27 C
Yangon

စစ်ကိုင်းကို ပံ့ပိုးမည့် သိန်းပေါင်း ၁၅,၀၀၀ ပရောဂျက် ရက်ပြည့်ရန် ၁၁ ရက်သာ ကျန်တော့ပြီး ပြည်သူများ အားစိုက်ကူညီပေးကြရန် မမများနဲ့ ပွဲကမယ် အဖွဲ့တိုက်တွန်း

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့များထံ ပံ့ပိုးသွားမည့် သိန်းပေါင်း ၁၅,၀၀၀ (သိန်းတစ်သောင်းခွဲ) ပရောဂျက်အချိန်ပြည့်ရန် ၁၁ ရက်သာ ကျန်တော့ပြီး ပံ့ပိုးမည့် ပမာဏ မပြည့်သေးသည့်အတွက် ပြည်သူများ အားစိုက်ကူညီပေးကြဖို့ မမများနဲ့ ပွဲကမယ် အဖွဲ့က အထူးနှိုးဆော်ထားသည်။

“ဒီပရောဂျက်အရေးပါမှုအတိုင်းအတာက ပထမဆုံး စစ်ကိုင်းတိုင်း လွတ်မြောက်ရေးကို ဦးတည်ထားတယ်။ တပ်ရင်း၊ တပ်ဖွဲ့၊ တပ်စုတွေကို ဦးတည်ပြီးတော့ ဒီအဖွဲ့တွေကို ဘယ်လို လက်နက်ထောက်ပံ့ရမယ် ဆိုတာထက် ဒီဒေသ လွတ်မြောက်ရေးအတွက် ဘယ်လို ကြံဆောင်လို့ရမလဲ စဉ်းစားတယ်၊ စစ်ကိုင်းတိုင်းမှာ ဘယ်ခရိုင်၊ ဘယ်ဒေသတွေက လွတ်မြောက်မှုရှိလဲ၊ ဘယ်ဒေသတွေက စစ်ကောင်စီ မရောက်ရှိတဲ့နေရာတွေလဲဆိုတာ ခွဲခြမ်းစိတ်ဖြာတယ်။

တကယ် ထိတွေ့မှု ရှိတဲ့နေရာတွေ၊ စစ်ကောင်စီဘက်မှ ကြိမ်ဖန်များစွာ စစ်ကြောင်းထိုး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး ဒုက္ခပေးတာတွေ၊ အဲလိုနေရာတွေကို ဦးတည်ပြီးတော့ ဘယ်လိုမျိုး ဗျူဟာကျကျ ထိုးစစ်ဆင်မလဲပေါ့နော်၊ ထိုးစစ်ဆင်တယ်ဆိုတာလည်း လက်နက်အင်အား သာလွန်စွာနဲ့ တိုက်ခိုက်တာမျိုး မဟုတ်ဘဲ ဗျူဟာကျကျ‌ ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ရမှာဆိုတော့ ဘယ်လောက်ထိ လုပ်လို့ရမလဲဆိုတာကို ဦးတည်စဉ်းစားထားပါတယ်” ဟု မမများနဲ့ ပွဲကမယ် အဖွဲ့၏ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ရှင်းပြသည်။

စစ်ကိုင်းတိုင်းကို ပံ့ပိုးမည့် သိန်းပေါင်း ၁၅,၀၀၀ ပရောဂျက်ကို ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အတွင်း ရရှိရန် ရည်မှန်းထားကြပြီး ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့အထိ ၃၀ ရာခိုင်နှုန်းသာ ရရှိထားကြောင်း မမများနဲ့ ပွဲကမယ် အဖွဲ့ထံမှ သိရှိရသည်။

