By အောင်ကောင်းမြတ်
တတိယအင်အားစု လှုပ်ရှားမှုသည် အတိုက်အခံနှင့် လူထုအပေါ် စစ်တပ်က စေတနာမှန်သည် ဟူသော သက်သေ အထောက်အထား မရှိသည့် ယူဆချက်အပေါ် အခြေခံထားသည်။
၎င်းအင်အားစုက အဆိုပြုသော အစိုးရအကြံပေး နည်းလမ်းများသည် မြန်မာပြည်သူတို့၏ ဘဝအခြေအနေကို တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်နိုင်စေကာမူ၊ လယ်ပြင်မှာဆင်သွားသလို ၎င်းတို့ ထင်ရှားစွာ ရှောင်ကွင်းသွားသည့်အချက်မှာ စစ်တပ်သည် တိုင်းပြည်က ရင်ဆိုင်နေရသော အခက်အခဲ အများအပြား၏ အဓိကအကြောင်းရင်း ဖြစ်နေသော ပြဿနာပင် ဖြစ်သည်။
အရပ်ဖက်ကိစ္စများ၌ စစ်တပ်က အမြဲဝင်စွက်ဖက်နေမှုနှင့် လူထုအပေါ် အကြမ်းဖက် နှိမ်နှင်းမှုများသည် အကြီးမားဆုံးသော နိုင်ငံရေးပြဿနာများ ဖြစ်သည်။ ဆွေးနွေးအဖြေရှာရေးနှင့် ရင်ကြားစေ့ နိုင်ငံရေးမှာ စစ်တပ်က ခွင့်ပြုသလောက်သာ ခရီးဆက်နိုင်သည်။ အာဏာအပြည့် ရယူထားသော စစ်တပ်က ဒီမိုကရေစီအရ ရွေးချယ်ထားသော ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများကို ထိန်းသိမ်းရန် ဆုံးဖြတ်လိုက်သည့်အခါ အဆိုပါလုပ်ရပ်ကို ထိန်းကျောင်းနိုင်မည့် မည်သည့်အကာအကွယ်မျိုးမျှ ရှိမနေခဲ့ပေ။
ပြန်တွေးကြည့်မည်ဆိုပါက ဦးသိန်းစိန်အစိုးရ ဆောင်ရွက်ခဲ့သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများသည် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ၏ ထူးခြားလက္ခဏာ တစ်ခုဆိုသည်ထက် စနစ်ယန္တရား၌ တဒင်္ဂခဏ စက်ကြောင်သွားခြင်းဟုသာ ဆိုနိုင်ကောင်းမည်။ ကြီးမားသည့် ထိန်းချုပ်ကွပ်ကဲမှုများဖြင့် ရွေးကောက်ခံ အာဏာရှင်စနစ်ကို ကျင့်သုံးကာ အာဏာကို ဆက်လက်ထိန်းသိမ်းထားရန်သာ စစ်သားအိုကြီးများက ရည်မှန်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ဦးသိန်းစိန်က ဇာတ်ညွှန်းဖတ်ရာတွင် အနည်းငယ် လွဲသွားပုံရသည်။ အစောပိုင်း ပြုပြင်ပြောင်းလဲမှုများအပြီး ၎င်းကို ပြုပြင်ပြောင်းလဲရေးသမား၊ အာဏာကို မလွတ်တမ်း ဆုပ်ကိုင်ထားလိုသည့် ယခင် စစ်ခေါင်းဆောင်များနှင့် မတူဘဲ လမ်းခွဲထွက်လာသူဟု အများက ယူဆခဲ့သည်။ အနောက်မီဒီယာများ ကဆိုလျှင် ဦးသိန်းစိန်ကို မီခေးဂေါ့ဗာချော့ဗ်နှင့်ပင် နှိုင်းယှဉ်လာသည်။
၎င်း၏ လွတ်မြောက်ရေး အားထုတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group)က ဦးသိန်းစိန်အား ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့သလို ၂၀၁၃ ခုနှစ်ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက်ပင် အမည်စာရင်း တင်သွင်းခြင်း ခံခဲ့ရသည်။
