28 C
Yangon

ရန်ကုန် သေဒဏ်ပေးမှု ထောက်ခံပွဲ ခင်ရီနှင့်အေးနေဝင်းတပည့် ထိန်လင်းဦးဆောင်ပြီး ဘူးလက်လှဆွေနှင့်အတူ ဟောပြော၊ မန္တလေးတွင်လည်း သေ ဒဏ်ပေးမှု ထောက်ခံပွဲ လုပ်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

ရန်ကုန်မြို့တွင် ယမန်နေ့က ကျင်းပသည့် သေဒဏ်ပေးမှု ထောက်ခံပွဲကို ကြံ့ဖွတ်ဒုတိယဥက္ကဋ္ဌ၊ လ၀ကဝန်ကြီး ခင်ရီနှင့် အေးနေဝင်း၏ တပည့်အရင်းဖြစ်သူ ထိန်လင်းက ဦးဆောင်ပြုလုပ်ခဲ့ပြီး ဘူးလက်လှဆွေနှင့်အတူ ဟောပြောခဲ့ကြောင်း သိရှိရသည်။

ထိန်လင်းသည် ကြံ့ဖွတ်ပါတီဝင်ဖြစ်ပြီး ခင်ရီ၏ တပည့်အရင်းဖြစ်ကြောင်း၊ အေးနေဝင်း၏ လူယုံတစ်ဦးတွင်လည်း ပါဝင်ပြီး အမျိုးသားရေး၊ မဘသ လှုပ်ရှားမှု ခေါင်းဆောင်များကို အေးနေဝင်းနှင့်ချိတ်ဆက်ပေးခြင်း၊ ခင်ရီနှင့်ချိတ်ဆက်၍ အမျိုးသားရေး လှုပ်ရှားမှုများ ၊ စစ်တပ်ထောက်ခံပွဲများကို ဦးစီး စီစဉ်ခဲ့သူဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ကျွန်းလှမြို့နယ်၏ တသီးပုဂ္ဂလအမတ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ်ခဲ့သူဖြစ်ကြောင်း မဘသ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“သူက စရဖနဲ့ပေါင်းပြီး တပ်ထောက်ခံပွဲတွေ အမျိုးသားရေး ပွဲတွေ စီစဉ်ခဲ့သူပဲ။ သူရဦးအောင်ကို ဖြုတ်ချပွဲတို့ ဘာတို့မှာလည်း ပါဝင်ခဲ့တဲ့သူ။ ခင်ရီတပည့်အရင်း။ အေးနေဝင်း တပည့်အရင်း။ ကြံ့ဖွတ်ပဲ။ မင်းအောင်လှိုင်ဆီကို တိုက်ရိုက် ဆက်သွယ်ခွင့်ရှိတဲ့သူတွေထဲမှာပါတယ်” ဟု မဘသနှင့်အမျိုးသားရေး အကြောင်းများ ထဲထဲဝင်ဝင် သိရှိထားသူ ကိုဟိဏ်းဝေယံက ပြောသည်။

ယမန်နေ့ ရန်ကုန်မြို့လယ်တွင် ကျင်းပသည့် သေဒဏ်စီရင်မှု ထောက်ခံပွဲသို့ ထိန်လင်းနှင့်အတူ ဘူးလက်လှဆွေတို့က ဟောပြောပြီး ပွဲကို ၄၅ မိနစ်အတွင်း တက်သုတ်ရိုက်ကျင်းပခဲ့ကြောင်း၊ စစ်တပ်က လုံခြုံရေးယူပေးခဲ့ကြောင်း သိရှိရသည်။

ယနေ့ဇူလိုင်လ ၃၀ ရက်နေ့တွင် မန္တလေးမြို့တွင်လည်း သေဒဏ်ပေးမှု ထောက်ခံပွဲကျင်းပလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“၁၂၅ လမ်း ၆၂ လမ်း အနောက်ဘက်မှာ လူအုပ်စု ကား လေးငါးစီးလောက်နဲ့ လူစုနေတယ်။ အခု လမ်းပိတ်သွားပြီ။ လူစုနေတာ သေဒဏ်ပေးမှု ထောက်ခံပွဲအတွက်” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article