By Ishaan Tharoor
တိုင်းပြည်၏ ပွင့်သစ်စ ဒီမိုကရေစီအလင်းပျပျလေးသည် အကြမ်းဖက်စစ်တပ်ကြောင့် ပျောက်ကွယ်လွင့်ပါးခဲ့ရသည်မှာ ယခုဆိုလျှင် ၁၈ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အကြမ်းဖက် စစ်ခေါင်းဆောင်၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ အာဏာသိမ်းယူခဲ့မှုအပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရာနှင့်ချီသော ရွေးကောက်ခံ နိုင်ငံရေးသမားအများအပြား ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ အကျဉ်းကျခံနေရဆဲ ဖြစ်ကာ၊ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် ဒီမိုကရေစီလိုလားသော အကြမ်းမဖက် ဆန္ဒပြလှုပ်ရှားမှုကို လုံခြုံရေးတပ်ဖွဲ့များက ချေမှုန်းနှိမ်နှင်းခဲ့ကြသည်။
ထိုအချိန်မှစ၍ ဆက်လက်ဖြစ်ပျက်မှုသမျှသည် ပို၍ပင်အန္တရာယ် ကြီးမားလာသည်။ တစ်ဖက်တွင် စစ်တပ်နှင့် ကာလတာရှည် တိုက်ခိုက်နေကြသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် အခြားတစ်ဖက်တွင် မြေအောက်အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်ပြုထားသော အင်အား ၆သောင်းခန့်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များအကြား စစ်ကောင်စီတပ်ဖွဲ့များသည် ညှပ်ပူးညှပ်ပိတ်အနေအထားသို့ ကျရောက်သွားသည်။
တပ်သားသစ်များ ရှားပါးပြတ်လပ်လာခြင်း၊ ယမန်နှစ်က တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ၎င်းတို့၏ ရုတ်ချည်းရပ်ဆိုင်းလိုက်မှုကြောင့် ဖြစ်ပေါ်စေခဲ့သည့် ပုန်ကန်မှုများကို မနှိမ်နှင်းနိုင်ခြင်း စသည့်အချက်များကြောင့် အာဏာသိမ်းစစ်ကောင်စီသည် ကျဉ်းထဲကြပ်ထဲ ဆိုက်ရောက်နေသည်ဟု လေ့လာသူများက ယုံကြည်ကြသည်။
စစ်မျက်နှာပြင် အများအပြားတွင် တိုက်ပွဲများက အရှိန်မြင့်လာလိုက်၊ ပြန်ငြိမ်သွားလိုက်နှင့် တစ်လှည့်စီ ဖြစ်ပွားနေသည်။ အဆိုပါစစ်မျက်နှာပြင်များ၌ တိုင်းရင်းသားလက်နက်ကိုင်များလက်ထဲတွင် အစိတ်စိတ် အမွှာမွှာပြန့်ကျဲနေသော နယ်စပ်ဒေသများမှသည် နိုင်ငံ၏လူများစု ဗမာလူမျိုးတို့ နေထိုင်ရာ ကျေးလက်ဒေသများအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေသည်။
အပြန်အလှန်တိုက်ခိုက်မှုများတွင် စစ်ကောင်စီ၏တပ်ဖွဲ့များနှင့် လက်နက်ကောင်းစွာ တပ်ဆင်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှသည် ဖရိုဖရဲစုဖွဲ့ထားသော တော်လှန်ရေး ပြောက်ကျားများနှင့် စစ်တပ်လိုလားသော အစွန်းရောက် ဗုဒ္ဓဘာသာပြည်သူ့စစ်များအထိ ပါဝင်တိုက်ခိုက်နေကြသည့် ပဋိပက္ခနယ်ပယ်များမှာ အနည်းဆုံး ၇ခု ရှိနေသည်ဟု လေ့လာသူများက ဆိုသည်။