ယခင် စစ်ဗိုလ်ချုပ်ကြီးဘဝက လုံးဝမမျှော်လင့်နိုင်ခဲ့သော နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိလာခြင်းက ဦးသိန်းစိန်၏ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်မှုကို အားပေးအားမြှောက် ပြုခဲ့ပုံရပြီး၊ နောက်ပိုင်း ၎င်း၏ ပြုပြင်ပြောင်းလဲမှု အစီအစဉ်များမှာ ပိုမိုရဲရဲတင်းတင်း ဖြစ်လာသည်။ ၂၀၁၀ရွေးကောက်ပွဲနှင့် ၂၀၀၈ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများနှင့် မတူဘဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို မဲမသမာမှုဖြစ်သည့် အထောက်အထား မရှိသလောက်ဖြင့် ကျင်းပခဲ့ကာ အတိုက်အခံ အင်န်အယ်လ်ဒီတို့ အောင်ပွဲခံခဲ့သည်။
အပေါ်ယံကြည့်လျှင် မြန်မာသည် ဖွံ့ဖြိုးဆဲ ကမ္ဘာ့တောင်ခြမ်း၌ စစ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေးသို့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းသည့် နောက်ထပ်နမူနာကောင်း တစ်ခုဖြစ်သည်။ သို့သော် အရပ်သား ကြီးကြပ်ကွပ်ကဲမှုမှ လွတ်ကင်းနေသော စစ်ဗိုလ်ချုပ်ကြီးများကမူ စစ်တန်းလျားများ၌ မည်သည့် မည်မည်ရရ အပြောင်းအလဲမျှ မဖြစ်ရအောင် အရာရာကို စိတ်ချနေချင်လျက်ရှိသည်။
ထိုအတောအတွင်း အင်စတီကျူးရှင်း တစ်ခုဖြစ်သော စစ်တပ်သည် မိမိကိုယ်မိမိ ဝိုင်းအတိုက်ခံနေရသည်ဟု ရှုမြင်နေသည့် စိတ်နေသဘောထားကို စွန့်လွှတ်တော့မည့် လက္ခဏာပြသခြင်း မရှိပေ။ စစ်သားများနှင့် ၎င်းတို့၏ မိသားစုများကို သီးသန့်စစ်တပ် ခြံဝင်းများအထဲ၌သာ နေထိုင်ပြီး ပြင်ပလူ့အဖွဲ့အစည်းနှင့် အဆက်ဖြတ်ထားရန် တိုက်တွန်းကြသည်။
ယင်းနောက်ခံအနေအထားတွင် လူမျိုးရေး၊ ဘာသာရေးနှင့် လူများစု ဗမာသမိုင်းကြောင်း အခြေခံ အမျိုးသားရေးဝါဒသည် စစ်တပ်၏ အဓိကဝါဒပင် ဖြစ်သည်။ စစ်တပ်ခြံစည်းရိုးများအတွင်း ဆိုဗီယက်ပုံစံ ဝါဒရေးရာ ဆောင်ပုဒ်များက စစ်သားများကို ပြင်ပကမ္ဘာ၏ အန္တရာယ်အကြောင်း သတိပေးနေဆဲပင်။ ဗိုလ်ချုပ်ကြီးများသည် ကမ္ဘာ့အရေးနှင့် ပြည်တွင်းသတင်းများကို ၎င်းတို့၏ အစွန်းရောက် အမျိုးသားရေးအမြင်ဖြင့် ဘာသာပြန်၍ သဘောပေါက်နားလည်ကြသည်။
အာဖဂန်နစ္စတန်နှင့် အီရတ်ကို တိုက်ခိုက်သော အမေရိကန်၏ ကျူးကျော်မှုနှင့် စစ်အစိုးရ လူ့အခွင့်အရေး မှတ်တမ်းများအပေါ် အနောက်နိုင်ငံအစိုးရများ၏ ဝေဖန်မှုကို ဆက်စပ်ဖော်ပြသည်။ အနောက်နိုင်ငံများ၌ ဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အာဆာ(ARSA)အဖွဲ့တို့ကို ဂျီဟတ်စစ်ဆင်ရေး ဟူသော တံဆိပ်တစ်ခုတည်း ကပ်ကြသည်။
