်။
အရေးအပါဆုံးအချက်မှာ မြန်မာစစ်တပ်၏ ပစ်ခတ်နှိမ်နှင်းမှုများနှင့် ရင်ဆိုင်လာရအပြီး ဗမာအများစု ပါဝင်သည့် ဒီမိုကရေစီ လှုပ်ရှားမှုကိုယ်တိုင်က လက်နက်စွဲကိုင်၍ စစ်တပ်ကို တိုက်ခိုက်ရန် မဆုတ်မနစ် ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်းပင် ဖြစ်သည်။
အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့သတင်းဆိုသည်မှာ တရုတ်နှင့် ရုရှားလက်နက်များ တပ်ဆင်ထားသည့် အားကြီးသောစစ်တပ်ကို ဆန့်ကျင်ရင်း ထူးထူးခြားခြား အရှိန်အဟုန်ရလာသည့် လူအများ၏ ဒီမိုကရေစီ တော်လှန်ရေးအကြောင်းပင် ဖြစ်သည်။
ဤတော်လှန်ရေးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့၊ ဖယ်ရှားခံအမတ်များနှင့် တက်ကြွလှုပ်ရှားသူများဖြင့် ညွန့်ပေါင်းသဖွယ် လျော့တိလျော့ရဲ ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (အင်န်ယူဂျီ)က အဓိက ဦးဆောင်လျက်ရှိသည်။
အာဏာသိမ်း စစ်ကောင်စီကို ကြီးစွာ တုန်လှုပ်ခြောက်ခြားစေရန် ဤညွန့်ပေါင်းအဖွဲ့သည် နိုင်ငံတစ်ဝှမ်း ကျေးလက်ဒေသများကို အောင်မြင်စွာသိမ်းပိုက်ကာ ယင်းတိုက်ပွဲများ၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံမှ အကူအညီများ တိုက်ရိုက်ရရှိလာခဲ့ကြသည်။
သို့သည့်တိုင် တော်လှန်ရေး၏ ရှေ့အလားအလာမှာ အလွန်ပင် ခက်ခဲကြမ်းတမ်းနေဆဲ ဖြစ်သည်။ အင်န်ယူဂျီသည် အနောက်အုပ်စု၏ အကူအညီကို များများစားစား ရရှိနေခြင်း မရှိပေ။ အဓိကအားဖြင့် လက်နက်အကူအညီများ မရရှိသလို ယုံကြည်မှုကင်းမဲ့နေသည့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများအားလုံးကို တော်လှန်ရေးတွင် တစ်စုတစ်စည်းတည်း ပါဝင်လာစေရန် ရုန်းကန်နေရဆဲဖြစ်သည်။
လက်ရှိအချိန်၌ နယ်မြေအနှံ့ လက်နက်ချို့ချို့တဲ့တဲ့ဖြင့် ပုန်ကန်တိုက်ခိုက်မှုများသည် အနည်းဆုံး သီးခြားပဋိပက္ခနယ်ပယ် ၇ ခုအထိ ရှိလာပြီးနောက် စစ်ကောင်စီ ဆန့်ကျင်ရေးတပ်ဖွဲ့များတွင် မဟာဗျူဟာကျကျ စည်းလုံးညီညွတ်မှုလည်း မရှိကြောင်းတွေ့ရှိလာရသည်။ နည်းဗျူဟာမြောက် ထိတွေ့တိုက်ခိုက်မှု အများအပြား၌ အလွန်အစွမ်းထက် ထိရောက်ခဲ့သော်လည်း ပြည့်စုံမှု အားနည်းလှသည့် အင်န်ယူဂျီ၏ ရေရှည်အလားအလာမှာမူ အကောင်းဆုံးအနေအထား၌ ရှိမနေခဲ့ပေ။
စစ်တပ်ဟု ခေါ်ဆိုသော မြန်မာစစ်ကောင်စီတပ်ဖွဲ့များသည် စစ်ဘောင်အလွန်ကျယ်လာခြင်း၊ စိတ်ဓာတ်ပျက်ပြားလာခြင်းများကြောင့် ဒုက္ခမျိုးစုံတွေ့ကြုံနေရလင့်ကစား ၎င်း၏ သာလွန်သော လေတပ်အင်အား၊ သံချပ်ကာ၊ လက်နက်ကြီးအင်အားများဖြင့် အဓိကမြို့ကြီးများနှင့် မဟာဗျူဟာ အချက်အချာဒေသများကို ဆက်လက်ချုပ်ကိုင်ထားနိုင်ဆဲ ဖြစ်သည်။
မည်သို့ပင်ဆိုစေ တော်လှန်ရေးဟူသည် အောင်ပွဲခံနိုင်သည့် သဘောရှိသည်။ အင်န်ယူဂျီ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား အခြေခံကျလှသည့် မယုံသင်္ကာဖြစ်မှုကို ဖြေရှင်းနိုင်မည်ဆိုပါက ယင်းအချက်မှာ နိုင်ငံရေးနှင့် စစ်ရေးအတားအဆီး အခက်အခဲများကို ကျော်လွှားရန် လုံလောက်ကောင်း လုံလောက်နိုင်မည် ဖြစ်သည်။
