29 C
Yangon

မြန်မာအာဏာသိမ်းမှုကြောင့် ဒေသတွင်းလူကုန်ကူးမှု ပိုမိုဆိုးဝါးလာခြင်းကို တရုတ်က မည်သို့ တုံ့ပြန်မည်နည်း

Must read

By Debby S.W. Chan

၂၀၂၁ မြန်မာအာဏာသိမ်းမှု ဖြစ်ပွားစဉ်မှစတင်၍ လူ ၂,၂၀၀ကျော်ကို စစ်တပ်က သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ လူသိများသော နိုင်ငံရေးတက်ကြွသူများအား ကွပ်မျက်ခြင်း၊ လက်နက်ကိုင်တော်လှန်သူများ၏ ကျေးရွာများကို မီးရှို့ဖျက်စီးခြင်းများဖြင့် စစ်တပ်သည် နိုင်ငံရေးဖိနှိပ်မှုကို တိုးမြှင့်လုပ်ဆောင်နေသည်။

ဒုက္ခသည်များ ပြည်ပထွက်ပြေးမှု၊ အမျိုးသမီးနှင့် ကလေးငယ်များ လူကုန်ကူးခံရမှု၊ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု စသည်တို့ကိုကြည့်၍ မြန်မာနိုင်ငံ၌ လူသားလုံခြုံရေး ခြိမ်းခြောက်ခံရမှုများသည် ဒေသအတွင်းသို့ ပျံ့နှံ့လာနေကြောင်း တွေ့ရှိရသည်။

မြန်မာအာဏာသိမ်းမှုနောက်ပိုင်းတွင် နိုင်ငံခြားသားများသည်လည်း လူကုန်ကူးခံရသည့် သားကောင်များတွင် ပါဝင်လာသည်။ လိမ်ညာလှည့်ဖျားမှုများ ဆောင်ရွက်ရန် ထိုင်းနိုင်ငံမှ တရုတ်စကားပြောသူ ဒါဇင်နှင့်ချီ၍ မြန်မာနိုင်ငံသို့ ပြန်ပြေးဆွဲခံနေရသည်။ ၂၀၂၂ ခုနှစ်၊ မေလအတွင်းက ထိုင်းနိုင်ငံ၌ လစာကောင်းသောအလုပ်များ၌ ခန့်ထားမည်ဟု မက်လုံးပေးပြီး မလေးရှားလူမျိုးအချို့ မြန်မာနိုင်ငံထဲသို့ လူကုန်ကူးခံခဲ့ရသည်။ မကြာသေးမီကလည်း ထိုင်ဝမ်နှင့်ဟောင်ကောင်လူမျိုးအချို့မှာ အလားတူအလုပ်အကိုင် လိမ်ညာခေါ်ဆိုမှုကြောင့် ကျွန်ပြုခံဘဝသို့ သက်ဆင်းခဲ့ကြရသည်။

လူကုန်ကူးခံရသူများကို ဖမ်းဆီးအကျဉ်းချထားကာ ၎င်းတို့ကို အွန်လိုင်းလူလိမ်လူညာများအဖြစ် ဒုစရိုက်ဂိုဏ်းကြီးများက အတင်းအကြပ် အလုပ်စေခိုင်းကြသည်။ အမိန့်မနာခံသူ သို့မဟုတ် စွမ်းဆောင်မှု မကောင်းသူများသည် ကိုယ်ထိလက်ရောက် နှိပ်စက်ခံရခြင်း၊ အဆိုးဝါးဆုံးပုံစံ အကြမ်ဖက်ခံရခြင်းများနှင့် ကြုံတွေ့ကြရသည်။ ဖမ်းဆီးထားသူများကို ပြန်ရွေးရန် အဆိုပါဂိုဏ်းများက သားကောင်များ၏ သက်ဆိုင်ရာ မိသားစုဝင်များထံမှ အဓမ္မငွေညှစ်တောင်းခံကြသည်။

