33 C
Yangon

ခြိမ်းခြောက်မှုများ ကြီးထွားလာနေသည့် မြန်မာနယ်စပ်မှ တရုတ်လောင်းကစားလုပ်ငန်းများ

Must read

By လမ်းသစ်

တရုတ်နိုင်ငံသည် ၎င်းနိုင်ငံအတွင်း လောင်းကစားလုပ်ငန်းများ ပပျောက်ရေးအတွက် တင်းကြပ်သော ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံသား လောင်ကစားနှင့် ရာဇာဝတ်မှု ကျုးလွန်သူများသည် အရှေ့တောင်အာရှနိုင်ငံများကို မျက်စပစ်လာကြသည်။

အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံများတွင် တရုတ်ပြည်မကြီးမှ လောင်းကစားနှင့် ရာဇာဝတ်ကျုးလွန်သူများက ခြေကုပ်ရယူကာ စီမံကိန်းများကို စနစ်တကျ တည်ဆောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် မူဆယ်၊ လောက်ကိုင်၊ မိုင်းလား၊ ပန်ဆမ်း၊ တာချီလိတ်နှင့် ရွှေကက္ကူ၊ မြဝတီ စသည့် နေရာများတွင် တရုတ်လောင်းကစား လုပ်ငန်းများသည် လွန်ခဲ့သော ဆယ်စုနှစ်ခန့်ကတည်းက အခြေချ တည်ဆောက်ထားပြီးဖြစ်သည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် နယ်စပ်ဒေသရှိ မြို့နယ်အများစုတွင် အုပ်ချုပ်ရေးအာဏာ သက်ရောက်မှု တစတစ ကျဆင်းလာမှုနှင့်အတူ လောင်းကစားလုပ်ငန်းများ တဟုန်ထိုး တိုးတက်လာကာ အလုပ်သမား ခေါ်ယူမှုနှုန်းပင် မြင့်တက်လာသည်။

social media များကို အသုံးပြုပြီး အလုပ်ခေါ်မှုနှုန်း မြင့်တက်နေသလို အာဏာသိမ်းပြီးနောက် ခောတ်ပျက်ကာလတွင် အလုပ်လက်မဲ့ မြန်မာနိုင်ငံသား လူငယ်များအတွက် မက်လုံးသဖွယ် ဖြစ်လာသည်။

နယ်စပ်အခြေစိုက် ပြည်သူစစ်များနှင့် လက်နက်ကိုင်အုပ်စုများထံမှ လုံခြုံရေး ရယူထားသည့် အဆိုပါ လောင်းကစားနှင့် ဆက်စပ်ရာဇာဝတ်မှုများနှင့် လိမ်လည်သည့် လုပ်ငန်းများသည် ကမ္ဘာအနှံထိပါ ခြေဆန့်လာသည်။

လောက်ကိုင်ဒေသရှိ ‌လောင်းကစားလုပ်ငန်းတခုတွင် လုပ်ကိုင်ဖူးသူတစ်ဦးက ဖုန်း၊ အင်တာနက်မှတဆင့် ဉရောပဒေသရှိ လူများထံသို့ပင် လိမ်လည်သည့် အလုပ်ကို လုပ်ကိုင်ခဲ့ရကြောင်း social media ပေါ်တွင် ရေးသားထားသည်။

လာအိုနိုင်ငံတွင်လည်း တရုတ်လောင်းကစား လုပ်ငန်းရှင်များသည် လောင်းကစားမြို့တော် နှစ်ခုကို တည်ထောင်ထားသည်။ တရုတ်နယ်စပ်ရှိ လောင်းကစားမြို့တော်နှင့် ရွှေတြိဂံနယ်မြေအတွင်းရှိ လောင်းကစားမြို့တော် တို့ ဖြစ်ပြီး အိမ်‌ယာမြေ ဖော်ဆောင်ရေးစီမံကိန်း အယောင်ပြကာ တည်ဆောက်ထားခြင်း ဖြစ်သည်။

အဆိုပါ လောင်းကစား လုပ်ငန်းအများစုသည် တရုတ်နိုင်ငံသား လောင်းကစားလုပ်ငန်းရှင်အများစုက ပိုင်ဆိုင်ထားပြီး နှစ်စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ဘီလီယံချီ ရရှိနေကြသည်။

