ရန်ကုန်၊ ဇူလိုင် ၁၄
မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်ရှိ ကမ္ဘာဖြူ ကျေးရွာသား ၅ ဦးနှင့် တောင်ရိုးကျေးရွာသား ၂ ဦး စုစုပေါင်း ၇ ဦးကို စစ်ကောင်စီတပ်က လည်ပင်းကြိုးချည်၍ စစ်ကားဖြင့် တရွတ်တိုက်ဆွဲ သတ်ဖြတ်ကြောင်း မြိုင်ဒေသ ကူညီရေး ဦးဆောင်ဆရာတော်၊ ဒေသခံများနှင့်မြိုင် PDF ထံမှ သိရှိရသည်။
ဇူလိုင် ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ် ဘက်သို့ အင်အား ၈၀ ဝန်းကျင် ပါသော စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး ကျေးရွာပြည်သူများကို လိုက်လံဖမ်းဆီးကြောင်း၊ ယင်းသို့ ဖမ်းဆီးခံရသူများတွင် ကမ္ဘာဖြူကျေးရွာသား ၅ ဦး၊ တောင်ရိုးကျေးရွာသား ၂ ဦး စုစုပေါင်း ၇ ဦးကို ဖမ်းဆီးပြီး လည်ပင်းတွင် ကြိုးချည်၍ စစ်ကားဖြင့် တရွက်တိုက်မောင်းဆွဲသွားသဖြင့် ၇ ဦးလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ အဆိုပါ ဖြစ်စဉ်ကို မြိုင် PDF က မှန်ဘီလူးဖြင့် စောင့်ကြည့် တွေ့မြင်ခဲ့ရကြောင်း သိရှိရသည်။
“ဦးဇင်းက မြိုင်PDF ခေါင်းဆောင် ဗိုလ်လင်္ကျာဆီ ဖုန်းဆက်မေးကြည့်တော့ ရွာသား ၇ ဦးလုံးကို စစ်တပ်က လည်ပင်းကြိုးချည်ပြီး ကားနဲ့ တရွက်တိုက်ဆွဲတာ ၇ ယောက်လုံးဆုံးသွားတာ။ တကယ့်လူမဆန်တဲ့ လုပ်ရပ်တွေပါ။ ဆုံးသွားတဲ့ ရွာသားနာမည်တွေတော့ အတိအကျ သိရရင် ပြန်ပြောပေးမယ်” ဟု မြိုင်ဒေသ ကူညီရေးဦးဆောင်ဆရာတော်က ဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက မြိုင် PDF ရဲဘော်တချို့နှင့် ဒေသခံတချို့ကို ဆက်သွယ်မေးမြန်းရာတွင် စစ်ကားဖြင့် ပြည်သူ ၇ ဦးကို လည်ပင်းကြိုးချည်၍ စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြု ပြောဆိုကြသည်။
လက်ရှိတွင် စစ်တပ်က အလောင်းများကို မီးရှို့ အလောင်းဖျောက်လိုက်ကြောင်း၊ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၇ ဦး၏ အမည်စာရင်းကို ရရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ စစ်ကြောင်းများ ဆက်တိုက် ထိုးနေသည့်အတွက် ပြည်သူများအားလုံး တိမ်းရှောင်နေရဆဲဖြစ်သည်ဟု သိရှိရသည်။
“အကုန်လုံး ပြေးနေရတော့ ဘယ်သူ့အိမ်က ဘယ်သူပျောက်နေတယ် အဖမ်းခံရတယ်ဆိုတာမျိုး ပြန်ပြီး စိစစ်ဖို့ ခက်နေတယ်။ ဒါပေမယ့် ရွာနာမည်တွေသိတော့ စစ်ကြောင်းပြန်ထွက်ရင် နာမည်အတိအကျ သိနိုင်မယ်။ အသတ်ခံရတာက အမျိုးသားတွေချည်းပဲ။ PDF မဟုတ်ဘူး။ သာမန်ပြည်သူတွေပဲ။ စစ်ကြောင်းဝင်လာရင်း အဖမ်းခံရတာ” ဟု မြိုင်ဒေသခံတစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယခု ဇူလိုင်လဆန်းပိုင်းမှစတင်ပြီး မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ် ဘက်ကို အပြင်းအထန် ထိုးစစ်ဆင်နေပြီး ကျေးရွာအလိုက် ရေနံကျင်းများနှင့် လူနေအိမ်များကို ရွာလုံးကျွတ် မီးရှို့မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ-ယမန်နှစ် ရန်ကုန်မြို့ပေါ်တွင် လူထုဆန္ဒပြပွဲများကို အကြမ်းဖက်
ပစ်ခတ် သတ်ဖြတ် နှိမ်နင်းခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
Photo- AFP