မြန်မာနိုင်ငံသည် လူကုန်ကူးမှုဒုစရိုက်ဂိုဏ်းများ ထကြွသောင်းကျန်းနေသည့် တစ်ခုတည်းသော နိုင်ငံကားမဟုတ်ပါ။ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများရှိ အထူးစီးပွားရေးဇုန်များသည်လည်း လူကုန်ကူးမှုကြောင့် လူသိများသည်။ သို့သော် မြန်မာနိုင်ငံ၌ ကျွန်ပြုခံနေရခြင်းမှာတိုင်းပြည်၏ မတည်ငြိမ်သော အနေအထားကြောင့် ပြဿနာပိုမိုကြီးမားသည့် အနေအထားရှိသည်။

လူကုန်ကူးခံရသူ အများအပြားကို ကရင်ပြည်နယ်၊ မြဝတီရှိ ရွှေကုက္ကိုဒေသအနီးတွင် ထိန်းသိမ်းထားသည်။ ရွှေကုက္ကိုသည် ထိုင်း-မြန်မာနယ်စပ်၌ တည်ရှိကာ အဆိုပါဒေသသည် မြန်မာစစ်တပ်နှင့် မဟာမိတ်ပြုထားသည့် ကရင်နယ်ခြားစောင့်တပ်(ဘီဂျီအက်ဖ်)၏ ထိန်းချုပ်နယ်မြေ ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသည့် တရုတ်လူမျိုး ရှာကျီယန်းပိုင်ဆိုင်သော Yatai International ကုမ္ပဏီသည် ကရင်ဘီဂျီအက်ဖ်၏ ကုမ္ပဏီဖြစ်သော ချစ်လင်းမြိုင်ကုမ္ပဏီလိမိတက်နှင့် ပူးပေါင်း၍ ရွှေကုက္ကို၌ ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိ အထူးစီးပွားရေးဇုန် တစ်ခုတည်ဆောက်ရန် ဖက်စပ်ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့သည်။

စီမံကိန်းလုပ်ငန်းများ၌ လေဆိပ်၊ စက်မှုဇုန်၊ လူနေအိမ်ခြံမြေ၊ ဟိုတယ်နှင့် အခြားအဆောက်အအုံများ ပါဝင်ပြီး နည်းပညာမြင့် ဗဟိုဌာနတစ်ခုအဖြစ် တည်ဆောက်ရန် ရည်ရွယ်သည်။ တရုတ်လူမျိုး ရင်းနှီးမြှုပ်နှံသူများ၊ တရုတ်အလုပ်သမားများ၊ တရုတ်ခရီးသွားဧည့်သည်များ ပြည့်နှက်နေသဖြင့် ၎င်းဒေသကို ကရင်ပြည်နယ်၏ ချိုင်းနားတောင်းဟုပင် အချို့ကခေါ်ဆိုကြသည်။

အဆိုပါ နည်းပညာမြင့်ဗဟိုဌာနတွင် ကာစီနိုလောင်းကစားရုံများ ဖွင့်လှစ်ထားသလို လိမ်လည်မှု (ရိုက်စား)လုပ်ငန်းများနှင့် အခြားတရားမဝင် လုပ်ငန်းများကိုလည်း လုပ်ဆောင်နေကြောင်း ရရှိထားသော အချက်အလက်များက သက်သေထူလျက်ရှိသည်။ ရှာကျီယန်းသည် တရုတ်နိုင်ငံမှ ဝရမ်းပြေးတစ်ဦး ဖြစ်သည်။ တရားမဝင်အွန်လိုင်း လောင်းကစားလုပ်ငန်းများ လုပ်ကိုင်မှုဖြင့် ထိုင်းအာဏာပိုင်များက ၎င်းကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ဖမ်းဆီးခဲ့သည်။