ထိုသို့ မယုံကြည်မှုတံတိုင်းကို ကျော်လွှားနိုင်ရေးအတွက် တူညီသော နိုင်ငံရေးရည်မှန်းချက်နှင့် ထိရောက်သော မဟာမိတ်စစ်ဗျူဟာတို့ကို ရေးဆွဲချမှတ်ရန် လိုအပ်မည်ဖြစ်သည်။ ထို့အတူ လက်နက်များ ပိုမိုစီးဝင်လာပြီး စစ်ကောင်စီ ဆန့်ကျင်ရေးတပ်များက ပူးပေါင်းစစ်ဆင်ရေးများ ဆင်နွှဲ၍ နယ်မြေများပိုမိုသိမ်းပိုက်နိုင်အောင် ကြားနေတိုင်းရင်းသားအဖွဲ့များအပြင် တရုတ်အစိုးရကိုပါ စည်းရုံးသိမ်းသွင်းရန်လည်းလိုအပ်သည်။
ဤအချက်များကို ဆောင်ရွက်နိုင်မည်ဆိုပါက ယင်းမှာ စစ်တပ်ပြိုလဲမှု လမ်းစပင် ဖြစ်လိမ့်မည်။ သို့တည်းမဟုတ် အနည်းဆုံး ဒီမိုကရေစီအုပ်ချုပ်ရေးသို့ မဖြစ်မနေ အာဏာပြန်လွှဲပေးရန် စစ်တပ်ကို ဖိအားပေးနိုင်လိမ့်မည် ဖြစ်သည်။
လက်ရှိအခြေအနေ
==========
လွန်ခဲ့သည့် လအနည်းငယ်အတွင်း မြို့ကြီးများကို ပိတ်ဆို့၍ လက်နက်ကိုင်အဖွဲ့များ အင်အားခိုင်မာ မလာအောင် ဟန့်တားရာ၌ စစ်တပ်က လေတပ်အင်အားနှင့် လက်နက်ကြီးများ အသုံးပြုမှုကြောင့် အင်န်ယူဂျီ၏ စစ်ရေးအရှိန်အဟုန် နှေးကွေးလာခဲ့သည်။
ချင်းပြည်နယ်၊ မင်းတပ်နှင့် ကရင်ပြည်နယ် လေးကေ့ကော်ကဲ့သို့ ဒေသများ၌ မြန်မာစစ်ကောင်စီ၏ တပ်ဖွဲ့များက လက်နက်အင်အား ချိနဲ့နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ထုတ်ခဲ့သည်။ မြင့်မားလာသော အရပ်သား ထိခိုက်သေဆုံးမှုများကို များစွာအလေးမမူဘဲ လက်နက်ငယ်သာ တပ်ဆင်ထားသည့်အဖွဲ့များကို ဖယ်ရှားနိုင်ရေး အတင်းဖိ၍ မနားတမ်း ပစ်ခတ်တိုက်ခိုက်နေသော မြန်မာစစ်တပ်၏ အပြုအမူသည် သမိုင်းအစဉ်အလာရှိသော “အာဏာရှင်များ၏ သောင်းကျန်းသူ နှိမ်နှင်းမှုပုံစံမျိုး” ဖြစ်နေခဲ့သည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် အသစ်ထွက်ပေါက်လာသော ဒေသခံကာကွယ်ရေး တပ်ဖွဲ့များသည် တပ်သားသစ် ၁သိန်းခန့်ကို အောင်မြင်စွာ စုဆောင်းနိုင်ခဲ့သော်လည်း ၎င်းတို့အနက် ၄၀ရာခိုင်နှုန်း ခန့်ကိုသာ လက်နက်ငယ်တစ်မျိုးမျိုး တပ်ဆင်ပေးနိုင်ခဲ့သည်။
အဆိုပါလက်နက်အများစုမှာလည်း လက်လုပ်သေနတ်ဖြစ်စေ၊ စစ်တပ်က စွန့်ပစ်၍ဖြစ်စေ၊ တရုတ်နှင့်ထိုင်း မှောင်ခိုဈေးကွက်မှဝယ်ယူ၍ ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ရရှိထားသော ခေတ်မမီတော့သည့် လက်နက်များသာဖြစ်သည်။ လက်နက်ခိုးသွင်းရန်မှာလည်း များများစားစား ဖြစ်နိုင်ချေမရှိပေ။
တရုတ်က ထောက်ပံ့ထားသော တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများတွင် စစ်တပ်၏ လေတပ်နှင့် သံချပ်ကာယာဉ်များကို ချေမှုန်းနိုင်သည့် FN-6 ပခုံးထမ်း လေယာဉ်ပစ်စနစ်များ ရှိသော်လည်း၊ အဆိုပါလက်နက်များကို ၎င်းတို့က မျှဝေသုံးစွဲလိုခြင်း မရှိကြပေ။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ မတူကွဲပြားသည့် တိုင်းရင်းသားလူမျိုးစု အခင်းအကျင်းသည် အင်န်ယူဂျီတွင် လက်နက်ကိုင်မဟာမိတ်များ ရရှိနိုင်ရန် အထောက်အကူဖြစ်စေသည်။ သို့သော် ထိုအချက်ကပင် စစ်ကောင်စီ ဆန့်ကျင်ရေး စည်းလုံးညီညွတ်မှုကို ထိခိုက်စေပြန်သည်။
တိုင်းရင်းသား အုပ်စုအများအပြားတွင် သမိုင်းကြောင်းနှင့်ချီသော နာကျည်းချက်များရှိနေသလို ဗမာလွှမ်းမိုးသည့် ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်ရာ၌ မိမိတို့၏ တရားဝင်မှု ရှိ၊ မရှိကို စိုးရိမ်နေရခြင်းက ပူးပေါင်းမှုများကို နည်းဗျူဟာနှင့် စစ်ဆင်ရေးအဆင့်မှ ရှေ့မတက်နိုင်အောင် ဟန့်တားပိတ်ဆို့လျက်ရှိသည်။
