28 C
Yangon

မြိတ်မြို့တွင် ပရဟိတသမား ကိုထွန်းထွန်းကို စစ်ကားဖြင့် တိုက်သတ်၊ ဆိုင်ကယ် တစ်စီးတည်းစီးသူ လူငယ် ၃ ဦးကို စစ်တပ်က လိုက်လံပစ်ရာမှ ၂ ဦးသေဆုံးသည့်အပြင် လမ်းဘေးတွင် ဖုန်းဂိမ်းထိုင်ဆော့နေသူ လူငယ်ပါ ကျည်ထိမှန်သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ပရဟိတသမား ကိုထွန်းထွန်း(ခ)သားဖြူကို စစ်တပ်က စစ်ကားဖြင့် တိုက်သတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

ဩဂုတ်လ ၂၀ ရက်နေ့ ည ၉ နာရီအချိန် သုဘရာဇာ လူငယ်များ နာရေးကူညီမှုအသင်း၏ အဖွဲ့ဝင် ပရဟိတသမား အသက် ၃၈ နှစ်အရွယ် ကိုထွန်းထွန်း (ခ)သားဖြူသည် မိခင်ဖြစ်သူအတွက် ညစာဝယ်ရန် ထွက်ရှိလာစဉ် ကလွန်ကျေးရွာအုပ်စု၊ ရှမ်းချောင်းလမ်းမကြီး၊ ဓနိရည်ချိုလမ်းထိပ်အရောက် ကင်းလှည့်နေသည့် စစ်ကားဖြင့် ထိပ်တိုက် ရင်ဆိုင်မိကြောင်း သိရှိရသည်။

ယင်းနောက် စစ်ကားက ကိုထွန်းထွန်း၏ ဆိုင်ကယ် နောက်မှ တရကြမ်း လိုက်လာသောကြောင့် ဆိုင်ကယ်အရှိန်မြှင့် မောင်းနှင် ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် စစ်ကား၏ အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်မှု ခံလိုက်ရပြီး ကိုထွန်းထွန်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“ဘာအကြောင်းပြချက်မှ မရှိဘဲ မသင်္ကာလို့ ဆိုပြီး တိုက်သတ်လိုက်တာ။ ညက နည်းနည်းမိုးချုပ်တော့ စစ်ကားက ကောင်တွေ မူးနေကြတယ်ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကားဖြင့် တိုက်သတ်ခံရသူ သုဘရာဇာ လူငယ်များ နာရေးကူညီမှုအသင်း၏ အဖွဲ့ဝင် ပရဟိတသမား အသက် ၃၈ နှစ်အရွယ် ကိုထွန်းထွန်း (ခ)သားဖြူသည် ပန်းရံအလုပ်ဖြင့် မိခင်ဖြစ်သူကို လုပ်ကျွေးနေသူဖြစ်ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း မြိတ်မြို့တွင် ဩဂုတ်လ ၂၄ ရက်နေ့ ညပိုင်းတွင် ဆိုင်ကယ် တစ်စီးတည်းစီး၍ အလုပ်မှ ပြန်လာသည့် လူငယ် ၃ ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ရာမှ လူငယ် ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြိတ်မြို့တွင် လူငယ် ၃ ဦး သည် ဆိုင်ကယ်တစ်စီးတည်းဖြင့် ယမန်နေ့ ည ၇ နာရီဝန်းကျင် အလုပ်မှ ပြန်လာစဉ် ဆိပ်ငယ်ရပ်ကွက်ရှိ ဆိပ်ငယ်တံတားနှင့် ပြည်တော်တံတားအကြား စစ်တပ်က ရမ်းသမ်း၍ သေနတ်ဖြင့် လိုက်လံပစ်ခတ်သောကြောင့် လူငယ် နှစ်ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ တစ်ဦးလွတ်မြောက်သွားကြောင်း၊ လူငယ်များ၏ အလောင်းများကို စစ်တပ် သယ်ယူသွားခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်က ဆိုင်ကယ်တစ်စီးတည်းကို လူ ၃ ဦး စီးလို့ဆိုပြီး နောက်က လိုက်ပစ်တာ။ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၃ ဦးမှာ တစ်ဦးက ခေါင်းပွင့်ဆုံးတယ်။ နောက်တစ်ယောက်က ကျည်ဆန်က နံဘေးဖောက်ဝင်ဒဏ်ရာရတာ ဆုံးသွားပြီလို့ ပြောတယ်။ တစ်ဦးကတော့ လွတ်သွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဆိုင်ကယ်စီး လူငယ် ၃ ဦးကို စစ်တပ်က လိုက်လံပစ်ခတ်စဉ် လမ်းဘေးတွင် မိုဘိုင်းလ်ဖုန်းဖြင့် ဂိမ်းထိုင်ဆော့နေသူ စီလူမူလာစ်ကိုပါ ကျည်လာရောက်ထိမှန်ပြီး လည်ပင်းဖောက်ထွက်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်က ဆိုင်ကယ်ကို လိုက်ပစ်တဲ့အချိန်မှာ ကျည်က ဆိပ်ငယ်တံတား လမ်း ဘေးမှာ ထိုင်ပြီး ဂိမ်းဆော့နေသူ စီလူမူလာစ်ရဲ့ လည်ပင်းကို ကျည်ထိမှန်ပြီး ပွဲချင်းပြီး ဆုံးပါတယ်” ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။

ဆိုင်ကယ်ကို လိုက်လံပစ်ခတ်စဉ် စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လမ်းဘေး စျေးဆိုင်များနှင့်‌ဆေးဆိုင်များပါ ကျည်ထိမှန်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article