အဆိုပါ အမြင်များက အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းတို့၏ ရှုမြင်သုံးသပ်မှုအပေါ် သက်ရောက်မှုရှိနေသည်။ နိုင်ငံခြားသား ဗြိတိသျှလူမျိုး ပညာရှင်တစ်ဦး၏ ဇနီးဖြစ်ပြီး ပြည်ပသွေးနှောသည့် သားနှစ်ဦး၏ မိခင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ယခင်က ပြည်ပသူလျှို လုပ်ဖူးသည်ဟု စွပ်စွဲထားသော ဝါဒဖြန့်တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။
နိုင်ငံခြားသူလျှိူအဖြစ် ယူဆသော ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား မည်သူမဆိုအပေါ် ရန်လိုပုတ်ခတ် ပြောဆိုမှုများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ၌ အစိုးရပိုင် သတင်းစာ စာမျက်နှာများမှသည် လူမှုကွန်ရက် မီဒီယာသတင်းမှား စစ်ဆင်ရေးများသို့ ကူးပြောင်းရောက်ရှိလာသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အများက “အမေစု” ဟုခေါ်ကြသော်လည်း စစ်တပ်လိုလားသူများ၏ ဖေ့စ်ဘွတ်ပေါ်မှ ပြက်လုံးများ၌မူ ဒေါ်အောင်ဆန်းစုကြည်အား ဗုဒ္ဓဘာသာကိုဖျက်ဆီးသူ၊ ဗုဒ္ဓဘာသာအများစု ရှိသော မြန်မာနိုင်ငံကို တိုက်ခိုက်ရန် တစ်ကမ္ဘာလုံးမှ မွတ်ဆလင်များ၏ ပူးပေါင်းကြံစည်မှုတွင် ကြံရာပါဖြစ်သူ စသည်ဖြင့် ပုတ်ခတ်ပြောဆိုကြသည်။ မွတ်ဆလင်ဆန့်ကျင်ရေးအမြင်နှင့် စစ်တပ်၏ အမျိုးသားရေး အစွန်းရောက် အမြင်တို့မှာ အတူယှဉ်တွဲ ဖြစ်ပေါ်လျက်ရှိသည်။
၂၀၂၀ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင် အမျိုး၊ ဘာသာကို ကြည့်၍ မဲပေးရန် ကာကွယ်ရေးဦးစီးချုပ်က စစ်မှုထမ်းဟောင်းများအား မှာကြားခဲ့ရာ မွတ်ဆလင်အမတ်လောင်းများကို မဲမပေးရန် အမျိုးသားရေးဝါဒီများ အချင်းချင်း စည်းရုံးဆော်ဩမှုများ ဖြစ်ပေါ်လာစေခဲ့သည်။ ဗိုလ်ချုပ်ကြီးများနှင့် မည်မျှပင် ပူးပေါင်းဆောင်ရွက်စေကာမူ ၎င်းတို့အား နိုင်ငံရေးလောကမှ ထွက်ခွာသွားအောင် နားလည် သဘောပေါက်နိုင်စေခြင်းကား မရှိခဲ့ပေ။
ထို့အပြင် ၁၃ ရာစုမှသည် ဗြိတိသျှကိုလိုနီဘဝအထိ ဗမာတို့က ဆက်တိုက် အုပ်စိုးခဲ့သည့်သမိုင်းကို စစ်တပ်၏ အဓိပ္ပာယ်ကောက်ယူမှုကလည်း အရပ်သားထက် စစ်တပ်ကြီးစိုးမှုကများကြောင်း ၎င်းတို့၏ ယုံကြည်ချက်ကို ပိုမိုခိုင်မာစေလျက်ရှိသည်။
