38 C
Yangon

ဘီးလင်းလွှတ်တော်အမတ် ဦးကျော်မျိုးမင်းနှင့်အတူ ဖမ်းဆီးခံရသော NLD ပါတီဝင် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့ကို စစ်တပ်က ရက်ရက်စက်စက် ညှဉ်း ပန်းနှိပ်စက် သတ်ဖြတ်ခဲ့၊ အလောင်းပြန်လည်ရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် NLD ဥက္ကဋ္ဌလည်းဖြစ်၊ မွန်ပြည်နယ်လွှတ်တော် အမတ်လည်းဖြစ်သူ ဦးကျော်မျိုးမင်းနှင့်အတူ ဇွန်လ ၂၂ ရက်နေ့ ဖမ်းဆီးခံလိုက် ရသော NLD ပါတီဝင် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့ကို စစ်တပ်က ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ပြီး အလောင်း ၂ လောင်း ပြန်လည်ရရှိ ကြောင်း NLD ပါတီဝင်များနှင့် KNU ဘက်က တရားဝင် သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၂ ရက်နေ့ လွှတ်တော်အမတ်ဦးကျော်မျိုးမင်း၊ NLD ပါတီ ဦးပန်းမြင့်၊ ဦးကိုကိုမောင်နှင့် ရွာသား တစ်ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ရွာသားတစ်ဦးကို ချက်ချင်းနေရာတွင်ပင် သတ်ဖြတ်ခဲ့ကြောင်း၊ ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့ကို ဇွန်လ ၃၀ ရက်နေ့တွင် ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့ကြောင်း၊ ယခု အလောင်း ၂ လောင်းလုံး ပြန်လည်ရရှိပြီး သဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

“လွှတ်တော်အမတ် ဦးကျော်မျိုးမင်းနှင့်အတူ ဖမ်းဆီးခံရတဲ့ ပါတီဝင်နှစ်ဦးဖြစ်တဲ့ ဦးကိုကိုမောင် (ဘီးလင်းမြို့နယ်အလုပ်အမှုဆောင်) နှင့် ဦးပန်းမြင့် (ဘီးလင်းNLDပါတီဝင်) တို့ ၂ ဦးရဲ့ ရုပ်အလောင်းကို ထိန်းသိမ်းခံထားရသော ရွာအနီးမှာတွေ့ရ​ပါတယ်” ဟု ဘီလင်းNLD ပါတီ၏ ခေါင်းဆောင်ပိုင်းတစ်ဦးက အတည်ပြုသည်။

အလောင်းများ ပြန်လည်ရရှိချိန်တွင် စစ်တပ်က အလွန်အမင်း နှိပ်စက်ထားပြီး ခြေနှင့်လက်များကို ခုတ်ထစ်ထားကြောင်း၊ ပါးစပ်ထဲသို့လည်း ရေနွေးပူ သို့မဟုတ် အက်ဆစ် လောင်းထည့်ခဲ့ကြပုံပေါ်ပြီး မျက်နှာတစ်ခုလုံး သွားများမရှိဘဲ ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြောင်း သိရှိရသည်။

KNUဒူးသထု၊ (မိတ်/ကွပ်)ကော်မတီကလည်း ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်နှစ်ဦး ကျဆုံးမှုအတွက် ဝမ်းနည်းကြေကွဲရကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

စစ်တပ်က သတ်ဖြတ်လိုက်သော ဦးပန်းမြင့်သည် အသက် ၅၅ နှစ် ရှိနေပြီဖြစ်ပြီး ဦးကိုကိုမောင်သည် အသက် ၅၁ နှစ်ရှိနေပြီဖြစ်ကြောင်း၊ လွှတ်တော်အမတ် ဦးကျော်မျိုးမင်းမှာလည်း ညှဉ်းပန်းနှိပ်စက်ခံထားရသဖြင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က NLD ပါတီဝင် ၂ ဦးကို သတ်ဖြတ်ပြီး စွန့်ပစ်ထားခဲ့သည့် အလောင်းနှစ်ခုကို မြင်တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article