တရုတ်နိုင်ငံသားပိုင် လောင်းကစားလုပ်ငန်းစု ဖြစ်သည့် IHG အုပ်စုသည် ကရင်ပြည်နယ် ရွှေကုက္ကူ လောင်းကစားမြို့တော်ကို တည်ဆောက်နေပြီး (၁၀)နှစ်အတွင်း အမေရိကန်ဒေါ်လာ(၁၁.၄)ဘီလီယံ ရရှိရန် မျှော်မှန်းထားကြောင်း ဧရာဝတီသတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။

ထိုဖော်ပြချက်အရ လောင်းကစားမြို့တော် တခုသည် ပျမ်းမျ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ငွေ ရရှိနေသည့် သဘောဖြစ်ရာ တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ မူဆယ်မြို့၊ လောက်ကိုင်မြို့၊ ပန်ဆမ်းမြို့၊ မိုင်းလားမြို့ နှင့် တာချီလိတ်မြို့တို့ကဲ့သို့ နေရာများရှိ လောင်းကစားလုပ်ငန်းများမှ ဝင်ငွေသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဘီလီယံထက် မနည်းပဲ ရရှိနေဖွယ် ရှိကြောင်း ခန့်မှန်းရသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် နယ်စပ်တွင် လောင်းကစားလုပ်ငန်းများ မှိုလို ပေါများလာ

================

တရုတ်အစိုးရသည် ၎င်းနိုင်ငံအတွင်း လောင်းကစားနှင့် ရာဇာဝတ်မှုများ ပပျောက်စေရန် ထိန်းချုပ်ထားသလို အဆိုပါလုပ်ငန်းများ အာဆီယံ ဒေသရှိ ဆင်းရဲသော အိမ်နီးချင်းနိုင်ငံများသို့ ရွှေပြောင်းနေသည်ကိုလည်း မျက်စိမှိတ် မသိဟန်ဆောင် လုပ်ခဲ့သည်ကို တွေ့ရသည်။

မြန်မာတွင် အာဏာသိမ်းပြီးနောက် နယ်စပ်ဒေသရှိ လုံခြုံရေးအားနည်းပြီး ဉပဒေ မစိုးမိုးသော နယ်မြေများတွင် တရုတ်လောင်းကစားလုပ်ငန်းများသည် အရှိန်အဟုန် မြင့်လာသည်ကို တွေ့ရသည်။

အထူးသဖြင့် စစ်တပ်လက်အောက်ခံ ပြည်သူစစ်များ အကြီးအကျယ် စိုးမိုးနေရာယူထားသော မူဆယ်မြို့၊ မြဝတီ၊ ရွှေကုက္ကူဒေသနှင့် လောက်ကိုင်မြို့တို့တွင် တစ်နှစ်ကျော်အတွင်း လောင်းကစားလုပ်ငန်းများ တဟုန်ထိုး မြင့်တက်လာနေသည်။

ကိုဗစ်ကာလအတွင်း အနည်းငယ် တုန့်ဆိုင်းခဲ့သော ရွှေကုက္ကူရှိ လောင်းကစားလုပ်ငန်းများသည်လည်း ယခုနှစ်ပိုင်းအတွင်း ပြန်လည်အရှိန်အဟုန် မြင့်တက်လာခဲ့သည်။ အမေရိကန် ဒေါ်လာ ဘီလီယံများစွာ တန်သည့် အဆိုပါလောင်းကစားမြို့တော် စီမံကိန်းတွင် ဟောင်ကောင်အခြေစိုက် 4K Triad အဖွဲ့မှ သွားကျိုး (ခေါ်) ဝန်ကောက်ကွိုင် ဟုဆိုသည့် နိုင်ငံတကာ တရုတ်မြေအောက် ရာဇဝတ် ဂိုဏ်းခေါင်းဆောင်တစ်ဦး ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသည်ဟု Asia Times မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည် ။

တရုတ်အစိုးရသည် ၎င်းနိုင်ငံတွင်းရှိ လောင်းကစားလုပ်ငန်းများ မြန်မာနှင့် လာအိုနိုင်ငံကဲ့သို့ ၄င်းတို့ ဩဇာမကင်းသည့် အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်ဒေသများသို့ ရွှေ့ပြောင်းသည်ကို သိသိနှင့် ခွင့်ပြုပေးနေသော်လည်း၊ အဆိုပါ လောင်းကစားလုပ်ငန်းများမှ တရားမဝင်ငွေမည်းများ ၎င်းနိုင်ငံအတွင်း ဝင်ရောက်မလာစေရန်ကိုမူ တင်းကျပ်စွာ ထိန်းချုပ်ထားသည်။

