30 C
Yangon

မဟာဗျူဟာ စီမံကိန်းကြီးများအတွက် ဒေသတည်ငြိမ်ရေးခေါင်းစဥ်ဖြင့် အကြမ်းဖက် မြန်မာစစ်ကောင်စီဘက်မှ လောင်းကြေးထပ်လိုက်သည့် တရုတ်

Must read

By Jason Tower

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ၏ မြန်မာနိုင်ငံခရီးစဉ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် တရုတ်ထိပ်တန်းအရာရှိတစ်ဦး သွားရောက်သည့် ပထမဦးဆုံးခရီးစဉ် ဖြစ်သည်။

တရားဝင်ဖော်ပြသည့် ခရီးစဉ်၏ ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံဦးဆောင်သော လန်ချန်း−မဲခေါင်ဒေသခွဲအတွင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ရန် ဖြစ်သည်။

သို့ရာတွင် ၎င်းနှင့်ဆက်စပ်နေသလို ပိုမိုအဓိကကျသည့် ခရီးစဉ်၏ ရည်ရွယ်ချက်ကတော့ မြန်မာ့အရေးတွင် တရုတ်၏ အလွန်ရှင်းလင်းသော ရပ်တည်မှုကို သတင်းစကားပါးရန်ပင် ဖြစ်သည်။

၎င်းရပ်တည်ချက်မှာ လျင်မြန်စွာ ကြီးထွားလာနေသော လူထုတော်လှန်ရေးနှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် မြန်မာစစ်တပ်ကို တရုတ်နိုင်ငံက ထောက်ခံအားပေးမည်ဖြစ်သလို အဓိကနိုင်ငံစုံပလက်ဖောင်းများမှတစ်ဆင့် စစ်ကောင်စီ၏ အနေအထားကို ကူညီပံ့ပိုးသွားမည် ဟူသော အချက်ဖြစ်သည်။

စစ်တပ်ကို အကူအညီပေးခြင်းဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းမှ ပထဝီတည်နေရာအရ ဗျူဟာကျသော ၎င်း၏စီးပွားရေး စီမံကိန်းများကို ပိုမိုမြှင့်တင်နိုင်ခြင်းအပြင်၊ တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသများတွင် တရုတ်ဩဇာအာဏာ ကြီးထွားလာရေးအတွက်လည်း အထောက်အကူပြုမည် ဟုယူဆကာ တရုတ်က အလောင်းအစား ပြုလိုက်ခြင်းပင် ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ဒီမိုကရေစီလိုလားသော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နှင့် မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ(EAOs) ကို တော်လှန်ရေး အတားအဆီးများအဖြစ် ဘေဂျင်းက ရှုမြင်ထားသည်။

NUGနှင့်EAOs များသည် အားနည်းလွန်းသဖြင့် မြန်မာစစ်တပ်ကို အနိုင်မတိုက်နိုင်သော်လည်း တရုတ်အနောက်တောင်ပိုင်း ပြည်နယ်များအတွက် မြန်မာနိုင်ငံကို စီးပွားရေးအရ ကြိုးကိုင်မည့် ၄င်းတို့၏အစီအစဉ်များကိုမူ နှောင့်နှေး ကြန့်ကြာအောင် လုပ်နိုင်စွမ်းရှိသည်ဟု တရုတ်က ရှုမြင်နားလည်ထားသည်။

မြန်မာစစ်ကောင်စီအပေါ် ချဉ်းကပ်သည့် တရုတ်၏မဟာဗျူဟာသည် အင်ဒို-ပစိဖိတ်ဒေသ၏ လုံခြုံရေးကို တိုးမြင့် ခြိမ်းခြောက်လာမှုတစ်ခု ဖြစ်သည်။ စစ်ကောင်စီကို ထောက်ခံ၍ တရားဝင်အသိအမှတ်ပြုခြင်းက မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ပိုမိုဖြစ်ပေါ်လာအောင် နှိုးဆွနေသကဲ့သို့ဖြစ်ကာ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းတိုင်းကိုလည်း လက်လှမ်းမမီအောင် ဖြစ်သွားစေမည့် အန္တရာယ်ရှိနေသည်။ မြန်မာနယ်စပ်ကို ဖြတ်ကျော်၍ ဒေသတစ်လျှောက် ပျံ့နှံ့လာမည့် အကြမ်းဖက်မှု၏ လှိုင်းဂယက်များကို မြန်မာ့အိမ်နီးချင်းနိုင်ငံများအား အတင်းအကြပ်ခံစားစေမည့် သဘောမျိုးလည်း ဖြစ်သည်။

မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးတိုးမြှင့်ရန် မဲခေါင်ဒေသနိုင်ငံများအား တရုတ်က ဖိအားပေးနေသဖြင့် စစ်ကောင်စီနှင့် အတိုက်အခံအကြား ကြားခံလူအဖြစ် ရိုးရိုးသားသား ဆောင်ရွက်နိုင်မည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)၏ အခွင့်အလမ်းကို ဆုံးရှုံးသွားစေနိုင်သည်။ ထို့ပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ဖြစ်ထွန်းလာမည့် စစ်မှန်သောတူညီဆန္ဒ အလားအလာများကို ဖြိုဖျက်ကာ ဒေသဆိုင်ရာ တုံ့ပြန်မှုကို ရပ်ဆိုင်းသွားစေနိုင်သော အန္တရာယ်ကျရောက်လာသည်။

အမေရိကန်ပြည်ထောင်စုနှင့် အဓိကဒေသဆိုင်ရာမိတ်ဖက်များအတွက် ဤအခြေအနေကို လက်ဦးမှုရယူ၍ ထိန်းသိမ်းနိုင်မည့် အခွင့်အလမ်းမှာ လျင်မြန်စွာ ယုတ်လျော့ကျဆင်းလာလျက် ရှိသည်။

မည်သည့်တုံ့ပြန်မှုအတွက်မဆို ယင်းတုံ့ပြန်မှု၏ ဗဟိုချက်အနှစ်သာရသည် စစ်မက်အကြမ်းဖက်မှုများကို အဆုံးသတ်ပြီး အားလုံးပါဝင်သော စေ့စပ်ညှိနှိုင်းဆွေးနွေးရေး ဆောင်ရွက်ရန် မြန်မာနိုင်ငံ၏ ပကတိလိုအပ်ချက်ထက် စီးပွားရေးစီမံကိန်းများကို အဓိကဦးစားပေးနေသည့် တရုတ်နိုင်ငံကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်မည်။

အဆိုပါ စိန်ခေါ်မှုမျိုး ဖြစ်ပေါ်လာပါက တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသ၏ စီးပွားရေးအာမခံချက်အား ရက်စက်ပြီး တရားမဝင် မထိရောက်သော မြန်မာစစ်ကောင်စီလက်ထဲသို့ ဝကွပ်အပ်နှင်းထားရသည့် အန္တရာယ်ကို နောက်ဆုံးတွင် တရုတ်တို့ ရိပ်စားမိလာနိုင်ချေရှိသည်။

စစ်ပွဲသို့ ဦးတည်ခုတ်မောင်းနေသည့် အမြန်ရထားတစ်စီး

==============

ဧပြီလအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံမှုမှ စတင်၍ ဘေဂျင်းသည် မြန်မာစစ်ကောင်စီနှင့် စီးပွားရေးဆက်ဆံမှုများ အရှိန်မြှင့်တင် ဆောင်ရွက်နေစဉ် မြန်မာစစ်တပ်သည် လွန်ခဲ့သောသုံးလအတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားသည့်တိုက်ပွဲများတွင် ဆက်လက်အရေးနိမ့်နေခဲ့သည်။

အထူးသဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားအများစုကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ဖယ်ရှားနိုင်ခဲ့သည့် စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများတွင် စစ်တပ်၏ ထိန်းချုပ်မှု ယိုယွင်းလျက်ရှိသည်။

ယခုအခါ သီးခြားစစ်မျက်နှာ ခုနစ်ခုဖွင့်ထားရသော မြန်မာစစ်တပ်သည် စစ်မြေပြင် အဆုံးအရှုံးများကို ကာလရှည်ကြာခံစားနေရသည်။

တစ်ချိန်တည်းမှာပင် တပ်သားသစ်များ စုဆောင်း၍ သင်တန်းပေးနိုင်စွမ်းမှာလည်း မအောင်မမြင် အချည်းနှီးဖြစ်ကာ နိုင်ငံတစ်ဝှမ်းမှ အဓိကရဲတပ်ဖွဲ့များကို ဖျက်သိမ်း၍ ရဲအရာရှိများကို ရှေ့တန်းစစ်မျက်နှာသို့ မဖြစ်မနေ စေလွှတ်နေရသည့် အနေအထားဖြစ်သည်။