နိုင်ငံအတွင်း သီးခြားလွတ်လပ်သော သတင်းအချက်အလက်များ ရယူနိုင်ခြင်းမရှိသဖြင့် ထိခိုက်ကျဆုံးမှု အရေအတွက်မှာ ရှင်းလင်းသေချာမှု မရှိပေ။ မြန်မာစစ်တပ်သည်အရပ်သား ၂,၀၀၀ကျော်ကိုသတ်ဖြတ်ကာ လူ၁၄,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု ကုလသမဂ္ဂအရာရှိများက ယူဆသည်။ စစ်ကောင်စီကို ဆန့်ကျင်နေသည့် အဖွဲ့များကလည်း စစ်တပ်ကို အားပေးကူညီသူများအဖြစ် ၎င်းတို့ယူဆသည့် အရပ်သားများကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲမှုများလည်း ရှိသည်။
အာဏာမသိမ်းမီက နေရပ်စွန့်ခွာရသူ ၃သိန်းခွဲခန့် ရှိနေသည့်အပြင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီး နောက်ထပ်လူပေါင်း ၇သိန်းကျော် ထပ်မံ၍ နေရပ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂက လွန်ခဲ့သည့်လက ခန့်မှန်းထားသည်။
သောင်းကျန်းမှုများကို တိုက်ခိုက်နှိမ်နှင်းရာတွင် မြန်မာစစ်တပ်သည် ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိထားသည်။ သို့သော် စစ်တပ်သည် ပြောက်ကျားနည်းဗျူဟာများ ကျင့်သုံးလာသည့် နေရာရွှေ့ပြောင်းနေသော ရန်သူကို စစ်ဆင်တိုက်ခိုက်ရာတွင် အခက်ကြုံနေရသည်။ တိုင်းပြည်၏ အချို့နယ်မြေများတွင် စစ်တပ်သည် အဆိုပါဒေသ၏ အဓိက အချက်အခြာမြို့များမှအပ ကျန်ဒေသများကို ထိန်းချုပ်နိုင်ခြင်းမရှိပေ။ ထို့အပြင်တပ်ပြေးမှုများ၊ လူသစ် မစုဆောင်းနိုင်ခြင်းများကြောင့် စစ်တပ်၏အင်အားမှာ ပိုမိုယုတ်လျော့လာလျက်ရှိသည်။
တော်လှန်ရေးကို ချေမှုန်းရန် “ကျေးရွာများကို ဗုံးကြဲခြင်း၊ အရပ်သားအများအပြားကို သတ်ဖြတ်ခြင်း၊ နိုင်ငံတစ်ဝှမ်း မြို့ရွာများကိုမီးရှို့ခြင်း စသည့် နည်းဗျူဟာဟောင်းများ” အပါအဝင် မြန်မာစစ်တပ်သည် ရက်စက်ပြီး ယခင် ၄င်းတို့ကျင့်သုံးဖူးသည့် နည်းလမ်းဟောင်းများကိုသာ ဆက်လက်ကျင့်သုံးနေသည်ဟု နိုင်ငံခြားဆက်ဆံရေးကောင်စီမှ ဂျိုရှုအား ခါလန်ဇစ်က ဆိုသည်။
သို့သော် “အဆိုပါ ‘တူဖြစ်တုန်း နှံ’ သည့် နည်းလမ်းက သူပုန်အဖွဲ့များကို ရပ်တန့်သွားစေအောင်ကား မစွမ်းဆောင်နိုင်ခဲ့ပေ။ PDF အဖွဲ့များနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင်လည်း စစ်တပ်က စီးနင်းသိမ်းပိုက် နိုင်ခြင်းမရှိသည့်အခါ အဆိုပါအဖွဲ့များအတွက် နောက်ထပ်မျှော်လင့်ချက်များကိုသာ ဖြစ်ပေါ်အောင် ဖန်တီးလျက်ရှိသည်” ဟု ၎င်းကဆက်လက်ရေးသားသည်။
ထိုင်းနိုင်ငံနယ်စပ်အနီး စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့် တိုင်းရင်းသားကရင်နီအဖွဲ့များရှိရာ စစ်ဒဏ်သင့် ကယားပြည်နယ်အတွင်းမှ အနည်းဆုံးကျေးရွာ ၂၀တွင် စစ်တပ်က မြေမြှုပ်မိုင်းများ ထောင်ထားသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ယခုအပတ်အတွင်းသတင်း ထုတ်ပြန်သည်။