နယ်စပ်ဖြတ်ကျော် တရားမဝင် ငွေကြေးကူးပြောင်းမှုသည် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးကဏ္ဍအထိ အကျိုးသက်ရောက်လာနိုင်သဖြင့် အဆိုပါငွေကြေးများ ပြည်တွင်းသို့ ဝင်ရောက်မှု မရှိစေရန် တရုတ်နိုင်ငံက ဘဏ်အကောင့်များ၊ နယ်စပ်ငွေကြေးလွဲပြောင်းမှုများကို နှစ်ပေါင်းများစွာ အပြင်းအထန် ထိန်းချုပ်ခဲ့သည်။

ထိုကြောင့် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ကုန်သည်လုပ်ငန်းရှင်များ၏ ငွေကြေးများ၊ ဘဏ်အကောင့်များကိုပင် မကြာခဏ စစ်ဆေးခြင်း၊ အကောင့်များ ပိတ်ခြင်းတို့ကို နှစ်ပေါင်းများစွာ ကျင့်သုံးဆောင်ရွက်နေသည်ဟု နယ်စပ်ဒေသရှိ မြန်မာလုပ်ငန်းရှင်တို့က ဆိုသည်။

တရုတ်လောင်းကစားလုပ်ငန်းများမှ ရရှိသော ငွေမည်းများကို တရုတ်နိုင်ငံအတွင်း စီးဝင်ခွင့် မရှိစေရန် တင်းကြပ်စွာစစ်ဆေးပြီး၊ နယ်စပ်ဖြတ်ကျော် လောင်းကစားနှင့် ရာဇာဝတ်မှုများကို ကာကွယ်တားဆီးရန် အကြောင်းပြချက်ဖြင့် ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများကိုပင် ပြန်လည်ခေါ်ယူခဲ့သည်။

ငွေမည်းများ စီးဝင်ရန် တားမြစ်ထားသော်လည်း တရုတ်အစိုးရသည် တရုတ်လောင်းကစားလုပ်ငန်းရှင်များကို ဖမ်းဆီးခြင်း၊ အရေးယူခြင်း မရှိချေ။ လုပ်ငန်းရှင် တရုတ်အများစုသည် နယ်စပ်တွင် လက်နက်ကိုင်များ၏ စောင့်ရှောက်မှုဖြင့် ‌စီးပွားရေးကျဆင်းသည့် ကာလတွင်ပင် တည်ငြိမ်စွာ လုပ်ငန်းလည်ပတ်နေကြသည်။

နယ်စပ်ရှိ လောင်းကစားလုပ်ငန်းများသည် ရာဇာဝတ်မှု ကျုးလွန်ရာ နေရာများ ဖြစ်လာ

================

တရုတ် ရာဇဝတ်ဂိုဏ်းများ ချုပ်ကိုင်ထားသော လောင်းကစားလုပ်ငန်းများသည် လွန်ခဲ့သည့် ဆယ်စုနှစ်များမှစ၍ တရုတ်နိုင်ငံ၏ ဩဇာမကင်းသည့် မြန်မာ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံ များကဲ့သို့သော အိမ်နီးချင်းနိုင်ငံများတွင် လုပ်ငန်းများ ချဲ့ထွင်ခဲ့သည်။ အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဗေးလ် Sihanoukville ရှိ အင်တာနက်အလောင်းကစားလုပ်ငန်းများ၊ တရားမဝင် ကာစီနိုများတွင် ကြီးထွားလာသော တရုတ်မာဖီးယားများ၏ ရာဇဝတ်ဂိုဏ်းဖွဲ့ အကြမ်းဖက်မှုများကို ဒေသခံရဲတပ်ဖွဲ့ဝင်များက မထိမ်းသိမ်းနိုင်တော့သည်အထိ ဖြစ်ခဲ့ပြီး၊ ကမ္ဘောဒီးယားအစိုးရအနေနှင့် တိုင်းတပါး တရုတ်အစိုးရ (တရုတ်ရဲတပ်ဖွဲ့) ၏ အကူအညီတောင်းခံကာ နှိမ်နင်းရသည်အထိ ဖြစ်ခဲ့ရသည်။

