30 C
Yangon

ရှမ်းတောင်နှင့် ကရင်နီပြည်နယ်ရှီ အကြမ်းဖက်စစ်တပ်စခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တိုက်၍ စစ်ကောင်စီဘက်မှ ၄၉ ဦးထက်မနည်း သေဆုံး၊ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၈

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ကရင်နီပြည်နယ် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များရှိ အကြမ်းဖက်စစ်တပ် တပ်စခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၄ ရက်နှင့် ၆ ရက်နေ့များတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် ၄၉ ဦးထက်မနည်းသေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၁၁ ဦး ကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယနေ့ သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၄ ရက်နေ့တွင် ဖယ်ခုံမြို့နယ်ရှိ လွယ်ပသာကုန်းစခန်းနှင့် ရွှေပြည်အေးကုန်းစခန်းများကို ကရင်နီတပ်မတော် KA၊ KNDF၊ ဖယ်ခုံ PDF၊ မိုးဗြဲ PDFနှင့် SSRY အဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၄၀ ဦး သေဆုံးကြောင်း၊ ယင်းနောက် အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးများ အလွန်အကျွံ အသုံးပြု တိုက်ခိုက်ခဲ့ခြင်း၊ သာလွန် စစ်ကူအင်အားတို့ဖြင့် ပိတ်ဆို့တိုက်ခိုက်ခြင်းတို့ကြောင့် ကရင်နီပူးပေါင်းတပ်ဘက်မှ (၁၁) ဦးကျဆုံးခဲ့ရကြောင်း သိရှိရသည်။

ဇူလိုင်လ ၆ ရက်နေ့ နံနက် ၆ နာရီတွင် လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအနီးရှိ စစ်ကောင်စီ၏ သင်္ဘောပင်စခန်းအား KAနှင့် KNDF တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်လေးအဆင့်ရှိ အရာရှိ ၁ ဦး ရင်ဘတ်ကျည်ထိမှန်သေဆုံးကြောင်း၊ ယင်းနောက်အကြမ်းဖက်စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်ဖြင့် (၁၁) ကြိမ်၊တိုက်လေယာဥ်ဖြင့် (၉) ကြိမ် လာရောက် တိုက်ခိုက်ခဲ့သဖြင့် နံနက် ၁၁ နာရီခွဲခန့်တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း KNDF က ဆိုသည်။

အဆိုပါ သင်္ဘောပင်စခန်းအား တိုက်ခိုက်နေစဥ် လွိုင်ကော်မြို့နယ်၊ (၄) မိုင်၊ အမှတ်(၁) စခန်းမှ စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့များကို ဆိုလဆယ်နှင့် လောကထူးကျေးရွာအကြားတွင် KNDF မှ အနီးကပ် ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ (၅) ဦးသေဆုံးခဲ့ပြီး (၄) ဦးဒဏ်ရာရခဲ့ကြောင်း အကြမ်းဖက်စစ်သားများသည် ဆိုလဆယ်ရွာအနီး တိုက်ပွဲ ဖြစ်နေစဥ် စစ်ကောင်စီတပ်မှ ကျေးရွာနေပြည်သူ ၁ ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

အလားတူ ဇူလိုင်လ ၆ ရက် နေ့လယ်ပိုင်းတွင် ငွေတောင်အခြေစိုက် ခမရ ၄၂၇ အနီးရှိ ကင်းပုန်းကို KNDF က တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ ရှိကြောင်း၊ ဘောလခဲ-ရွာသစ်လမ်းမ ပွန်ချောင်း တံတားအနီးရှိ ဂိတ်စခန်းကို KNDF က ရှောင်တခင် တိုက်ခိုက်ရာ မိနစ် ၃၀ ခန့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများ ရှိကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article