ရန်ကုန်၊ ဇူလိုင် ၂၈
ယမန်နှစ် ဩဂုတ်လတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသည့် လူငယ်များကို ဖမ်းဆီးရာတွင် စစ် တပ် နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ပြီး လူငယ်များ တိုက်ပေါ်မှ ခုန်ချသေဆုံးစေခဲ့သည့် ဗိုလ်တထောင် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းဝင်း(ခ) ဘော်ဘီ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် ဗိုလ်တထောင်မြို့နယ် ၄၂ လမ်းထိပ်တွင် ဗိုလ်တထောင်မြို့နယ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းဝင်း(ခ) ဘော်ဘီ သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူက မနှစ်က ၄၄ လမ်းမှာ မပန်းသီးတို့ လူငယ်လေးတွေကို စစ်တပ်နဲ့အတူ ဝင်ဖမ်းတဲ့နေရာမှာပါခဲ့တယ်။ အဲဒါ သူက ဦးစီး ဦးရွက်လုပ်ခဲ့တာ။ အခုတော့ သေပြီ။ ၄၂ လမ်းထိပ်၊ ဘိုကလေးစျေးထိပ်မှာ ၃ ချက်ဖောင်းဒိုင်းအကျွေးခံရတယ်။ သေသွားပြီ ရဲခွေးတွေ အိမ်စီးကား Crow အဖြူနဲ့ လာစစ်နေတယ်။ ၄၄ လမ်းကိစ္စပြီးတော့ သူက ရှောင်နေတာ။ သူက ဘိုကလေစျေးပရဟိတဆိုပြီး ပရဟိတ အယောင်ဆောင်လည်းလုပ်တယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။
ယမန်နှစ် ဩဂုတ်လ ၁၀ ရက်နေ့ ရန်ကုန်ဗိုလ်တထောင် ၄၄ လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းစဉ် တော် လှန်ရေး လူငယ် ၅ ဦး တိုက်ပေါ်မှ ခုန်ချခဲ့ကြပြီး ၃ ဦးသေဆုံးကာ ၂ ဦး အဖမ်းခံခဲ့ရသည်။