ရှာကျီယန်း၏ Yatai International ကုမ္ပဏီအနေနှင့် လျော့ရဲရဲအဓိပ္ပာယ် သတ်မှတ်ချက်များဖြင့် မတည်ရင်းနှီးထားသော ‌ေရွှေကုက္ကိုစီမံကိန်းသည် တရုတ်ပိုးလမ်းမသစ်စီမံကိန်း၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်ဟု အခိုင်အမာပြောဆိုသည်။ တရုတ်အစိုးရ မီဒီယာဖြစ်သော ဆင်ဟွာ၏ ရန်ကုန်သတင်းဌာနက ရွှေကုက္ကိုစီမံကိန်းသည် ပိုးလမ်းမသစ်စီမံကိန်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ၂၀၁၇ ခုနှစ်အတွင်းက ဖော်ပြခဲ့ဖူးသည်။ ထို့အပြင် စီမံကိန်းကို အစိုးရပိုင် တရုတ်ဓာတ်သတ္တုအုပ်စု ကော်ပိုရေးရှင်းက တာဝန်ယူတည်ဆောက်ခဲ့သည်ဟု သတင်းရရှိသည်။

ရွှေကုက္ကိုစီမံကိန်းနှင့် ဆက်နွယ်နေသော ကာစီနိုလောင်းကစားနှင့် အခြားရာဇဝတ်မှုများအကြောင်း သတင်းများထွက်ပေါ်လာသည့်အခါ ကရင်ပြည်နယ်အစိုးရက ယင်းစီမံကိန်းကို ၂၀၁၉ခုနှစ်က ယာယီရပ်ဆိုင်းခဲ့သည်။ နောက်တစ်နှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(အင်န်အယ်ဒီ) ဦးဆောင်သောအစိုးရကလည်း ရွှေကုက္ကိုစီမံကိန်းကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။ ပေကျင်းကမူ အဆိုပါ အငြင်းပွားစရာကိစ္စမှ လက်ရှောင်၍ အထူးစီးပွားရေးဇုန်စီမံကိန်းသည် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတစ်ခုသာ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

အာဏာမသိမ်းမီက ကရင်ငြိမ်းချမ်းမှု အထောက်အကူပြုကွန်ယက် အပါအဝင် ကရင်အဖွဲ့အစည်းများက ရွှေကုက္ကိုစီမံကိန်းနှင့် ပတ်သက်သည့် တရားမဝင် လုပ်ငန်းများအကြောင်းကို ဖော်ထုတ်ပေးခဲ့ကြသည်။ ရွှေကုက္ကို စီမံကိန်း၌ အလုပ်လုပ်ရန် မြန်မာနိုင်ငံသားများကို လိမ်ညာခေါ်ယူပြီး အဓမ္မအလုပ်စေခိုင်းမှုများ ရှိခဲ့သည်။ လိမ်ညာအလုပ်စေခိုင်းခံရသူတစ်ဦးကို ရွေးကောက်ခံ ကရင်ပြည်နယ်လွှတ်တော်အမတ်တစ်ဦးက ၂၀၂၀ပြည့်နှစ်အတွင်း ကယ်တင်ခဲ့ဖူးသည်။ သို့သော် အာဏာသိမ်းမှုနောက်ပိုင်းတွင် အဆိုပါသတင်းပေးပို့မှုနှင့် ကယ်ဆယ်ရေးလမ်းကြောင်းများမှာ ပြတ်တောက်သွားခဲ့ရသည်။

မြန်မာနိုင်ငံ၌ ကြီးထွားလာသောလူ့အခွင့်အရေးချိုးဖောက်မှုများက ဒေသတစ်ခုလုံးသို့ကူးစက် ပျံ့နှံ့လာကာ တရုတ်လူမျိုးများကို အဓမ္မအလုပ်စေခိုင်းခံရမှုများပင် ဖြစ်ပေါ်လာခဲ့သည်။ တရုတ်နှင့်ဟောင်ကောင်မှ လူကုန်ကူးခံရသူများကို ကယ်တင်ပေးမည်ဟု ပေကျင်းက ကတိပြုသည်။ သို့သော် ပြဿနာကိုကိုင်တွယ်ရာ၌ လူကုန်ကူးမှု ရာဇဝတ်ကောင်များကို နှိမ်နှင်းရန် မြန်မာစစ်ကောင်စီ၏ ကတိကဝတ်ပြုမှုက အဓိကအရေးပါနေသည်။ ရွှေကုက္ကိုဒေသမှ ဒုက္ခသည်များကို ကယ်တင်နိုင်ရန် အာဏာသိမ်းစစ်ကောင်စီက အမှန်တကယ် အရေးယူဆောင်ရွက်ရမည် ဖြစ်သည်။

