ရန်ကုန်၊ ဇူလိုင် ၁၁
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်အတွင်းရှိ Farmer Money Changer နှင့် Wave Money ငွေလွှဲလုပ်ငန်း နေရာ ၂ ခုကို ယနေ့ နံနက်ပိုင်း ဓားပြတိုက်မှုဖြစ်ပွားပြီး မန္တလေးတွင်လည်း လုယက်မှုနှင့် အနုကြမ်းစီးမှုများဖြစ်ပွားကာ အမျိုးသမီး တစ်ဦး သေဆုံးကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ၇ ရပ်ကွက်၊ ရွှေတောင်တန်းလမ်း ၊ အမှတ် ၄၄/အေ ၊ မြေညီထပ်ရှိ ဦးကျော်မြင့်ဦး၏ Wave Money ငွေလွှဲလုပ်ငန်းကို နံနက် ၉ နာရီ ၅၀ မိနစ်အချိန်တွင် လူလေးဦးက သေနတ်ဖြင့် ချိန်ရွယ်၍ သိန်း ၅၀၀ နှင့် တယ်လီဖုန်း ၂ လုံးလုယက်ကြောင်း၊ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် လမ်းမတော်မြိုနယ်၊ ၉ ရပ်ကွက်၊ ပြည်လမ်းရှိFarmer Money Changer တွင် လူငယ်၂ ဦးက သေနတ်၊ လက်ပစ်ဗုံးတိုဖြင့် ခြိမ်းခြောက်ကာ ကျပ်သိန်း ၁၀၀ ကို လုယက်သွားကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက လမ်းမတော်မြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ထံသို့ ဆက်သွယ်မေးမြန်းရာ လုယက်မှု ဖြစ်စဉ် ၂ ခုလုံး ဖြစ်ပွားခဲ့ပြီး လူ ထိခိုက်မှုမရှိကြောင်း၊ လုယက်သွားသူများ၏ CCTV မှတ်တမ်းတချို့နှင့် အသုံးပြုသည့် ကား၊ တက္ကစီအငှားယဉ်များကို လိုက်လံ စုံစမ်းလျက်ရှိကြောင်း၊ စစ်တပ်နှင့်ရဲကလည်း ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ပြောဆိုသည်။
ထို့ပြင် မန္တလေးမြို့တွင်လည်း လုယက်မှုနှင့် အနုကြမ်းစီးမှုများဖြစ်ပွားကြောင်း ၊ လုယက်မှု ဖြစ်စဉ်တစ်ခုတွင် အမျိုးသမီး ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန်တွင် ဘဏ်မှ ငွေ သိန်း ၅၀၀ နီးပါး ထုတ်ယူလာပြီး ကားမောင်း၍ အိမ်ပြန်လာသည့် တရားသူကြီးအငြိမ်းစား အမျိုးသမီးကို မနော်လမ်းနှင့် လမ်း ၅၀ ထောင့်တွင် ကားတစ်စီးဖြင့် လူတစ်စုက တားဆီးကာ ကားမောင်းသူ အမျိုးသမီးကို သေနတ်ဖြင့် ပစ်ခတ်ပြီး ငွေနှင့်ကားကို ယူဆောင်သွားကြောင်း ၊ လက်ရှိအချိန်အထိ လုယက်သူများကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရှိရသည်။
အလားတူ ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်၊ ၈၅(A)လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိသည့် စိန်ကျော်မိုး စိန်သန့်စင်လုပ် ငန်းကို အမည်မသိလက်နက်ကိုင်တချို့က အနုကြမ်းစီးကြောင်း၊ ယင်းနောက် စစ်တပ်နှင့်ရဲက ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- Farmer Money Changer မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)