35 C
Yangon

မြောက်ဦးတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်မှုကြောင့် ကင်းဆိပ်ကျေးရွာမှ ၄ နှစ်အရွယ်ကလေးငယ်သေဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၂၈

ယနေ့သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် မြောက်ဦး ကင်းဆိပ်ကျေးရွာသို့ လက်နက်ကြီးကျရောက်ခဲ့မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သူ ၅ ဦးအနက်မှ ၄ နှစ်အရွယ်ကလေးငယ်မှာ သေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူများက ပြောသည်။

အဆိုပါကလေးငယ်မှာ ခေါင်းအပါအဝင် ခန္ဓာကိုယ်နှင့် ခြေထောက်တို့တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ရာ ဆေးရုံမရောက်မီ လမ်းတွင်သေဆုံးသွားကြောင်း ကယ်ဆယ်ရေးလုပ်ကိုင်နေသူများက Western News ကို ပြောသည်။

“လမ်းမှာသေတာ။ ကလေးကချစ်စရာလေးပါ။ လက်နက်ကြီးတွေပစ်နေတုန်း အပြင်ဖက်ထွက်အလာမှာ တံတားထိပ်အရောက် အစအနတွေကျပြီး ဒဏ်ရာရသွားတာ” ဟုပြောသည်။

ကင်းဆိပ်ကျေးရွာကို ယနေ့ညပိုင်း ၄ နာရီခွဲကျော်လောက်၌ လက်နက်ကြီး ၅ လုံးထက်မနည်းကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး ၃ ဦးသေဆုံးကာ ၄ ဦး ဆေးရုံတွင် ဒဏ်ရာပြင်းထန်နေဆဲဖြစ်ကြောင်း လိုက်ပါပို့ဆောင်ခဲ့သူများကပြောသည်။

မြောက်ဦးမြို့ ကင်းဆိပ်ကျေးရွာသို့ကျရောက်သည့် လက်နက်ကြီးမှာ မြောက်ဦး ၃၇၇ တပ်ရင်းမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများဖြစ်ကြောင်း မြို့ခံများကဆိုသည်။

မြောက်ဦးတွင် ယနေ့ညပိုင်း ၄ နာရီဝန်းကျင်ကလည်း လက္ကာကျေးရွာအနီးတွင် ရက္ခိုင်တပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲများပြင်းထန်မှုရှိခဲ့သည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article