ထိုအချက်ကြောင့် ပြည်နယ်နှင့်တိုင်းခြောက်ခုရှိ တပ်စခန်းနေရာများကို ထိန်းထားရန် စစ်တပ်က လေတပ်အင်အားကို ပိုမိုအားကိုးလာရခြင်းဖြစ်ကာ ထိုသို့လေကြောင်းတိုက်ခိုက်မှုများက လူသားချင်းစာနာမှုနှင့် စီးပွားရေးအကြပ်အတည်းကို ပိုမို ဆိုးဝါးလာစေသလို လူထုအား ပို၍ပင် ဒေါသထွက်စေလျက်ရှိသည်။

အကြပ်အတည်းအတွက် ဆွေးနွေးပွဲများမှတစ်ဆင့် အဖြေရှာရေး တရုတ်က အပေါ်ယံအပြောသက်သက် ဆက်လက်တိုက်တွန်းနေသော်လည်း လက်တွေ့အားဖြင့်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)နှင့်ဆက်ဆံရေးကို တရုတ်က အဆင့်လျှော့ချခဲ့ပြီး၊ ၎င်း၏မဟာဗျူဟာကျသော ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် တောင်းဆိုခြင်းအားဖြင့် NUG၏ တရားဝင်မှုကို တစ်ဖက်ကလည်း ငြင်းဆန်လာခဲ့သည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းကဆိုလျှင် အရေးပါသော နိုင်ငံရေးပါတီများ အစည်းအဝေးသို့ တက်ရောက်ရန် NLD ကို တရုတ်ကွန်မြူနစ်ပါတီ(CPC)က ဖိတ်ကြားခဲ့ဖူးသည်။ သို့သော် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက ပြုလုပ်ခဲ့သော ကမ္ဘာ့နိုင်ငံရေးပါတီများ ထိပ်သီးအစည်းအဝေးအပါအဝင် နောက်ပိုင်းကျင်းပသည့် CPC၏ အခမ်းအနားများသို့ NLD ကို ထပ်မံဖိတ်ကြားခြင်း မရှိတော့ပေ။

တရုတ်၏တွက်ဆမှုများအတွက် အခြေခံအကျဆုံးအချက်မှာ မြန်မာ-တရုတ်ပြည်နယ်များ အချင်းချင်း လွန်ခဲ့သောဆယ်စုနှစ်အတွင်းက ဆောင်ရွက်ရန် ရည်မှန်းချက် ချမှတ်ခဲ့သည့် နယ်စပ်ဖြတ်ကျော် စီမံကိန်းများကို တရုတ်အနောက်တောင်ပိုင်းပြည်နယ်များက အချိန်မီပြီးစီးအောင် အကောင်အထည်ဖော်နိုင်ရေးပင် ဖြစ်သည်။

တိုးတက်မှု နှေးကွေးလာခြင်း

================

လက်ရှိ တရုတ်-မြန်မာ စွမ်းအင်ကဏ္ဍစင်္ကြန်ကို အဆင့်မြှင့်တင်ရင်း ယူနန်ပြည်နယ်မြို့တော် ကူမင်းနှင့် အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်မည့် မဟာဗျူဟာကျသော အခြေခံအဆောက်အအုံလုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်ရေးမှာ ယူနန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးအတွက် အဓိက လက်ငင်းအရေးကြီးနေသည့် အချက်အဖြစ် တရုတ်ကရှုမြင် သုံးသပ်သည်။

၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ်အတွင်း ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံသို့ ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖင်၏ စိတ်ဝင်စားစရာကောင်းလှသော ခရီးစဉ်များအပြီး ယူနန်ပြည်နယ်အပေါ် အလေးထားမှုများ ပိုမိုမြင့်မားလာသည်။ ၂၀၂၁ခုနှစ် နှစ်ကုန်ခါနီးတွင် ပြည်နယ်၏ ဖွံ့ဖြိုးရေးရည်မှန်းချက်များ ပြည့်မီရေးကို ထိခိုက်လာနိုင်သည့် တိုးတက်မှုနှေးကွေးခြင်းကို ယူနန်အရာရှိများ စတင်သတိပြုမိလာကြသည်။