ထိုအဓိပ္ပာယ်ဖော်မှုအရ မြန်မာ့သမိုင်းတွင် ပြည်ပကျူးကျော်မှုနှင့် ကြုံလာသည့်အခါ စစ်တပ်အင်အားချိနဲ့သည့် အချိန်မျိုးတွင်သာ နိုင်ငံ့လွတ်လပ်ရေးကို ဆုံးရှုံးရသည်ဟု ဆိုသည်။ ထိုသင်ခန်းစာကို အခြေခံ၍ စစ်တပ်သည် မိမိအင်အားကို ပိုမိုခိုင်မာအောင် စဉ်ဆက်မပြတ် ကြိုးပမ်းနေရမည်ဖြစ်ကာ အင်အားမရှိပါက ပြည်ပလက်ထဲသို့ အချိန်ရွေးကျရောက်သွားမည်ဟု ဗိုလ်ချုပ်ကြီးများက ကောက်ချက်ဆွဲကြသည်။
အဆိုပါ နိုင်ငံခြားသားကို ကြောက်သော အမျိုးသားရေးဝါဒနှင့် အရပ်သားအင်စတီကျူးရှင်းများကို အထင်အမြင်သေးမှုတို့ ပေါင်းစပ်ဖြစ်ပေါ်လာသော သဘောထားအမြင်များကို ပြည်သူသို့ ပြောကြားသည့် မိန့်ခွန်းများ၌ တွေ့မြင်နိုင်သည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အကျင့်ပျက်ခြစားသော ပါတီနိုင်ငံရေးနှင့် စစ်တပ်ပါဝင်သော အမျိုးသားနိုင်ငံရေးတို့ကို မကြာခဏ နှိုင်းယှဉ်ပြောဆိုလေ့ရှိသည်။
အဆိုပါနှိုင်းယှဉ်မှုအရ နိုင်ငံခြားသား သူလျှိူများ၏ စည်းစိမ်ဉစ္စာဖြင့် ဆွဲဆောင်မှုနောက်ကို အရပ်သားများက ပါသွားနိုင်သော်လည်း စစ်သားများကမူ ထိုဆွဲဆောင်မှုဒဏ်ကို ခုခံနိုင်စွမ်းရှိသည့် သဘောမျိုးဖြစ်သည်။ အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ရှောင်တန်နယ်နှင့် အခြားနိုင်ငံခြားသားများအား ဖမ်းဆီးခဲ့မှုသည် အဆိုပါ နိုင်ငံခြားသားကြောက် ရောဂါကြောင့်ပင် ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အကူအညီများ ရရှိနေသော ပရဟိတအဖွဲ့များအား နိုင်ငံပျက်စီးအောင် ပူးပေါင်းကြံစည်နေကြသည်ဟု စစ်အစိုးရ လိုလားသော ဝါဒဖြန့်ယန္တရားက ပစ်မှတ်ထား ပုံဖော်လျက်ရှိရာ အဆိုပါ ပရဟိတအဖွဲ့များမှ ဝန်ထမ်းများမှာလည်း ဖမ်းဆီးထိန်းသိမ်း ခံနေကြရသည်။
တိုင်းပြည်အပေါ် ဘဏ္ဍာရေးအရ ပူးပေါင်းကြံစည်တိုက်ခိုက်မှုတွင် နိုင်ငံခြားသားများ ပါဝင်မည်ကို စိုးရိမ်၍ စစ်အစိုးရသည် ယမန်နှစ် ဩဂုတ်လက ဘဏ်လုပ်ငန်းကဏ္ဍ၌ နိုင်ငံခြားသားဝန်ထမ်း ခန့်အပ်မှုကို ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။ အပြင်လူများအတွက် လုံးဝနားမလည် နိုင်စရာဖြစ်ရသော အဆိုပါလုပ်ရပ်မျိုးကို စစ်တပ်၏ အစွန်းရောက် အမျိုးသားရေးဝါဒအကြောင်း နားလည်ထားမှသာလျှင် သိရှိ သဘောပေါက် နိုင်လိမ့်မည် ဖြစ်သည်။
မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းတွင် ပြည်တွင်းအငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် ကျွမ်းကျင်မှုများ မရှိပေ။ ကိုလိုနီဆန့်ကျင်ရေး ရုန်းကန်မှုနှင့် ၎င်းမှ ဆက်ဖြစ်လာသော ပြည်တွင်းစစ်တို့မှ ပေါက်ဖွားလာသည့် မြန်မာ့စစ်တပ်၏ စုပေါင်းခေါင်းဆောင်မှုသည် တိုင်းရင်းသားလူနည်းစုများ (ယခုဗမာအများစုပါသော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ) ၏ ကျေးရွာများကို မီးရှို့ခြင်း၊ အရပ်သားဒေသများကို မဆင်မခြင် အမြောက်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကိုင်သည်ဖြစ်စေ၊ လက်နက်မကိုင်သည်ဖြစ်စေ အတိုက်အခံများကို ချေမှုန်းရန် ကြမ်းတမ်းသည့် စစ်ဗျူဟာများ ကျင့်သုံးခြင်း စသည့် အကြမ်းဖက်မှု ဘာသာစကားကိုသာ ပြောဆိုနိုင်ကြသည်။
၁၉၈၈ ခုနှစ်က ပြည်သူများ လမ်းမများပေါ်ထွက်၍ အပြောင်းအလဲအတွက် တောင်းဆိုသည့်အခါ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးနေဝင်းက “စစ်တပ်ဆိုတာပစ်ပြီဆိုရင် တကယ်ထိအောင်ပစ်တယ်” ဟူ၍ ရုပ်မြင်သံကြားမိန့်ခွန်းတွင် သတိပေးခဲ့သည်။ ၁၉၈၈ ဆန္ဒပြပွဲများအား ပစ်ခတ်ရန် တပ်ဖွဲ့များကို ပစ်မိန့်ပေးလိုက်သည့်အခါ လူထောင်နှင့် ချီ၍သေဆုံးခဲ့သည်။
နောက်နှစ် ၃၀ ခန့်အကြာတွင်လည်း လုံခြုံရေးတပ်ဖွဲ့များသည် လူ့အသက်နှင့် ဂုဏ်သိက္ခာအပေါ် ၎င်းတို့၏ ဗြောင်ကျကျ ဂရုမစိုက်မှုကို ဆက်လက် ပြသနေဆဲဖြစ်သည်။ နိုင်ငံအဝှမ်းဆန္ဒပြပွဲများ ပြင်းထန်လာသည့်အခါ စစ်တပ် ထိန်းချုပ်ထားသည့် မီဒီယာများက ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ဆုံပါက “အသက်ဆုံးရှုံးနိုင်ကြောင်း” ပြင်းထန်စွာ သတိပေးခဲ့သည်။
ယခု ဆောင်းပါးရေးနေချိန်အထိ သေဆုံးသူ ၂,၀၀၀ ကျော်ပြီဖြစ်ကာ စစ်တပ်နှင့် ရဲတပ်ဖွဲ့က နောင်တရသည့် လက္ခဏာတစ်စုံတစ်ရာ ပြသခြင်းမရှိသေးပေ။ ပျံ့နှံလာသည့် ဗီဒီယိုဖိုင်တစ်ခုတွင် ဆန္ဒပြသူတစ်ဦးကို ပစ်ခတ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အောင်ပွဲခံနေပုံကို တွေ့ရသည်။ စစ်တပ်၏ ကွပ်ကဲမှုအောက်မှ တပ်စုများ၏ အပြုအမူသည် ဥပဒေစိုးမိုးရေး တပ်ဖွဲ့ဝင်များ ဆိုသည်ထက် ကျူးကျော်ဝင်ရောက်လာသည့် အဖွဲ့များနှင့် ပိုတူနေသည့် အခြားအလားတူ သာဓက အများအပြားလည်း ရှိသည်။
စစ်တပ်၏ ပြည်တွင်းစစ် အတွေ့အကြုံများကြောင့် အရပ်သားများကို ၎င်းတို့က ရန်သူသဖွယ် ဆက်ဆံနေခြင်း ဖြစ်သည်။ အဆိုပါ လုပ်ရပ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အဘယ့်ကြောင့် လုပ်ရသည်ကို အစွန်းရောက် အမျိုးသားရေးဝါဒ ဟူသော စကားလုံးကသာ ဖြေရှင်းချက် ပေးနိုင်ပေလိမ့်မည်။
၂၀၂၁ အာဏာသိမ်းမှုအပြီး တတိယအင်အားစု၏ အဖွဲ့ဝင်အများစုမှာ အသံတိတ်နေဆဲဖြစ်ကာ စစ်ကောင်စီကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝေဖန်ရဲသည့် ပညာရှင်များအနက် အချို့အဖမ်းခံရပြီး အချို့မှာ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ သို့သော် တတိယအင်အားစု ပညာရှင်အချို့မှာမူ စစ်တပ်အတွက် ပေါ်ပေါ်ထင်ထင် အလုပ်လုပ်နေကြသည်။
