ရန်ကုန်၊ ဇူလိုင် ၂၈
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရထားသော အသက် ၁၃ နှစ် အရွယ် မောင်ခန့်ခန့်ငြိမ်းကို ဆေးရုံပို့စဉ် စစ်တပ်က ကား ပေါ်မှ လူနာကို ဆွဲချပြီး မြောင်းထဲကန်ချ သတ်ဖြတ်ကြောင်း၊ လူနာပို့သူ PDF ခေါင်းဆောင်ကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်း မကျီးအုပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် သေနတ်များ ပစ်ဖောက် ကာ ဝင်ရောက် စီးနင်းခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ် မောင်ခန့်ခန့်ငြိမ်း လက်မောင်းတွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။
ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သော ကလေးငယ်ကို LPDF ခေါင်းဆောင် တစ်ဦးက ဆေးရုံပို့ ဆေးကုသရန် ကားဖြင့် ကယ်ထုတ်လာစဥ် ရွာအနီးအနားတွင် စစ်တပ် စစ်ကြောင်းနှင့် တွေ့ဆုံသဖြင့် ပစ်ခတ်ဖမ်းဆီးခံရကြောင်း၊ စစ်တပ်က လူနာကလေးငယ်ကို လမ်းဘေး အိုင်ပျက်ထဲ ကန်ချလိုက်သဖြင့် သွေးထွက်လွန်ကာ သေဆုံးခဲ့ကြောင်း၊ LPDF ခေါင်းဆောင်မှာလည်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျည်ထိမှန် ကျဆုံးခဲ့ကြောင်း သိရသည်။
သွေးထွက်လွန်ကာ သေဆုံးခဲ့သော ကလေးငယ် ရုပ်အလောင်းကို မိဘဖြစ်သူများက ကားဖြင့် သွားရောက်ယူဆောင်စဥ် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ထပ်မံ တွေ့ဆုံခဲ့ပြီး ကလေးမိခင်၏ လက်ဝတ်ရတနာများကို ဖြုတ်ယူကာ ရိုက်နှက်ခဲ့ပြီး ကားကို စစ်တပ်က ယူဆောင် သွားကြောင်း သိရသည်။
” ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပြောချင်တာက စစ်ကြောင်းထိုးတဲ့အခါ မိဘပြည်သူများ ကို သတိပေးချင်တယ်။ စစ်ခွေးတွေဟာ အသိစိတ် ပျောက်ဆုံးပြီး စိတ်ရိုင်းတွေ ဝင်နေတာကြောင့် ပြည်သူများ အနေနဲ့ ခပ်ဝေးဝေးနေဖို့ ကျည်ကွယ်၊ မျက်ကွယ် မနေဖို့ သတိ မေတ္တာ ရပ်ခံချင်တာပါတယ်။ ကျဆုံးသွားတဲ့ ခေါင်ဆောင်ရဲ့ ခေါင်းဆောင်ပီသမှု ၊ စွန့်လွတ်မှု ၊ ရဲရင့်မှု တို့အတွက်လည်း KURDAF မဟာမိတ် အင်အားစုက အလေးနီပြုပါတယ်” ဟု ခင်ဦးနယ် ဒေသခံ ကာကွယ်ရေး မဟာမိတ် အင်အားစု- KURDAF က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဓာတ်ပုံ- ခင်ဦးမြို့နယ်၊ မကျီးစုကျေးရွာတွင် ဒဏ်ရာရထား၍ ဆေးရုံပို့စဉ် စစ်တပ်က ကားပေါ်မှ ဆွဲချပြီး မြောင်းထဲကန်ချ သတ်ဖြတ်ခံလိုက်ရသော အသက် ၁၃ နှစ် အရွယ် မောင်ခန့်ခန့်ငြိမ်း။