“ဘာလို့ သိန်း (၁၅၀၀၀) လို့ခေါင်းစဉ်တပ်လဲလို့မေးရင် ပြည်သူကိုလဲ မမတို့ ငဲ့ပါတယ်။ ဒါကြောင့် Project ကို Phase (1) and Phase (2) ခွဲပြီး တဖြတ်စီကောက်ခံပေးမှာဖြစ်ပါတယ်။ ဒီတော်လှန်ရေးကို နိုင်အောင်ကိုတိုက်မှာလို့ ဆုံးဖြတ်ထားပြီးဖြစ်လို့ ဒီပွဲနိုင်ဖို့ဆို အခရာဖြစ်တဲ့ ပြည်သူ၊ ပီဒီအက်ဖ်၊ ထောက်ပို့အားလုံး စုစည်းပြီးပြိုင်တူ အားကုန်ရုန်းကြရမှာဖြစ်ပါတယ်။ မမတို့က မြေပြင်၊ အစိုးရနဲ့ပူးပေါင်းပြီး အကောင်းဆုံးပလန်တွေချတယ်၊ ပြည်သူတွေလိုက်ပါနိုင်မယ့် ခရီးစရိတ်ပလန်ချပေးမယ်၊ အလေလွင့်မရှိအောင် စနစ်တကျကောက်ခံပေးမယ်၊ နိုင်ငံအလိုက်တာဝန်ခံတွေ စုစည်းပြီးကောက်ခံပေးမယ်၊ ပြည်သူတွေက စိတ်ချယုံကြည်စွာနဲ့ မဖြစ်မနေပါဝင်ပေးကြဖို့၊ လှူဒါန်းပေးကြဖို့တစ်ခုလေးပါပဲ” ဟု ‘မမများနဲ့ ပွဲကမယ်’ ရန်ပုံငွေရှာဖွေရေးအဖွဲ့က ဆိုသည်။

လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကိုင်းတိုင်း၌ နယ်မြေ ၈၀ ရာခိုင်နှုန်းစိုးမိုးထားနိုင်သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသည့် မြို့ကြီးများနှင့် တပ်စခန်းများ ကျန်ရှိနေသေးကြောင်း၊ ထိုမှတဆင့် စစ်ကြောင်းကြီးများဖြင့် ထိုးစစ်ဆင်လာလျှင် PDF များအနေဖြင့် ခုခံတိုက်ခိုက်ဖို့ အကန့်အသတ်များ ရှိနေသေးကြောင်း NUG ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောကြားထားသည်။

စစ်ကိုင်းတိုင်းတွင် လက်ရှိ နွေဦးတော်လှန်ရေး၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများစွာ ရှိနေပြီး လက်နက်အင်အား၊ လူအင်အားပိုင်းများအရ အင်အားကောင်းသည့်အဖွဲ့များ ရှိသလို အင်အားနည်းနေသေးသည့်အဖွဲ့များ ဖြစ်ကြောင်း၊ လက်ရှိ မမများနဲ့ ပွဲကမယ် စစ်ကိုင်းပရောဂျက်တွင် လက်နက်၊ လူအင်အား အသင့်အတင့်ရှိသည့် အဖွဲ့များကို အဓိက ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပရောဂျက် လုပ်ဆောင်နေသူများထံမှ သိရှိရသည်။

မမများနဲ့ ပွဲကမယ် ပထမ အစီအစဉ်အဖြစ် ကရင်နီပြည်ကို ပံ့ပိုးပေးခဲ့ပြီး သတ်မှတ်ကာလအတွင်း မျှောမှန်းပမာဏပြည့်မြောက်ခဲ့ကာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ထံ ပံ့ပိုးပေးခဲ့ပြီးလည်းဖြစ်သည်။

‘မမများနဲ့ ပွဲကမယ်’ စစ်ကိုင်းကမ်ပိန်းကရရှိလာတဲ့ အလှူငွေတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာန MOD မှတဆင့် ကူညီပံ့ပိုးပေးသွားမည်လည်း ဖြစ်သည်။

ပါဝင်အားဖြည့်လိုသူများအနေဖြင့် အောက်ပါလင့်ခ်မှတဆင့် ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

https://www.facebook.com/dancingwithladies/posts/pfbid0mgeNZrRiod8GaeymL8X7TZyZegbnRC5UKxsUGBTYikw8GqzqmjUgjoiicQsd375Wl

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article