ထိုအချိန်တွင် တရုတ်က ငမ်းငမ်းတက်အလိုရှိနေသည့် ဖွံ့ဖြိုးရေးစီမံကိန်းများကို အလျင်အမြန် စတင်ဆောင်ရွက်လိုကြောင်း မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း အချက်ပြလိုက်သည့်အခါ ယူနန်ပြည်နယ်အရာရှိများမှာ ၎င်းတို့၏စီမံကိန်းများအား အလျင်အမြန် ခွင့်ပြုချက်ရနိုင်မည့် အခွင့်အလမ်းအဖြစ် နားလည်လာကြသည်။

နှစ်နိုင်ငံ အလည်အပတ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဧပြီလအတွင်း တရုတ်က လက်ခံတွေ့ဆုံခဲ့အပြီး စစ်ကောင်စီနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးများ နွေးထွေးလာကာ တရုတ်၏အရေးပါသော လမ်းပန်းဆက်သွယ်ရေး စီမံကိန်းကြီးနှစ်ခုဖြစ်သည့် စစ်ဖက်−အရပ်ဘက် နှစ်မျိုးသုံးနိုင်သော အိန္ဒိယသမုဒ္ဒရာရှိ ကျောက်ဖြူဆိပ်ကမ်းစီမံကိန်းနှင့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းတို့ကို ဆက်လက်ဆောင်ရွက်ရန် စစ်ကောင်စီက သိသာမြင်သာသော ခြေလှမ်းများဖြင့် စတင်လှမ်းလာခဲ့သည်။

စစ်ကောင်စီက အဆိုပါစီမံကိန်းနှစ်ခုအတွက် အကဲဖြတ်မှုများကို မေလနှင့်ဇွန်လအတွင်း ဆောင်ရွက်ခဲ့ပြီး တရုတ်ဘက်ကလည်း အပြုသဘောတုံ့ပြန်လက်ခံကာ လွန်ခဲ့သော ရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်နှင့် အချိန်ကိုက်၍ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အချို့ကို တရုတ်က မြန်မာစစ်ကောင်စီနှင့် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည်။

ပဋိပက္ခစိန်ခေါ်မှုများ

============

မြန်မာစစ်ကောင်စီက အဆိုပါစီမံကိန်းများကို စတင်ဆောင်ရွက်ရန် စိတ်အားထက်သန်နေသော်လည်း ပြင်းထန်သည့် ပြည်တွင်းစစ် အခြေအနေကြောင့် အခြေခံအဆောက်အအုံ စီမံကိန်းကြီးများကို မည်သည့်ပုံစံဖြင့်ဆောင်ရွက်စေကာမူ ၎င်းနှင့်တွဲလျက်ပါလာမည့် စိန်ခေါ်မှုများကို သိရှိထားရန် အရေးကြီးသည်။

ဒေသခံများ၏ သိမ်းပိုက်မှု မခံရအောင်နှင့် ရွေးကောက်ခံအစိုးရသို့ လွှဲအပ်ရန် တွန်းအားပေးခြင်းမှ ကာကွယ်ပေးနိုင်ရန် တို့အပါအဝင် အဓိကအခြေခံ အဆောက်အအုံ စီမံကိန်းကြီးများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရုံ အတွက်ပင်လျှင် စစ်ကောင်စီသည် ၄င်း၏တပ်ဖွဲ့အများအပြားကို ဖြန့်ကျက် နေရာချထားနေရပြီးဖြစ်သည်။ စစ်တပ်ပါဝင်ပတ်သက်သော အဆိုးဝါးဆုံးဖြစ်ရပ်မှာ တရုတ်ဝမ်ပေါင် သတ္တုတွင်းကုမ္ပဏီက ပိုင်ဆိုင်သည့် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းဖြစ်သည်။

စစ်တပ်က ကုမ္ပဏီရုံးချုပ်အတွင်း တပ်ဖွဲ့များကိုတပ်စွဲ၍ ၄င်းတို့ထိန်းချုပ်မှုအား စိန်ခေါ်သူများကို တိုက်ခိုက်ရန် ဝမ်ပေါင်၏ရုံးခန်းကို အခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့သည်။ သို့ဖြစ်၍ ဝမ်ပေါင်သည် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၌ ကြံရာပါဖြစ်ကာ ဖြစ်ပွားဆဲပြည်တွင်းစစ်တွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့တစ်ခုဖြစ်လာသည်။