အားကောင်းသော ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ကဲ့သို့ အချို့အုပ်စုများသည် ပိုမိုကျယ်ပြန့်သော ဒီမိုကရေစီလှုပ်ရှားမှု၏ ကံကြမ္မာကို အလေးမထားဘဲ မိမိအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကိုသာ ဦးစားပေးလိုကြသည်။ အထူးသဖြင့် အင်န်ယူဂျီ၏ အောင်ပွဲခံနိုင်မည့် အလားအလာနည်းနေလျှင် ပို၍ပင် လျစ်လျူရှုနေကြမည်ဖြစ်သည်။
အဆိုပါ ပြဿနာများ ရှိနေသည့်တိုင်အောင် အင်န်ယူဂျီနှင့် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကြီးမှာ အလွယ်တကူ ချေမှုန်းခံရနိုင်ခြင်း မရှိသလို လက်မြှောက်အရှုံးပေးတော့မည့် အမူအရာလည်း ပြသနေခြင်း မရှိပေ။ အညံ့ခံကြရန် လူအများကို ခြိမ်းခြောက်မှု၊ ကျေးလက်ဒေသများကို ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ဆင်မှု၊ တိုင်းရင်းသား လက်နက်ကိုင်များအား မိမိတို့နှင့် ပူးပေါင်းရန်စည်းရုံးမှု စသည့် စစ်တပ်၏ ကြိုးပမ်းမှုများ အရေးမလှ ဖြစ်ခဲ့ရသည်။
မြန်မာနိုင်ငံ၌ မအောင်မြင်သော အစိုးရဆန့်ကျင်ရေးပဋိပက္ခ အများအပြား ကြုံတွေ့ခဲ့ဖူးပြီး စစ်တပ်သည်သာ အားကြီးလွန်းသူအဖြစ် ရပ်တည်သွားလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်ကား အနေအထားမတူတော့ပေ။ မကြာသေးမီက ရက္ခိုင့်တပ်မတော်(အေအေ) နှင့် ၂၀၁၉-၂၀၂၀ အတွင်း နောက်ဆုံးတိုက်ခိုက်မှုများ၌ စစ်တပ်သည် လူထောက်ခံမှုများသော ဆူပူသောင်းကျန်းမှုများကို နှိမ်နှင်းရန် ခက်ခဲလာသည်ကို တွေ့မြင်နေရသည်။
လက်ရှိ ပဋိပက္ခဒေသ အများအပြားတွင် စစ်တပ်သည် မိမိတပ်စုများ၏ နည်းဗျူဟာ အမှားအယွင်းများကြောင့် အောင်မြင်ဖို့ မဆိုထားနှင့် အကျအဆုံးများစွာဖြင့် ကျေးလက်ဒေသများကို ထိုးဖောက်ဝင်ရောက်ရန်ပင် မဝံ့မရဲဖြစ်လာခဲ့ကြသည်။
ထို့အပြင် ယနေ့ဗမာအများစုကလည်း ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက မတွေ့မမြင်ဖူးခဲ့သည့် အံတုမှုမျိုးဖြင့် စစ်ကောင်စီတပ်ဖွဲ့များကို အားမာန်ပြင်းစွာ စိန်ခေါ်လာကြကာ တိုက်ခိုက်မှုများ နိုင်ငံတစ်ဝှမ်း ပျံ့နှံ့သွားခဲ့သည်။
ထို့သို့ ဖြစ်ထွန်းလာသည့်အခြေအနေကြောင့် စစ်တပ်၏ စစ်နယ်အလွန်ကျယ်လာခြင်း၊ ဝန်ထုပ်ဝန်ပိုး အလွန်ကြီးလာခြင်းနှင့် စိတ်ဓာတ်အားနည်းလာခြင်း ဟူသော အကျိုးဆက်များ ဖြစ်ပေါ်လာသည်။ သို့သော် အင်န်ယူဂျီ ဦးဆောင်သည့် ဒီမိုကရေစီတပ်ဖွဲ့များ၏ စစ်ရေးအရ အကြွင်းမဲ့အောင်ပွဲဆိုသည်မှာ ခက်ခဲနေဦးမည် ဖြစ်သည်။
သို့သော် လွန်ခဲ့သော ဆယ်စုနှစ်များနှင့် နှိုင်းယှဉ်ပါက ယခုဖြစ်နိုင်ချေ ပိုများလာသည်။ ယနေ့အထိ အင်န်ယူဂျီနှင့် စေ့စပ်ညှိနှိုင်းမည် မဟုတ်ဟု စစ်ကောင်စီက ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။
သို့ဖြစ်၍ စစ်ရေးအောင်ပွဲမှာ အလှမ်းဝေးနေဆဲဖြစ်စေကာမူ စစ်ကောင်စီကို ဖြုတ်ချနိုင်သည်ဖြစ်စေ၊ အရပ်သားအစိုးရထံ အတင်းအကြပ် အာဏာပြန်လွှဲသည်ဖြစ်စေ၊ ဒီမိုကရေစီလိုလားသူများအတွက် စစ်ရေးဖိအားကို အရှိန်တိုးမြှင့်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိသည့် အနေအထားမျိုးသို့ ဆိုက်ရောက်လာသည်။
မရှိမဖြစ် စည်းလုံးညီညွှတ်မှု
============
စေ့စပ်ဆွေးနွေးမှုများ တသီတသန်း လုပ်နေသော်လည်း ဗမာအများစုပါဝင်သည့် အင်န်ယူဂျီသည် အပြန်အလှန် လက်ခံနိုင်သည့် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ တည်ထောင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဘုံသဘောတူညီချက်ရရှိရန် ကြိုးပမ်းနေရဆဲ ဖြစ်သည်။
ဒီမိုကရေစီ လိုလားသော အဓိကနိုင်ငံရေးအဖွဲ့အချို့သည် ၂၀၁၅ ခုနှစ်နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က တိုင်းရင်းသားအဖွဲ့များအပေါ် အထင်အမြင်သေးသည့် အမြင်များကို ဆက်လက်ကိုင်စွဲထားကြဆဲ ဖြစ်သည်။ တစ်ဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အုပ်စု အများအပြားသည် ၎င်းတို့၏ ဒေသစွဲလွန်ကဲသည့် အကျိုးစီးပွားအပေါ် ဆက်လက်ဦးစားပေးနေကြသည်။
အဖွဲ့ငယ်အချို့အပြင် အင်န်ယူဂျီဘက်၌ ရပ်တည်နေသည့် အားအကောင်းဆုံးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ မြောက်ဘက်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နှင့် အရှေ့ဘက်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ)တို့ ဖြစ်ကြသည်။
အဆိုပါအဖွဲ့ နှစ်ဖွဲ့စလုံးသည် ဒီမိုကရေစီတော်လှန်ရေးကို အစကနဦးကတည်းက တောက်လျှောက် ထောက်ခံနေခဲ့ခြင်းဖြစ်ကာ ၎င်းတို့၏နယ်မြေအတွင်း ထိုးစစ်များ မကြာခဏ ဆင်နွှဲလေ့ရှိသော်လည်း မိမိထိန်းချုပ်နယ်မြေကို ကျော်လွန်သွားသည့် စစ်မြေပြင်များ၌မူ ရှားပါးလှသည့် ရင်းမြစ်များကို ရင်းနှီး မြှုပ်နှံရန် လက်တွန့်နေကြသည်။
တိုင်းရင်းသား လက်နက်ကိုင်အုပ်စုပြင်ပ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အဖွဲ့ငယ်များ၏ ၆၀ ရာခိုင်နှုန်းခန့်သာ အင်န်ယူဂျီ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင်ရှိသည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို စုစည်းပေးမည့် ကာလရှည်ကြာ မျှော်လင့်နေခဲ့သည့် “ဖက်ဒရယ် တပ်မတော်” မှာလည်း အလှမ်းဝေးနေဆဲဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်အုပ်စုအများအပြားက စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း ဒီမိုကရေစီအင်အားစုများကို အားတက်သရော ထောက်ခံရန် ဝန်လေးနေပြီး အချို့မှာ စစ်ကောင်စီ၏ ထောက်ပံ့ကူညီမှုများကို လက်ခံလျက်ရှိသည်။
ဤအချက်က ပဋိပက္ခကြီးကို တစ်ခုနှင့်တစ်ခု ဇာတ်ကြောင်းမထပ်သည့် ဇာတ်ခုံခုနစ်ခု ကွဲထွက်သွားစေခဲ့သည်။ ထို့အပြင် စစ်အစိုးရအနေဖြင့် သွေးခွဲ၍ အနိုင်ယူရေးမူကို ကျင့်သုံးခွင့်ရရှိသွားကာ သမိုင်းတစ်လျှောက် ၎င်းတို့ အောင်မြင်စွာ လုပ်ဆောင်ခဲ့ဖူးသည့်အတိုင်း ဟိုတစ်စဒီတစ်စ တော်လှန်ရေး အုပ်စုငယ်များကို ချေမှုန်းရန် အင်အားအပုံအပင် စုစည်းခွင့် ရရှိသွားစေမည်ဖြစ်သည်။
အင်န်ယူဂျီ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ခပ်ကျဲကျဲနှင့် မြေပြင်အဆင့်တူ ပြောက်ကျားကွန်ရက် အဖွဲ့များအဖြစ် ထိရောက်လျင်မြန်စွာ ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ယခုအခါ စစ်ကောင်စီကို ဖြုတ်ချရန်ရည်ရွယ်သော အဆိုပါအုပ်စုများသည် လျော့ရဲရဲ ဖွဲ့စည်းပုံဖြင့် လှုပ်ရှားမှုမှသည် ပို၍ စနစ်ကျသော ဖွဲ့စည်းပုံနှင့် ဗဟိုထိန်းချုပ်မှုရှိသောအင်အားစုအဖြစ် အစီအစဉ်တကျ ဆက်လက် အသွင်ကူးပြောင်းရန် လိုအပ်နေပြီဖြစ်သည်။