မြန်မာငြိမ်းချမ်းရေး ဗဟိုဌာနမှ ယခင် ဥပဒေအကြံပေး ဆလိုင်း(အန်ဒရူး) ငွန်ကျူးလျံကို ၂၀၂၁ အာဏာသိမ်းမှုအပြီး စစ်အစိုးရ၏ ဥပဒေအကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲများနှင့် စစ်တပ်က ပိုင်ဆိုင်သည့် ချန်နယ်များတွင် ထုတ်လွှင့်သော စကားဝိုင်းများ၌ ၎င်းက စစ်အစိုးရ၏ အာဏာလွှဲယူမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
မြန်မာငြိမ်းချမ်းရေး ဗဟိုဌာန၏ ထင်ရှားသည့် အဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးအောင်နိုင်ဦးက ၎င်းနှင့်တတိယအင်အားစု၏ အခြားအဖွဲ့ဝင်နှစ်ဦးအား ပြည်ပရောက် အမျိုးသားညီညွှတ်ရေးအစိုးရ (အင်န်ယူဂျီ)က လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့သည်ဟု စွပ်စွဲခဲ့ရာ၊ ယင်းမှာ နာမည်ဖျက်ရန် ရည်ရွယ်ခြင်း ဖြစ်ပုံရသည်။ စစ်တပ်အတွက် အလုပ်လုပ်နေသည်ဟု စွပ်စွဲခံရသောသတင်းပေးနှင့် အရပ်သား အရာရှိများကို လုပ်ကြံသတ်ဖြတ်မှုများ ရှိသော်လည်း ၎င်းလုပ်ကြံမှုများနောက်ကွယ်တွင် အင်န်ယူဂျီ ရှိနေသည် ဟူသော သက်သေမရှိပေ။
မြန်မာနိုင်ငံ၌ စစ်အုပ်ချုပ်ရေး ပြန်လည်ဖြစ်ထွန်းလာခြင်းနှင့်အတူ တတိယအင်အားစု၏ တစ္ဆေဆန်ဆန် ပုံရိပ်များမှာလည်း ဆက်လက်ထင်ကျန်နေရစ်သည်။ အခြားအာဆီယံနိုင်ငံများက ဆန့်ကျင်နေလင့်ကစား တရုတ်နှင့် အာဆီယံနိုင်ငံအချို့ အထူးသဖြင့် ကမ္ဘောဒီးယားက မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေး ပုံမှန်တည်ဆောက်ရန် တွန်းအားပေးနေကြသည်။
အိန္ဒိယက ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်သွားရန် တောင်းဆိုရင်း စစ်ကောင်စီနှင့် သံတမန် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားသည်။ ကမ္ဘာ့ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ စစ်တပ်၏ အကြမ်းဖက်မှုများကို ဝေဖန်ခဲ့သော်လည်း အာဆီယံတူညီဆန္ဒကို အခြေခံ၍ သက်ဆိုင်သော အဖွဲ့အားလုံး ဆွေးနွေးညှိနှိုင်းရန်သာ ဆက်လက်တောင်းဆိုလျက်ရှိသည်။
ပြည်ပကျွမ်းကျင်သူများကလည်း မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းသည်။ ၎င်းတို့၏ တောင်းဆိုမှုသည် ဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေး၏ သော့ချက်ကို ထိန်းကိုင်ထားသူမှာ စစ်တပ်ခေါင်းဆောင်ပိုင်း မှတစ်ပါး အခြားသူများ မဟုတ် ဟူသော လက်တွေ့နိုင်ငံရေးအခြေအနေကို နားလည်ထားကြောင်းသွယ်ဝိုက် ညွှန်းဆိုနေသည်။