လူထုဆန့်ကျင်မှုအတွက် စစ်အင်အားသည်သာ စစ်တပ်၏ တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်သဖြင့် စီမံကိန်းအသစ်တိုင်းတွင် လက်ပန်းတောင်းတောင်ကဲ့သို့ အလားတူအကြမ်းဖက်မှုများ ဖြစ်ပေါ်မည်ဟု ယုံကြည်နိုင်စရာအကြောင်းရှိသည်။

မန္တလေးသို့ဖောက်လုပ်မည့် အဆိုပြုရထားလမ်းသည် စစ်တပ်က ထိန်းချုပ်ထားနိုင်ခြင်း မရှိသော ဒေသအများအပြားတည်ရှိရာ မကွေးတိုင်းဒေသကြီးကို ဖြတ်သန်းဖောက်လုပ်ရမည် ဖြစ်သဖြင့် အဆိုပါရထားလမ်း စီမံကိန်းတစ်ဝိုက်တွင် ပဋိပက္ခများ အထူးပြင်းထန်လာဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

ရထားလမ်းစီမံကိန်းအတွက် မကွေးတိုင်းနှင့်အလားတူ အရေးကြီးသည့်အချက်မှာ ရှမ်းပြည်နယ် အခြေအနေဖြစ်သည်။ စစ်တပ်သည် ရှမ်းပြည်နယ်အတွင်း ရှုပ်ထွေးသော တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် ရင်ဆိုင်နေရပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ပြိုင်ဖက်လက်နက်ကိုင်အဖွဲ့များသည် နယ်မြေထိန်းချုပ်နိုင်ရေး၊ ဩဇာလွှမ်းမိုးရေးအတွက် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်လျက်ရှိရာ အဓိကပို့ဆောင်ထောက်ပံ့ရေး လမ်းကြောင်းများ၌ အချင်းချင်းထိတွေ့ ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်နေသည်။

တရုတ်-အာဆီယံ ပွတ်တိုက်မှုများ

===============

မြန်မာစစ်ကောင်စီကို ထောက်ခံသည့် အဓိကအပြည်ပြည်ဆိုင်ရာအင်အားစုမှာ တရုတ်နိုင်ငံဖြစ်ကြောင်း သံသယဖြစ်စရာ မရှိသော်လည်း မိမိသဘောဆန္ဒအလျောက် နှစ်နိုင်ငံအကြားဆောင်ရွက်မှု သို့မဟုတ် ဒေသဆိုင်ရာအဖွဲ့များ၏ ထောက်ခံမှုမပါဘဲ ဆောင်ရွက်မှုဟူ၍ ရှုမြင်ကြမည်ကိုလည်း ဘေဂျင်းက မလိုလားပေ။

မြန်မာ့အကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံဗဟိုပြုမှု အခြေခံသဘောတရားသည် မှန်ကန်သော နိုင်ငံစုံပါဝင်မှုနည်းလမ်း ဖြစ်သည်ဟုဆိုကာ တရုတ်၏ အစောပိုင်းမူဝါဒသည် အာဆီယံအပေါ် တည်မှီနေခဲ့သည်။

တရုတ်၏ အဆိုပါရပ်တည်မှုကြောင့် မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆွေးနွေးမှုများမှ ဖယ်ထုတ်ထားနိုင်ခဲ့ကာ နိုင်ငံများအနေဖြင့် အာဆီယံတူညီဆန္ဒ အခြေပြုမူဘောင်အတွင်း၌သာ ပိုမိုအားကြိုးမာန်တက် တုံ့ပြန်ဆောင်ရွက်ကြရန် တွန်းအားပေးနိုင်ခဲ့သည်။

အာဆီယံသည် မြန်မာ့အရေး တူညီဆန္ဒငါးရပ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလက ထုတ်ပြန်ခဲ့သော်လည်း ၎င်းသည် အမည်နာမအားဖြင့်သာ တူညီဆန္ဒဖြစ်ပြီး သဘောကွဲလွဲမှုများရှိနေသည်။ အထူးသဖြင့် အာဆီယံပင်လယ်ပိုင်း နိုင်ငံများနှင့် ကုန်းတွင်းပိုင်း နိုင်ငံများအကြား အဓိကသဘောကွဲလွဲမှုများ ရှိနေသည်။