သို့ရာတွင် စစ်ကောင်စီတွင် အရပ်သားများကို အကာအကွယ်ပေးမှုနှင့် ပတ်သက်၍ နာမည်ကောင်း ရရှိထားခြင်းမရှိပေ။ ၎င်း၏ လူနေအိမ်လုယက်မှု၊ ကလေးသူငယ်ပစ်ခတ်မှု၊ ဆန့်ကျင်သူများကို အသက်သေဆုံးသည်အထိ နှိပ်စက်မှု၊ ကျေးရွာမီးရှို့မှုနှင့် အခြားလူထုအကြမ်းဖက်မှုများသာ ကြားသိရသည်။ စစ်တပ်အနေဖြင့် နိုင်ငံခြားသားများ၏ အသက်ကို အရေးတယူဂရုတစိုက် ဆောင်ရွက်ပေးလာအောင် မည်သည့်အရာက ဆွဲဆောင်နိုင်မည်ဆိုသည်မှာ သံသယဖြစ်ဖွယ်ရှိသည်။

ထို့အပြင် ကရင်ဘီဂျီအက်ဖ်သည် စစ်တပ်၏ကွပ်ကဲမှု တစ်စိတ်တစ်ဒေသ အောက်တွင် ရှိနေသည်။ ၎င်းတို့သည် စစ်ကောင်စီနှင့်လက်တွဲ၍ ကရင်ပြည်နယ်ရှိ အခြားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ခဲ့ကြသည်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတစ်ခု၏အဆိုအရ ရွှေကုက္ကိုဒေသရှိ အမြတ်အစွန်းကြီးမားသော လုပ်ငန်းများမှ အာဏာသိမ်းစစ်ကောင်စီပင်လျှင် အကျိုးအမြတ်ရဖွယ်ရှိသည်ဟု ဖော်ပြထားသည်။ ဘီဂျီအက်ဖ်သည် စစ်တပ်နှင့်ပတ်သက်နေသဖြင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအား အာဏာသိမ်းစစ်ကောင်စီ၏ မနှိမ်နှင်းလိုမှု သို့မဟုတ် မနှိမ်နှင်းနိုင်မှုမှာ စိတ်အနှောင့်အယှက် ဖြစ်စရာအချက် ဖြစ်သည်။

ပေကျင်းနှင့် မြန်မာစစ်တပ်အကြား ရင်းနှီးခင်မင်သော ဆက်ဆံရေးရှိသဖြင့် ပေကျင်းသည် အခြေအနေကို အကောင်းဆုံးထိန်းကျောင်းသွားဖွယ်ရာရှိသည်။ တရုတ်နိုင်ငံ၏ သံတမန်ရေးကြိုးပမ်းမှုများက ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ဆောင်းပါးရှင်က မျှော်လင့်မိသည်။ သို့ရာတွင် ပြန်ပေးဆွဲမှုများတွင် ပါဝင်ပတ်သက်ကောင်း ပတ်သက်နေနိုင်ဖွယ်ရှိသည့် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးကိုမူ ပေကျင်းက ပြန်လည်စဉ်းစား သုံးသပ်သင့်သည်။

အာဏာသိမ်းမှုအပြီး နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများကို ဖီလာပြုလျက် တရုတ်နှင့်ရုရှားတို့သည် စစ်တပ်ကို တရားဝင်မှုအပ်နှင်းခဲ့သော ကုလသမဂ္ဂလုံခြုံရေး ကောင်စီအမြဲတမ်း အဖွဲ့ဝင်နှစ်နိုင်ငံ ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်စဉ်ကတည်းက အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ ပြည်တွင်းရေး၌ ဝင်ရောက် မစွက်ဖက်ရေးမူကို ပေကျင်းက ကျင့်သုံးလျက်ရှိသည်။

မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများ လျော့နည်းသွားမည့် လက္ခဏာမတွေ့ရလင့်ကစား ပေကျင်းသည် အဆိုပါပဓာနကျသော နိုင်ငံခြားရေးမူဝါဒကိုသာ ဆက်လက်ကိုင်စွဲထားသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း ဟန်ဝေးပြည်နယ်၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီသည် မြန်မာစစ်တပ်က ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်အား လက်ခံတွေ့ဆုံစဉ် ပေကျင်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေးတွင် အစဉ်အမြဲ ထောက်ခံအားပေး သွားမည် ဟူ၍ပင် ထပ်လောင်းပြောဆိုခဲ့သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်တစ်လျှောက် ပိုးလမ်းမသစ်စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေးနှင့် အနာဂတ်တူညီသော အသိုင်းအဝိုင်းတစ်ခု အတူတကွတည်ထောင်ရေးတို့ကို နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြသည်။

ပိုးလမ်းမသစ်စီမံကိန်းသည် ကမ္ဘာ့တိုက်ကြီးများအကြား ချိတ်ဆက်မှုကို တိုးမြှင့်ရန်ရည်ရွယ်သည်။ အခြေခံအဆောက်အအုံ စီမံကိန်းများသည် ပွင့်လင်းမြင်သာ တာဝန်ယူမှုရှိစွာဖြင့် အကောင်အထည်ဖော်ပါက တရုတ်နှင့်အိမ်ရှင်နိုင်ငံများအတွက် စီးပွားရေး တိုးတက်မည့်အလားအလာ ကောင်းများစွာရှိသည်။ သို့သော် တရုတ်−မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်း အကောင်အထည်ဖော်မှုသည် လက်ရှိစစ်ကောင်စီလက်အောက် မြန်မာနိုင်ငံတွင် လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိနိုင်မလား ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။

ပြဿနာများနှင့် ပြည့်နေသော ယနေ့ မြန်မာ့ပကတိအခြေအနေကို ပိုးလမ်းမသစ်စီမံကိန်းက မထင်မှတ်ဘဲ ကျားကန်ပေးနေမိသည်ဟု ယူဆရသည်။ စစ်တပ်အား ငွေကြေးထောက်ပံ့၍ ၎င်း၏ တရားဝင်မှုကို တိုးမြှင့်ပေးခြင်းက နောက်ဆုံးတွင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို မလွဲမသွေ ဆိုးဝါးလာစေမည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ လူအခွင့်အရေး ချိုးဖောက်မှုကြီးမားလာခြင်းနှင့် လူကုန်ကူးမှုမြင့်တက်လာခြင်းများက ပေကျင်းက ဖော်ပြထားသည့် မျှော်မှန်းချက်များနှင့် ဆန့်ကျင်လျက်ရှိသည်။

မြန်မာ့လူသားချင်းစာနာမှု အကြပ်အတည်းကို ဖြေရှင်းရာတွင် ဖိအားပေးမှုအစား နိုင်ငံရေးဆွေးနွေးမှုကို မဟာဗျူဟာအဖြစ် ကျင့်သုံးရန် ပိုမိုလိုလားကြောင်း အာဏာသိမ်းပြီးစဉ်ကတည်းက ပေကျင်းက ထပ်တလဲလဲပြောဆိုနေခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံထဲမှ လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ဒေသအတွင်းသို့ ပျံ့နှံ့ကူးစက်လာပြီ ဖြစ်သည်။

အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံနှင့် ပုံမှန်အတိုင်း ဆက်လက် ဆက်ဆံနေသည့် တရုတ်နိုင်ငံ၏ ချဉ်းကပ်မှုသည် ဒေသဆိုင်ရာ လူသားလုံခြုံမှုနှင့် နိုင်ငံတကာပုံရိပ်ကိုပင် ထိခိုက်လာနိုင်ဖွယ်ရှိသည်။ တာဝန်ယူမှုရှိသော အင်အားကြီးနိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခံရရန် မျှော်မှန်းထားသော ပေကျင်းအနေဖြင့် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရန် အချိန်သင့်နေပြီဖြစ်သည်။

(The Diplomat magazine ပါ Debby S. W. Chan ၏ “As Myanmar Coup Intensifies Regional Human Trafficking, How Will China Respond?” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article