စင်စစ် စီမံကိန်းများသည် သီဟာနုဗေးမှ ဒေသခံများ အတွက်လည်း ကျိန်စာသင့်နယ်မြေများ ဖြစ်ခဲ့ရသည်။ စီမံကိန်းများကြောင့် တိုက်တာအဆောက်အဦးများ တိုးတက်ကောင်းမွန်လာသော်လည်း အိမ်ခြံမြေဈေးကွက်များ ဖောင်းပွလာကာ နောက်ဆုံး ဒေသခံပြည်သူများ ထိုဒေသမှ မောင်းထုတ်ခံခဲ့ရသည်။။ စီမံကိန်းအတွင်း နေထိုင်သူများသည် တဖြည်းဖြည်း တရုတ်မှု ပြုခြင်းခံခဲ့ရခြင်းကြောင့် တရုတ်စကား မတတ်သော ဒေသခံများမှာ ဖယ်ရှားခံလိုက်ရသကဲ့သို့ နေရပ်စွန့်ခွာခဲ့ခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်။

တရုတ်လောင်းကစားလုပ်ငန်းများသည် တရုတ်နိုင်ငံတွင်းမှ ဦးစွာနှင်ထုတ်ခံရအပြီး၊ ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဗေးလ်ကဲ့သို့သော နေရာများမှလည်း ထပ်မံနှင်ထုတ်ခံရပြီးသည့်နောက်တွင် ဉပဒေစိုးမိုးမှု မရှိသော မြန်မာနယ်စပ်ဒေသများတွင် ခြေကုပ်ရယူကာ ရာဇာဝတ်မှုများကို ကျုးလွန်လာကြသည်။

မြန်မာနယ်စပ်သည် ယင်းသို့ တရားမဝင် လှုပ်ရှားမှုဆိုင်ရာ ဗဟိုချက်ခြာ ဖြစ်လာရခြင်းနှင့်အတူ လောင်းကစား စီးပွားရေးများမှတဆင့် ဖြစ်ပွားလာသော ပြန်ပေးဆွဲခြင်း၊ လူသတ်ခြင်း၊ ရာဇာဝတ်မှု ကျူးလွန်ခြင်း၊ လူကုန်ကူးခြင်း၊ ခြိမ်းခြောက်ခိုင်းစေခြင်း နှင့် ငွေကြေးခဝါချခြင်းများ မြင့်တက်လာသဖြင့် တရုတ်အစိုးရကပင် သူ့နိုင်ငံသားများအပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။

ပြီးခဲ့သည့် နှစ်ဆန်းပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မူဆယ်၊ လောက်ကိုင်၊ တာချီလိတ်နှင့် မြဝတီကဲ့သို့ မြို့များတွင် လောင်းကစားနှင့် ဆက်စပ်ရာဇာဝတ်ကျုးလွန်မှု များပြားနေသဖြင့် အထူး သတိပြု သွားလာကြရန် အသိပေးထုတ်ပြန်ထားသည်။

အချုပ်အားဖြင့် တရုတ်အစိုးရသည် ၎င်းနိုင်ငံအတွင်းရှိ လောင်းကစားလုပ်ငန်းများ ပျောက်ကွယ်စေရန် လောင်းကစားလုပ်ငန်းများကို နယ်စပ်ဒေသရှိ အိမ်နီးချင်းနိုင်ငံများထံ နှင်ထုတ်ခဲ့သော်လည်း၊ တရုတ်ဒုစရိုက်ဂိုဏ်းများ ကြီးစိုးချုပ်ကိုင်ထားသော နယ်စပ်ဖြတ်ကျော် လောင်းကစားလုပ်ငန်းအများစုသည် တရုတ်ပြည်မကြီးသားများကို အဓိက ဆွဲဆောင်နေသည့် လုပ်ငန်းများ ဖြစ်နေဆဲ ဖြစ်သလို၊ အိမ်နီးချင်း နိုင်ငံများ၏ လူမှုရေး စီးပွားရေးသာမက နိုင်ငံရေးအထိပါ ခြိမ်းခြောက်လာနေသည်ကို တွေ့ရပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article