“ကွန်ရက်ဖွဲ့၍ လက်နက်ကိုင် လှုပ်ရှားမှုသည် အောင်မြင်သည်ထက် ကြီးကြီးမားမား အရေးနိမ့်သည်က ပိုများပြီး အထက်အောက် ကြီးစဉ်ငယ်လိုက် ဖွဲ့စည်းပုံဖြင့် စုစည်းထားသော တော်လှန်မှုများက ပိုကောင်းသော ရလဒ်မှတ်တမ်းများရှိသည်” ဟု သုတေသီ ပါမောက္ခ ပညာရှင်များဖြစ်သော မာတင်စီလီဘစ်ကီနှင့် ဘန်ကွန်နဘယ်တို့က ဆိုသည်။
ထို့အတူ “အမိန့်ဖြင့် ကွပ်ကဲမှုမရှိခြင်းက တော်လှန်ရေး အင်အားစုများအတွက် ဘယ်ကိုပစ်ရမှန်းမသိသော အမြောက်စစ်သည်ကဲ့သို့ အနေအထားမျိုးဖြစ်စေသည်” ဟုလည်း ချေဂွေဗားရား၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ရီဂျစ်ဒက်ဘရေက ဆိုခဲ့ဖူးသည်။ မြို့ပြအဆောက်အအုံများနှင့် မဟာဗျူဟာကျသော အချက်အခြာနေရာများကို စစ်ဆင်သိမ်းပိုက်နိုင်ရေးအတွက် ဗဟိုကွပ်ကဲမှုနှင့် ထိန်းချုပ်မှုတို့ လိုအပ်သည်။
သို့ဖြစ်၍ အင်န်ယူဂျီသည် ၎င်း၏အဆင့်ဆင့် အမိန့်ပေးမှုကို ခိုင်မာအောင် တည်ဆောက်ပြီး အလွန်အမင်း တသီးတခြားဖြစ်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား တူညီသည့် စစ်ရေးမဟာ ဗျူဟာတစ်ရပ်ကို လက်ခံရန် စည်းရုံးဆော်ဩသင့်သည်။
ဗဟိုကွပ်ကဲမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်းမှာ အလားတူအစီအစဉ်အတွက် ကြိုးပမ်းချက်ဖြစ်သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများက မိမိတို့အဖွဲ့များ အင်န်ယူဂျီ၏ လက်အောက်ခံ ဖြစ်သွားမည်ကို မနှစ်မြို့ကြပေ။
ဤအခြေအနေကို ကျော်လွှားရန် အင်န်ယူဂျီသည် အားလုံးလွှမ်းခြုံသည့် မဟာဗျူဟာတစ်ရပ်အတွက် အများသဘောတူညီမှု ရရှိရေး နှစ်ဦးနှစ်ဖက် ရည်မှန်းချက်များအပေါ် အခြေခံ၍ မဟာမိတ်အဖွဲ့တစ်ခု ဖွဲ့စည်းရန် လိုအပ်မည် ဖြစ်သည်။
ဆိုလိုသည်မှာ ထိရောက်သော မဟာဗျူဟာမြောက် စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများ မပြုလုပ်မီ တူညီသော နိုင်ငံရေး ရည်မှန်းချက်ကို ဦးစွာခိုင်မာအောင် တည်ဆောက်ရမည် ဟူသောအချက် ဖြစ်သည်။
မကြာသေးမီက အင်န်ယူဂျီ၏ ရည်မှန်းချက်သည် အလယ်ပိုင်းဒေသ အုပ်ချုပ်ရေးယန္တရားကို အောင်မြင်စွာ သိမ်းပိုက်အရယူနိုင်ရေးဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အများအပြားကမူ မိမိကိုယ်ပိုင်ပြဋ္ဌာန်း အုပ်ချုပ်ခွင့်ကို ခိုင်မာအောင် တည်ဆောက်ရန် ရည်မှန်းကြသည်။
စစ်တပ်ကို ဖြုတ်ချရေးမှာ ၎င်းတို့၏ အကျိုးစီးပွားအတွက်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နားလည်အောင် စည်းရုံးရာတွင် ၎င်းတို့အရေးကို အမှန်တကယ် ထည့်သွင်းစဉ်းစားမှုနှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီအတွက် ဗဟိုချုပ်ကိုင်မှု အာဏာအချို့ စွန့်လွှတ်ရန် ကတိကဝတ်ပေးမှုများ လိုအပ်မည်ဖြစ်သည်။
၎င်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ အလေ့အထများနှင့် အမှန်တကယ် လမ်းခွဲထွက်နေပြီး ပါဝင်မှုပိုများသော မဟာမိတ်အဖွဲ့တစ်ခု ထူထောင်နိုင်ရေးအတွက် သူမ၏အစဉ်အလာကို ကျော်လွန်၍ လှုပ်ရှားရကောင်း လှုပ်ရှားရဖွယ်ရှိသည်။ မည်သည့်နိုင်ငံရေး အစီအစဉ်မဆို ဒီမိုကရေစီ နိုင်ငံရေးအင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်နိုင်အောင် အထောက်အကူပြုစေရမည်ဖြစ်သည်။
အရေးအကြီးဆုံးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲများ လိုလားနေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုသည်မှာ ဒီမိုကရေစီဖက်ဒရယ် တည်ဆောက်ပုံ စနစ်အောက်တွင်သာ ဖြစ်ပေါ်နိုင်မည် ဟူသောအချက်သည် အင်န်ယူဂျီက သဘောပေါက်ရမည့်အချက် ဖြစ်သည်။