အကျိုးဆက်အဖြစ် ဤချဉ်းကပ်မှုသည် အပြင်လူ၏ အမြင်ကို ဂရုမစိုက်ဘဲ အရပ်သားများကို ရန်သူသဖွယ် သဘောထားတတ်သော ဗိုလ်ချုပ်ကြီးများ၏ ပြုသမျှ နုရမည့် အခြေအနေမျိုး ဆိုက်ရောက်စေသည်။ မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် အာဆီယံခေါင်းဆောင်များနှင့် သဘောတူခဲ့သော တူညီဆန္ဒငါးချက်ကို လေးစားခြင်း မရှိပေ။
ထို့အတူ အာဆီယံ အထူးကိုယ်စားလှယ်အား အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်လည်း မပေးခဲ့ပေ။ စစ်တပ်သည် နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အရပ်သား တိုက်ခိုက်ရေးသမားများအပေါ် အဓိကစစ်ဆင်ရေးများ ဆက်လက်ဆင်နွှဲနေဆဲပင် ဖြစ်သည်။
တက္ကသိုလ်ကျောင်းသားအစ အစိုးရဝန်ထမ်း၊ လယ်သမား၊ အလုပ်သမား အဆုံး နိုင်ငံတစ်ဝှမ်းမှ ပြည်သူများသည် စစ်တပ်ဆန့်ကျင်ရေးကို နေ့စဉ်ဆက်လက် ဆောင်ရွက်နေကြစဉ် မအောင်မြင်သော တတိယ အင်အားစုလှုပ်ရှားမှုက သံတမန်များ၊ မူဝါဒချမှတ်သူများ စသည့် မြန်မာ့အရေး စိတ်ပါဝင်စားသူ မည်သူမဆိုကို အချက်တစ်ချက်တည်းကိုသာ သင်ခန်းစာ ပို့ချနိုင်လိမ့်မည် ဖြစ်သည်။
၎င်းသင်ခန်းစာမှာ “စစ်တပ်နှင့် ရင်ကြားစေ့ရေး မူဝါဒမှန်လျှင် မအောင်မြင်ရန် သေချာသည်” ဟူသော အချက်ဖြစ်သည်။ အစွန်းရောက် အမျိုးသားရေးဝါဒနှင့် အားလုံးက ဝိုင်းတိုက်မှုကို ခုခံနေရသည် ဟူသော စိတ်နေသဘောထားတို့ကြောင့် မြန်မာစစ်တပ်သည် ၎င်းတို့အင်အား ချိနဲ့နေခြင်း မဟုတ်လျှင် မည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
လူထုနှင့် စစ်တပ် ထိန်းချုပ်ထားသော အစိုးရတို့ မြန်မာနိုင်ငံ၌ ထိပ်တိုက်တွေ့နေသည့်အခါ တတိယအင်အားစုများ အမြင်လျှမ်းခဲ့သည့် ထင်ရှားသော အလွဲကြီးတစ်ခုကို အလေးထား အာရုံစိုက်ရန် အရေးကြီးသည်။ ၎င်းမှာ “ မြန်မာစစ်တပ်သည် ပြင်မရအောင် ပျက်စီးသွားသည့် ယန္တရားတစ်ခု ဖြစ်သည်” ဟူသောအချက်ပင် ဖြစ်သည်။
ယခုဆောင်းပါး၏ပထမပိုင်း ကို ဖတ်ရှုလိုပါက အောက်ဖော်ပြပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/385165108587508/posts/1534975490273125/?d=n
(Himal Southasian မဂ္ဂဇင်းတွင် ဖော်ပြထားသော Aung Kaung Myat ၏ “The machine that went rogue- Learning from Myanmar’s unsuccessful ‘Third Force’ movement” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)