ပင်လယ်ပိုင်းနိုင်ငံများက လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆွေးနွေးပွဲ၌ အတိုက်အခံများကို ပါဝင်ခွင့်ပြုရန် စစ်ကောင်စီ၏ ငြင်းဆန်နေမှုများအပေါ် စိုးရိမ်မကင်းဖြစ်ကြသည်။ မဲခေါင်မြစ်ကမ်းဘေး နိုင်ငံအများစုမှာ အာဏာရှင်နိုင်ငံများဖြစ်ကာ ကမ္ဘောဒီးယားနှင့် လာအိုတို့သည် ပထဝီနိုင်ငံရေး ကိစ္စများ၌ တရုတ်နှင့် အပြည့်အဝ မဟာမိတ်ပြုသော နိုင်ငံများဖြစ်ကြသည်။

၂၀၂၁ ခုနှစ် တစ်နှစ်လုံးနီးပါးပင် အကြပ်အတည်းကို ဖြေရှင်းမည့် စစ်ကောင်စီ၏ အစီအစဉ်ကို ထောက်ခံရန် အာဆီယံပင်လယ်ပိုင်းနိုင်ငံများကို တရုတ်က တွန်းအားပေးနေခဲ့သည်။ ၎င်းအစီအစဉ်မှာ စစ်ကောင်စီ လိုလားသော ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း၊ EAOs အဖွဲ့ငယ်အချို့ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ရွေးချယ်ဆွေးနွေးခြင်း၊ စီးပွားရေးစီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော်ခြင်းနှင့် နောက်ဆုံးတွင် စစ်တပ်ကိုယ်စားပြု နိုင်ငံရေးပါတီအစိုးရကို အာဏာလွှဲပေးရန် အတုအယောင် ရွေးကောက်ပွဲ ကျင်းပခြင်းတို့ ဖြစ်သည်။

သို့သော် မလေးရှား၊ အင်ဒိုနီးရှား စသည့် အဓိကအာဆီယံ ပင်လယ်ပိုင်းနိုင်ငံများက စစ်ကောင်စီ၏ လမ်းပြမြေပုံကို ပယ်ချကာ အာဆီယံအား မြန်မာအတိုက်အခံတို့နှင့် ဆွေးနွေးရန် တောင်းဆိုသည့်အခါ တရုတ်တို့ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။

ယမန်နှစ်နှောင်းပိုင်းတွင် ကမ္ဘောဒီးယားက အာဆီယံဥက္ကဌရာထူးကို လွှဲပြောင်း ရယူသည့်အခါ အာဆီယံက မြန်မာစစ်ကောင်စီကို အသိအမှတ်ပြု လက်ခံလာအောင် ဆောင်ရွက်နိုင်မည့် အာဆီယံ အထူးကိုယ်စားလှယ်ရာထူးကို ကမ္ဘောဒီးယားကရယူ၍ အကောင်းဆုံး အသုံးချနိုင်လိမ့်မည်ဟု အစောပိုင်းတွင် တရုတ်တို့က ယူဆနေခဲ့သည်။

ပင်လယ်ပိုင်းအဖွဲ့ဝင်နိုင်ငံများ၏ အဆက်မပြတ် တွန်းအားပေးမှုနှင့် ရင်ဆိုင်ရသည့်အခါ ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံဥက္ကဌနှင့် အထူးကိုယ်စားလှယ် အခန်းကဏ္ဍနှင့် ရပ်တည်မှုအပေါ် ဇဝေဇဝါဖြစ်လာပြီး ဆုံးဖြတ်ချက် မချမှတ်နိုင်ဘဲဖြစ်ကာ ဝန်ကြီးချုပ်ဟွန်ဆန်ကိုယ်တိုင်က မြန်မာ့အရေး ကမ္ဘောဒီးယား၏ ကြိုးပမ်းမှုကို လက်လျှော့ရတော့မည်ဟူ၍ပင် ကြေညာရသည်အထိ ဖြစ်လာသည်။

အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်ပြုရန် လန်ချန်း-မဲခေါင်အဖွဲ့၏ သဘောတူညီချက်

===================

အာဆီယံက လက်မခံသည့်အခါ ဒေသဆိုင်ရာအဖွဲ့တစ်ခုခု၏ ထောက်ခံမှုရရှိနိုင်ရေးအတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (LMC)ဘက်သို့ တရုတ်က ဦးလှည့်လာသည်။ မဲခေါင်ဒေသ၌ တရုတ်၏ ပါဝင်ပတ်သက်မှုကို တိုးမြှင့်မည့် ပလက်ဖောင်းအဖြစ် ၂၀၁၆ ခုနှစ်က တည်ထောင်ခဲ့သော LMC တွင် မဲခေါင်မြစ်ဝှမ်းဒေသရှိ နိုင်ငံများ ပါဝင်ကာ ရေအရင်းအမြစ် ဖွံ့ဖြိုးရေးကို အဓိက အလေးပေးသော အဖွဲ့ဖြစ်သည်။

မဲခေါင်မြစ်၏ တရုတ်နိုင်ငံအတွင်းရှိ အစိတ်အပိုင်းကို လန်ချန်းမြစ်ဟုခေါ်သည်။ အာဆီယံ ပင်လယ်ပိုင်းနိုင်ငံများနှင့် မတူညီဘဲ မည်သည့်မဲခေါင်ဒေသနိုင်ငံကမျှ မြန်မာစစ်တပ်နှင့် ဆက်ဆံရေး တိုးမြှင့်ရန်မလိုလားကြောင်း ပြသခဲ့ခြင်း မရှိပေ။

အနောက်အုပ်စု၌ ယူကရိန်းပဋိပက္ခကြောင့် အာရုံများနေချိန်တွင် တရုတ်နှင့် မြန်မာစစ်ကောင်စီသည် လန်ချန်း-မဲခေါင် ၇ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တိုးတိုးတိတ်တိတ် စီစဉ်ကာ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီ မရောက်ရှိမီ ရက်ပိုင်းအလိုကျမှသာ အစီအစဉ်များကို လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

လာအိုနိုင်ငံက ပူးတွဲဥက္ကဌဖြစ်ခဲ့သည့် ၂၀၂၁ခုနှစ်ကအတိုင်း တရုတ်နိုင်ငံက အစည်းအဝေးကို အိမ်ရှင်အဖြစ် အလွယ်တကူ လက်ခံကျင်းပနိုင်သည့် အနေအထားရှိသည်။ သို့သော် ယခုနှစ်ပူးတွဲဥက္ကဌဖြစ်သော မြန်မာစစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပစေရန် တရုတ်က တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ အစည်းအဝေးလက်ခံကျင်းပခြင်းသည် အာဆီယံအဖွဲ့အတွက် ကြီးမားသည့်စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။ စစ်အစိုးရ၏ အကြီးတန်း ကိုယ်စားလှယ်များနှင့် လွန်ခဲ့သည့်အပတ်က ကျင်းပသော အဆင့်မြင့်အရာရှိများ အစည်းအဝေးသို့ တရုတ်နှင့်အတူ အာဆီယံအဖွဲ့ဝင် ၄ နိုင်ငံတက်ရောက်ခဲ့သည်။

ယင်းအချက်က အဆင့်မြင့် အစည်းအဝေးများ၌ မြန်မာစစ်ကောင်စီကို တက်ရောက်ခွင့်မပြုရန် အာဆီယံ၏ အဓိကကျသော ဆုံးဖြတ်ချက်အပေါ် ဆိုးဝါးစွာထိခိုက်ခဲ့ပြီး လန်ချန်း-မဲခေါင်အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စစ်ကောင်စီက သံတမန်အကျိုးအမြတ်များ ရရှိသွားသည့်အခါ အာဆီယံ၏ အကောင်းဆုံး ဆောင်ရွက်နိုင်စွမ်းကိုလည်း အားပျော့သွားစေခဲ့သည်။

ထို့အပြင် အတိုက်အခံများနှင့် ရင်ဆိုင်ရာတွင် စစ်ကောင်စီအား ပိုမိုရဲတင်းလာစေမည်ဖြစ်သဖြင့် မြန်မာစစ်ကောင်စီ တက်ရောက်သော မည်သည့် LMC အစည်းအဝေးကိုမဆို သပိတ်မှောက်ကြရန် မဲခေါင်ဒေသနိုင်ငံများအား NUGက တောင်းဆိုလာခဲ့သည်။