သေချာသည်မှာ ဒီမိုကရေစီလှုပ်ရှားမှုသည် ဤစည်းလုံးညီညွတ်မှုကိုရယူရန် မှန်ကန်သော ခြေလှမ်းများ ဆောင်ရွက်လျက်ရှိနေခြင်းပင် ဖြစ်သည်။ ဤလှုပ်ရှားမှုမှနေ၍ နိုင်ငံ၏ အမျိုးစုံလင်လှသော အကျိုးသက်ဆိုင်သူများကို တစ်စုတစ်စည်းတည်း စုဖွဲ့ပေးမည့် စစ်မှန်သော နိုင်ငံရေးပလက်ဖောင်း ဖြစ်သည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။
အလားတူပင် ဗဟိုကွပ်ကဲမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီသည်လည်း ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်စေမည့် စစ်မိန့်ကွပ်ကဲမှုစနစ်ကို ဖော်ထုတ်နိုင်လိမ့်မည်ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို အင်န်ယူဂျီက သက်သေထူပြသနိုင်ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကလည်း အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီအတွက် အားကောင်းသော မဟာမိတ်အဖွဲ့ကို အခိုင်အမာ တည်ဆောက်နိုင်မည်ဆိုပါက ထိုဖြစ်ထွန်းမှုများသည် ပါဝင်ပူးပေါင်းမှု မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်များအတွက် အားကောင်းသော ဆွဲဆောင်မှုကြီးတစ်ခု ဖြစ်ပေမည်။
ထို့အတူ အဆိုပါအခြေအနေက တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများကို ရွေးချယ်ဖိတ်ခေါ်နေသည့် စစ်ကောင်စီ၏ ကြိုးပမ်းမှုကို ထိခိုက်စေမည်လည်း ဖြစ်သည်။ များမကြာသေးမီအချိန်ကပင် အင်န်ယူဂျီသည် ပူးပေါင်းပါဝင်လာခြင်း မရှိသေးသည့် ရခိုင်ပြည်နယ်မှ အေအေနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ယင်းတွေ့ဆုံမှုက နေပြည်တော်အား အလန့်တကြားဖြစ်စေမည်မှာ အသေအချာပင်ဖြစ်သည်။
တူညီသော နိုင်ငံရေးရည်မှန်းချက်ကို တိုင်းရင်းသား လက်နက်ကိုင်များက လက်ခံလာအောင် အင်န်ယူဂျီက စည်းရုံးနိုင်မည်ဆိုပါက ထိုသို့လက်ခံလာသည်နှင့် တစ်ပြိင်နက် ပိုမိုထိရောက်သော စစ်ရေးမဟာဗျူဟာတစ်ရပ်ကို ရေးဆွဲကာ နောက်ထပ်နယ်မြေများ သိမ်းပိုက်ရန် စစ်ဆင်ရေး ဆင်နွှဲရမည် ဖြစ်သည်။
မကြာသေးမီက အမေရိကန်မဟာမိတ်များအား သူ၏လေ့လာမှုအပေါ် အခြေခံ၍ “တစ်ပြေးညီ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှုစနစ်မျိုး မရှိစေကာမူ ရာထူးအဆင့်လိုက် ထိရောက်သော ဝန်ထမ်းစုဖွဲ့ပေါင်းစည်းမှုမှာ ဖြစ်နိုင်သည်” ဟု နိုင်ငံရေးသုတေသီ ပါမောက္ခ ပက်ထရစ်ရှာအေ ဝိတ်စမန်းကဆိုသည်။
“ဖက်ဒရယ် တပ်မတော်” အယူအဆကို လက်ခံရန် သို့မဟုတ် အင်န်ယူဂျီနှင့် အပြည့်အဝ ပူးပေါင်းရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လက်တွန့်နေမှုကို ထည့်သွင်းစဉ်းစားလျက် ဒီမိုကရေစီအင်အားစုများသည် အနည်းဆုံးအဆင့် အားထုတ်ကြိုးပမ်းမှု အနေဖြင့် ဗဟိုကွပ်ကဲမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ကျားကန်ထောက်ခံရန်နှင့် မိမိအဖွဲ့အတွင်းကသာမက တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်အဖွဲ့များမှ အဆင့်မြင့် အရာရှိများကိုပါ ပေါင်းစပ်စုစည်း၍ မြန်မာ့ဇာတ်ခုံ ၇ ခုစလုံး၌ လုပ်ငန်းဆောင်ရွက်မည့် မဟာဗျူဟာကို ချမှတ်ရေးဆွဲရန် အားထုတ်ဆောင်ရွက်သင့်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လက်အောက်ခံအဖြစ် ဝင်ရောက်ရမည်ဟု မဆိုလိုဘဲ အပြန်အလှန် အလျှော့ပေး သဘောတူညီမှုများနှင့် အမျိုးသားအဆင့် မဟာဗျူဟာကို အတူတကွ နားလည်သဘောပေါက်မှုများသာ လိုအပ်မည်ဖြစ်သည်။