လူ့အခွင့်အရေးအဖွဲ့များ၏ ထုတ်ပြန်ချက်တွင် အဆိုပါမိုင်းထောင်မှုမှာ “ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်” ဖြစ်ပြီး၊ မြန်မာစစ်တပ်ထံသို့ လက်နက်ထောက်ပံ့နေမှုများကို ဖြတ်တောက်ရပ်ဆိုင်းရန် ကမ္ဘာ့နိုင်ငံများအား ၎င်းတို့က တောင်းဆိုခဲ့ကြသည်။ သို့သော်ထိုတောင်းဆိုမှုများမှာ ထိရောက်မည့်ပုံ မရှိပေ။
စစ်ဗိုလ်ချုပ်ကြီးများသည် “ဤပြဿနာအား ၎င်းတို့၏ ဖြေရှင်းနိုင်စွမ်းကို သေချာပေါက်တွက်ဆမှု မှားယွင်းခဲ့ကြောင်း၊ ၎င်းတို့သည် အာဏာကိုခိုင်မာအောင် တည်ဆောက်နိုင်ခြင်း မရှိရုံသာမက၊ နိုင်ငံ၏ စီးပွားရေးနှင့် အခြေခံလုပ်ငန်းတာဝန်များကို စီမံခန့်ခွဲနိုင်စွမ်း မရှိသည်ကိုလည်း သက်သေထူနေကြောင်း” မြန်မာနိုင်ငံမှ ထွက်ခွာတော့မည့် ဗြိတိန်သံအမတ်ကြီး ပိ(တ်) ဗောင်ဝဲစ်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် ပြည်တွင်းမီဒီယာတစ်ခုကို လွန်ခဲ့သည့်အပတ်က ပြောကြားခဲ့သည်။
“သူတို့ကို အရင်ကထက်တောင် ပိုပြီးလူကြိုက်နည်းလာပုံ ရပါတယ်” ဟု စစ်ကောင်စီကို ရည်ညွှန်းလျက် ၎င်းကဆက်လက်ပြောဆိုသည်။
စစ်အုပ်စု ဆန့်ကျင့်ရေးအင်အားစုများမှာလည်း တိတိပပ အသာစီးရနေသည့် အနေအထားမျိုးကား မဟုတ်ပေ။ ကျေးလက်ဒေသမှ အမြဲတမ်းမဟုတ်သော PDF အဖွဲ့များနှင့် စစ်တပ်ဆန့်ကျင်ရေးအုပ်စုမျိုးစုံ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အဖုံဖုံတို့အကြား သောင်းပြောင်းထွေလာ မဟာမိတ်ပြုမှုများတွင် ဗျူဟာမြောက် ဟန်ချက်ညီ ပူးပေါင်းမှုများ အလွန်နည်းပါးပြီး အချို့အဖွဲ့များမှာ စစ်ကောင်စီဖြုတ်ချရေး အစီအစဉ်၌ အခြားအဖွဲ့များထက် မြှပ်နှံပါဝင်မှု အားနည်းလျက်ရှိသည်။
“စိတ်အားထက်သန်ပြီး လူသစ်များ ပြတ်လပ်မှု မရှိသော်ငြား ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့(PDF) များသည် ကျေးလက်ပြောက်ကျား နည်းဗျူဟာမှနေ၍ ရှေ့တစ်ဆင့်တက်လှမ်းနိုင်ခြင်း မရှိကြပေ” ဟု ဝီလဆင်ဗဟိုဌာန (Wilson Center) မှ ရဲမျိုးဟိန်းနှင့် လူးကပ်စ်မိုင်ယာတို့က ရေးသည်။ “ပစ္စည်းကိရိယာ ပိုကောင်းသလို လက်နက်လက်လှမ်းမီမှုလည်း ပိုကောင်းသည့် တိုင်းရင်းသားတပ်ဖွဲ့များမှာမူ စစ်တပ်၏ထိုးစစ်ကို အထိုက်အလျောက် ပိုမိုထိရောက်စွာ တုံ့ပြန်နိုင်ကြသည်” ဟု ၎င်းတို့က ရေးသားသည်။
ယခုအပတ်အတွင်းက အင်တာဗျူးတစ်ခုတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူးဝါးလရှီးလားက စစ်ကောင်စီ၏တပ်ဖွဲ့များကို ရုရှမှ ကူညီပံ့ပိုးနေမှု ရှိနေသည့်အပြင် ယူကရိန်းအရေးနှင့် မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးတို့အပေါ် နိုင်ငံတကာ၏ တညီတညွတ်တည်း အားပေးထောက်ခံမှု ကွာခြားပုံကို ထောက်ပြခဲ့သည်။
“အကြမ်းဖက်မှုတွေကနေ ပြည်သူတွေ မိမိကိုယ်ကိုကာကွယ်ဖို့နဲ့ စစ်ကောင်စီကို အထီးကျန်စေဖို့ ကမ္ဘာကြီးက အကူအညီတွေ ပိုပေးအပ်နိုင်တာ အထင်အရှားဖြစ်ပါတယ်။ ယူကရိန်းကိုပေးနေတဲ့ အကူအညီရဲ့ပမာဏ အနည်းငယ်လောက်ပဲ ရမယ်ဆိုရင်ကို ကျွန်တော်တို့အတွက် ကြီးမားတဲ့ အရင်းအနှီးဖြစ်မှာပါ”