ပိုမိုပြင်းထန်သည့် အရေးယူမှု ပြုလုပ်ရန် အခွင့်အလမ်း

===============

ထို့အပြင် စစ်ကောင်စီအတွက် နောက်ထပ်အားပေးမှုတစ်ခုအဖြစ် ယခုနှစ်မကုန်မီ ပြုလုပ်မည့် LMC ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံက လက်ခံကျင်းပမည့် အစီအစဉ်ကို တရုတ်က အစည်းအဝေး၌ ကြေငြာလိုက်ရာ အကြမ်းဖက်မှုများ ရပ်တန့်အောင် အာဆီယံ၏ ကြိုးပမ်းမှုများအပေါ် နောက်ထပ်ထိုးနှက်မှုတစ်ရပ် ဖြစ်ခဲ့သလို မြန်မာ့အရေးကို ပိုမိုအရေးကြီးသော ဒေသဆိုင်ရာလုံခြုံရေး ခြိမ်းခြောက်မှုတစ်ခုအဖြစ်သို့ ရောက်ရှိသွားစေခဲ့သည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်တည်ဆောက်နိုင်ရေး ကြိုးပမ်းရာတွင် ယခုကဲ့သို့ ပိုမိုကြီးမားသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်လာရသည့်အခါ အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်များမှာ မည်သို့ဆက်လက် ဆောင်ရွက်နိုင်မည်နည်းဟု မေးခွန်းထုတ်စရာဖြစ်လာသည်။

အောက်ပါ နည်းလမ်းသုံးခုကို ထည့်သွင်းစဉ်းစားနိုင်သည်-

၁။ မဲခေါင်-အမေရိကန်မိတ်ဖက်ပူးပေါင်းမှု၊ ဂျပန်-မဲခေါင် မိတ်ဖက်ပူးပေါင်းမှုနှင့် မဲခေါင်-ဩစတြေလျ မိတ်ဖက်ပူးပေါင်းမှု တို့အပါအဝင် မဲခေါင်ဒေသ ဆွေးနွေးဖက်နိုင်ငံ အစီအစဉ်များ၌ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခြင်း။

၂။ မဟာဗျူဟာ စီးပွားရေးစီမံကိန်းများထက် ငြိမ်းချမ်းရေးကို ဦးစားပေးရန် လိုအပ်ကြောင်း တရုတ်နိုင်ငံနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းနှင့်

၃။ NUG နှင့် အတိုက်အခံများနှင့် တိုက်ရိုက်ချိတ်ဆက်မည့် အားလုံးပါဝင်သော ချဉ်းကပ်မှုကို တောင်းဆိုနေသော မလေးရှား၊ အင်ဒိုနီးရှားစသည့် အာဆီယံပင်လယ်ပိုင်းနိုင်ငံများကို ပိုမို ထောက်ခံခြင်း တို့ဖြစ်သည်။

မြန်မာစစ်ကောင်စီ၏ အကြမ်းဖက်မှုနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများ စတင်ရန် အတင်းအကြပ် ဆောင်ရွက်မှုတို့မှာ သံခင်းတမန်ခင်း အကျိုးအမြတ်အချို့ ရရှိခြင်းမှအပ အပြီးသတ်အောင်မြင်မှု ရရှိမည် မဟုတ်ကြောင်း တရုတ်တို့ နောက်ဆုံးရှာဖွေတွေ့ရှိလာရဖွယ် ရှိသည်။

မြန်မာစစ်ကောင်စီအပေါ် ယခုကဲ့သို့ မိုက်မဲသော လောင်ကြေးထပ်မှု၏ အလျော်အစားကို တရုတ်က အကုန်အကျ ခံနိုင်ဖွယ်ရှိသော်လည်း အမှန်တကယ် ပေးဆပ်ရမည့်သူများမှာ မြန်မာပြည်သူများပင် ဖြစ်ပေလိမ့်မည်။

(USIP တွင် ဖော်ပြထားသော Jason Tower ၏ “China Bets Strategic Projects, Regional Stability on Myanmar Coup Regime” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article