ဤသို့ မဆောင်ရွက်နိုင်ပါက ဒီမိုကရေစီလှုပ်ရှားမှုသည် စစ်ကောင်စီ၏ သွေးခွဲ၍ အနိုင်ယူခံရမည့် အန္တရာယ်မှ လွတ်ကင်းနိုင်ဖွယ် မရှိသေးပေ။
စစ်ရေးပြဿနာကို ကိုင်တွယ်ခြင်း
============
အင်န်ယူဂျီ ကြုံတွေ့နေရသည့် အခြားပြဿနာတစ်ခုမှာ လက်နက်ချို့တဲ့ခြင်း ဖြစ်သည်။ ယင်းပြဿနာသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေပြင်ပ သို့မဟုတ် နယ်စပ်ဒေသနှင့် ဝေးလံသည့် စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၌ အထူးကြီးမားသည်။
ပဋိပက္ခ၏ အစောပိုင်းနေ့များက လက်လုပ်သေနတ်များနှင့် အမဲလိုက်တူမီး သေနတ်များက စစ်ကောင်စီ၏ စိတ်ဓာတ်ပျက်ပြားနေသော တပ်ဖွဲ့များကိုမောင်းထုတ်ရန် လုံလောက်ခဲ့သည်။ သို့သော် ယခုအခါ လေယာဉ်များ၊ ခေတ်မီလက်နက်ငယ်များ၊ သံချပ်ကာယာဉ်များ၊ အမြောက်များ၏ အကူအညီနှင့် စစ်တပ်၏ အပြင်းအထန် တိုက်ခိုက်မှုကြောင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များမှာ ကစဉ့်ကလျားဖြစ်ကာ စစ်တပ်နှင့် ထိပ်တိုက်မတွေ့အောင် ရှောင်ရှားလာကြရသည်။
သို့ဖြစ်၍ ၎င်းတို့တွင် စိတ်အားထက်သန်သော လူသစ်များ ပြတ်လပ်မှု မရှိသော်ငြား နယ်ဘက်ပြောက်ကျားဗျူဟာကို ကျော်လွန်၍ ရှေ့တိုးနိုင်ခြင်း မရှိသေးပေ။ ပစ္စည်းကိရိယာ ပိုကောင်းသလို လက်နက်လက်လှမ်းမီမှုလည်း ပိုကောင်းသည့် တိုင်းရင်းသားတပ်ဖွဲ့များမှာမူ စစ်တပ်၏ ထိုးစစ်ကို ပိုမိုထိရောက်စွာ တုံ့ပြန်နိုင်ကြသည်။
ဥပမာ ၂၀၂၁ခုနှစ် အစောပိုင်းကတိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး မကြာမီ ကချင်လွတ်မြောက်ရေး တပ်မတော်က ဗျူဟာကျသည့် အလောဘွမ်တောင်ကုန်းကို သိမ်းယူခဲ့ရာ လေကြောင်းပစ်ကူ၊ အမြောက်စစ်ကူများဖြင့် စခန်းကို ပြန်သိမ်းရေး စစ်တပ်၏ အပြင်းအထန်တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံရင်း တောင်ကုန်းကိုကေအိုင်အေက ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။
နိုင်ငံရေး စည်းလုံးညီညွတ်မှုကြီးကို တည်ဆောက်နိုင်သည်နှင့် တစ်ပြိုင်နက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ လက်နက်မရှိသည့်ပြဿနာကို တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ပူးပေါင်း၍ တစ်နည်းတစ်ဖုံ ဖြေရှင်းနိုင်လိမ့်မည်။
တိုင်းရင်းသားတပ်ဖွဲ့အများအပြား အထူးသဖြင့် တရုတ်နယ်စပ်ရှိ အဖွဲ့များ သို့မဟုတ် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်နှင့် မဟာမိတ်ပြုထားသည့် အဖွဲ့များသည် လေယာဉ်ပစ်အမြောက်များ အပါအဝင် တရုတ်လက်နက်ပစ္စည်းများ ရရှိနေကြသည်။
အခြား တိုင်းရင်းသားတပ်ဖွဲ့များမှာ ထိုင်းနှင့်တရုတ်မှ အစဉ်အဆက် မှောင်ခိုသမား အဆက်အသွယ်များကို အသုံးချ၍ မှောင်ခိုဈေးကွက်မှ လက်နယ်ဝယ်ယူခြင်း သို့မဟုတ် ကိုယ်တိုင်လက်နက် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းခြင်းတို့ကို ဆောင်ရွက်နေကြသည်။