“ဒီလိုအကူအညီရမယ်ဆိုရင် အကြမ်းဖက်မှုတွေကို မြန်မြန်ဆန်ဆန် အဆုံးသတ်ဖို့၊ လူထောင်ပေါင်းများစွာရဲ့ အသက်ကိုကယ်တင်ဖို့နဲ့ ဒီမိုကရက်တစ် မြန်မာနိုင်ငံကို ပြန်လည်ပုံဖော်ပေးဖို့ ကျွန်တော်တို့ကို အကူအညီပေးရာလည်း ရောက်မှာပါ” ဟု ၎င်းကဆက်လက်ပြောကြားသည်။
စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများမှ ကိုယ်စားလှယ်အချို့၏ အကဲဖြတ်ချက်အရ စစ်ပွဲအလျင်ကို ပြောင်းပြန်လှန်ရန် လိုအပ်ချက်ကြီးမားခြင်း မရှိပေ။
“စတင်ဂါဒုံးကျည်ကဲ့သို့ လက်နက် ၅၀-၁၀၀ လောက်နှင့် စစ်တပ်သုံး အမ်၄ အော်တိုမောင်းပြန်ရိုင်ဖယ် သေနတ်အလက်ထောင်ဂဏန်း အနည်းငယ်မျှလောက်ဆိုလျှင် စစ်အစိုးရကို ဖြုတ်ချရန် လုံလောက်နိုင်ဖွယ် ရှိသည်” ဟု အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာမှု ဗဟိုဌာနမှ တွဲဖက်အဖွဲ့ဝင် မိုက်ကယ်မာတင်က ရေးသားသည်။
“လက်နက်ထောက်ပံ့မည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် PDFs များအပေါ်မူတည်၍ စုစုပေါင်း ကုန်ကျစရိတ်မှာ ဒေါ်လာ ၁ ဘီလီယံအောက်များစွာ လျော့နည်းနိုင်ပြီး ၎င်းပမာဏသည် ယူကရိန်းကို ဘိုင်ဒင်အစိုးရက ထောက်ပံ့နေသည့် စစ်ရေးအကူအညီနှင့်စာလျှင် သေးငယ်သည့် အစွန်းထွက်ပမာဏတစ်ခုသာ ဖြစ်ပါသည်” ဟု ၎င်းကဆိုသည်။
သို့ရာတွင် လက်ရှိအချိန်၌ပင် ချာချာလည်အောင် ရှုပ်ထွေးလွန်းနေပြီးဖြစ်သော စစ်ပွဲထဲသို့နောက်ထပ် လက်နက်များ ထပ်မံပေးသွင်းရန် နိုင်ငံတကာတွင် ဆန္ဒမရှိသလောက် ဖြစ်နေသည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့အပါအဝင် အရှေ့တောင်အာရှဒေသသို့ မကြာသေးမီက သွားရောက်ခဲ့ကြသော နိုင်ငံခြားရေးအရာရှိကြီးများအားလုံးက အကြမ်းဖက်မှုများ ရပ်ဆိုင်းပြီး နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် တိုက်တွန်းလျက်ရှိကြသည်။
“ကောင်းမွန်တဲ့အရွေ့ကို မတွေ့ရဘဲ ဆန့်ကျင်ဘက်အားဖြင့် မြန်မာပြည်သူများအပေါ် ဆက်တိုက်ဖိနှိပ်မှုတွေကိုပဲ တွေ့မြင်နေရတယ်ဆိုတာ ဝမ်းနည်းစွာနဲ့ပဲ ကျွန်တော်တို့ တပ်အပ်ပြောဆိုနိုင်ပါတယ်”
“အမေရိကန်နဲ့ အခြားနိုင်ငံများအနေဖြင့် ကျွန်တော်တို့ ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆက်လက်ရှာဖွေပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်စေရေးအတွက် ၎င်းတို့ကို ထိထိရောက်ရောက် ဖိအားပေးသွားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြီးခဲ့တဲ့အပတ်အတွင်း ဘန်ကောက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
(The Washington Post တွင် ဖော်ပြထားသော Ishaan Tharoor ၏ “Myanmar’s junta can’t win the civil war it started” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)