သို့သော် တရုတ်ကျောထောက်နောက်ခံရှိသော တိုင်းရင်းသား လက်နက်ကိုင်များအား ဒီမိုကရေစီ တော်လှန်ရေးအတွက် တိုက်ရိုက်လက်နက် ပိုရောင်းချပေးရန် စည်းရုံးခြင်းမှာ ပြဿနာထဲ ဘေဂျင်းကိုပါ ဆွဲခေါ်နေသလိုဖြစ်နိုင်သည်။ စစ်ကောင်စီအား တရုတ်၏ တိုးမြှင့်ထောက်ခံနေမှုကို ကြည့်၍ ဤလုပ်ငန်းမှာ များစွာမလွယ်ကူလှပေ။
သို့သော် တရုတ်သည် တစ်ခါတစ်ရံ ထင်ထားသလို လုံးဝတစ်ညီတည်း တစ်သံတည်း ထွက်သူမျိုးမဟုတ်ဘဲ မြန်မာ့အရေး၌ ဘေဂျင်းသည် ညှိညှိနှိုင်းနှိုင်း ပြော၍ဆို၍ ရသည့်သမိုင်းကြောင်းများလည်း ရှိထားသည်။
အင်န်ယူဂျီသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထောက်ခံမှုကို ရယူပြီး နယ်မြေကို အုပ်ချုပ်နိုင်စွမ်းရှိကြောင်း သက်သေထူနိုင်သလို ပိုအရေးကြီးသည့် အချက်အဖြစ် တရုတ်အား ဒေါသမဖြစ်စေအောင် ရှောင်ရှားနိုင်မည်ပါက လက်တွေ့ဆန်သော ဘေဂျင်းသို့မဟုတ် ယူနန်ပြည်နယ် အရာရှိများက ပိုမိုသွက်လက်သည့် လက်နက်အရောင်းအဝယ်ကို ခေါင်းငြိမ့်လက်ခံလာနိုင်ဖွယ်ရှိသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို လက်နက်တပ်ဆင်ပေးရေး အနောက်အုပ်စု၏ နှုတ်နည်းနေမှုကြောင့် တရုတ်ဘက်မှ လက်နယ်ဝယ်ယူရေးသည် ၎င်းတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာနည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်သည်။
စစ်ပွဲ၏ အဆုံးသတ်လား
============
ဒီမိုကရေစီလှုပ်ရှားမှု၏ နိုင်ငံရေးနှင့် စစ်ရေးပြဿနာများသည် အပူတပြင်း အရေးကြီးကောင်း ကြီးနိုင်သော်လည်း ၎င်းတို့သည် ကျော်လွှားမရနိုင်သည့် အခက်အခဲများမဟုတ်ပေ။ လက်ရှိမိမိ၏ ခွန်အားများဖြစ်သော လူထုထောက်ခံမှု၊ မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်များ၏ ခိုင်မာသော ကတိကဝတ်နှင့် မဟာမိတ် မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင်များ၏ အသံတိတ် ပူးပေါင်းဆောင်ရွက်မှုများအတွက် အင်န်ယူဂျီ စိတ်ချလက်ချရှိနေနိုင်သည်။
ဤအားသာချက်ကို အခြေပြု၍ ပထမဦးစွာ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီကို လိုလားသဖြင့် စစ်အစိုးရကို ဆန့်ကျင်နေသည့် အင်အားစုအားလုံးကို စုစည်းသင့်ပြီး ပူးတွဲစစ်ရေး မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲသင့်သည်။
နောက်ထပ်လွတ်မြောက်လာမည့် ဒေသအသစ်များတွင် အမျိုးသား ညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရန်ပုံငွေ စုဆောင်းရေး၊ လူသားချင်း စာနာမှု အကူအညီများ ပေးအပ်ရေးနှင့် တည်ငြိမ်မှု ရရှိရေး ထိရောက်သော စင်ပြိုင် အုပ်ချုပ်ရေး စနစ်တစ်ရပ်ကို တည်ထောင်ရန် ပူးပေါင်းဆောင်ရွက်သင့်သည်။
ထိုသို့ဆောင်ရွက်နိုင်ပါက ဒီမိုကရေစီလှုပ်ရှားမှုသည် ၎င်း မြွက်ဆိုထားသည့်အတိုင်း ပြည်သူ့အစိုးရ အစစ်အမှန်ဖြစ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းသို့ သက်သေထူနိုင်မည် ဖြစ်သည်။ ထိုအဆင့်မှနေ၍ စစ်ရေးအရ အောင်ပွဲဖြစ်စေ၊ အရပ်သားအုပ်ချုပ်မှု ပြန်လည်တည်ထောင်ရေးဖြစ်စေ ဖြစ်နိုင်ချေများ ပေါ်ထွက်လာလိမ့်မည် ဖြစ်သည်။
(War on the Rocks တွင် ဖော်ပြထားသော YE MYO HEIN နှင့် LUCAS MYERS တို့၏ “A MORE UNITED, BETTER-ARMED OPPOSITION CAN BRING DEMOCRACY TO MYANMAR” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)