29 C
Yangon

တီးတိန်စသုံးလုံးရုံး ဖောက်ခွဲတိုက်ခိုက်ခံရ ၊ နေပြည်တော်တွင် စစ်တပ်ကို ရည်ရွယ် ထောင်ထားသော ဗုံးကို စည်ပင်က တွေ့ရှိပြီး စစ်တပ်ထံ အကြောင်း ကြား သိမ်းဆည်းခိုင်းမှု နောင်တွင် သည်းမခံတော့ဟု ဗိုလ်လရောင်ပြော

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) ရုံးကို ဩဂုတ်လ ၂၇ ရက်နေ့တွင် ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများ၊ စသုံးလုံး ဌာနနှင့် ဒေသသတင်းရင်းမြစ် Zalen ထံမှ သိရှိရသည်။

ဩဂုတ်လ ၂၇ ရက်နေ့ ည ၈ နာရီကျော်အချိန် ချင်းပြည်နယ်၊ တီးတိန်မြို့ Leilum ရပ်ကွက်ရှိ စစစ ရုံးတွင်ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ရုံးပျက်စီးသွားကြောင်း၊ အဆိုပါရုံးတွင် စသုံးလုံးဝန်ထမ်းများ ရုံးမထိုင်တော့သဖြင့် လူထိခိုက်မှု မရှိကြောင်း သိရှိရသည်။

“ချင်းပြည်နယ် စသုံးလုံးရုံးတွေမှာက ဝန်ထမ်းတွေ မရှိတော့တာများတယ်။ လုံခြုံရေးစိတ်ချမရလို့ တပ်နဲ့ ရဲစခန်းတွေမှာ ပေါင်းတာ။ တချို့လည်း အလုပ်ထွက်ကုန်တာ၊ ရုံးချုပ်ပြန်လာတာ အမျိုးမျိုးပဲ။ လုံခြုံရေးစိတ်ချမရတဲ့နေရာတွေမှာ လူမရှိတော့ဘူး” ဟု နေပြည်တော်စသုံးလုံးသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ယနေ့ နေပြည်တော်၊ သုခသိဒ္ဓိရပ်ကွက်၊ ပညာရေးဝန်ကြီးဌာန ၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးဝန်ထမ်းအိမ်ရာနှင့် အသစ် ဖွင့်လှစ်မည့် အဆင့်မြင့် University တို့အကြား ယနေ့ညနေ ၃ နာရီ ဗုံးတွေ့ရှိ၍ စစ်တပ်က သိမ်းဆည်းဖောက်ခွဲ လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၃ နာရီတွင် ဗုံးတွေ့ရှိမှုဖြစ်ပွားခဲ့ပြီး ဗုံးမျာမပေါက်ကွဲမီ စစ်ကောင်စီက လာရောက်ဖောက်ခွဲရှင်းလင်းခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါဗုံးကို နေပြည်တော်မှ စည်ပင်မြက်ရိတ် ဝန်ထမ်းတစ်ဦးက တွေ့ရှိ၍ စစ်တပ်ထံ အကြောင်းကြားရာမှ ဖယ်ရှားခံရခြင်းဖြစ်ကြောင်း၊ စစ်တပ်ကို ရည်ရွယ်ထောင်ထားသော ဗုံးကို တွေ့ရှိ၍ စစ်တပ်ထံ အကြောင်းကြားမှုများကို သည်းခံတော့မည် မဟုတ်ဟု စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နေပြည်တော်)၏ တာဝန်ရှိသူ ဗိုလ်လရောင်က ပြောသည်။

“နေပြည်တော်မှာ ကျွန်တော်တို့ ဆောင်ရွက်တဲ့ Mission တစ်ခု ပျက်စီးသွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ နေပြည် တော် သုခသိဒ္ဓိရပ်ကွက်မှာ စစ်ခွေးတွေကို ပစ်မှတ်တစ်ခုအနေနဲ့ ထားထားတဲ့ ဗုံး ထောင်ထားခြင်းဖြစ်စဉ်မှာ နေပြည် တော်စည်ပင်ရဲ့ မြက်ရှင်းအလုပ်သမားတွေကနေပြီးတော့ ဗုံးကို တွေ့သွားတယ်။ တွေ့သွားပြီးတော့ စစ်ခွေးတွေကို သတင်းပေးလိုက်တယ်။ ဒီသတင်းပေးပို့မှုကြောင့်ပဲ ကျွန်တော်တို့ရဲ့ Mission မအောင်မြင်ဘဲနဲ့ ဗုံးကို စောလျင်စွာ ရှင်း လင်းခံလိုက်ရပါတယ်။ ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် တော်လှန်ရေး အင်အားစုတွေက ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေ အပေါ်မှာ မလိုအပ်ဘဲနဲ့ ဝင်ရောက်နှောက်ယှက်တာမျိုး သွားတွေ့ရတယ်။ ဖြစ်စဉ်အတွင်းမှာ ပါဝင်တဲ့ နေပြည် တော် စည်ပင်ရဲ့ ဒီမြက်ရှင်းဝန်ထမ်းတွေဟာ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုရဲ့ ဆောင်ရွက်တဲ့ Mission တွေ အပေါ်မှာ ဝင်ရောက်နှောက်ယှက်ပြီးတော့ သတင်းပေးလို့သာ ကျွန်တော်တို့ Mission က အချိန်မီ အချိန်ကိုက် မဖြစ်ဘဲနဲ့ စောလျင်စွာ ရှင်းလင်းခံလိုက်ရခြင်းဖြစ်တယ်။ စစ်ခွေးတွေရဲ့ ရှင်းလင်းခံလိုက်ရခြင်းဖြစ်ပါတယ်။ နောက်နောင်သာ အခုလို စစ်ကောင်စီရဲ့ ထောက်တိုင်ပုံစံမျိုး ထောက်တိုင်အနေနဲ့ သတင်းပေးခြင်း၊ ကျွန်တော်တို့ရဲ့ တော် လှန်ရေးလှုပ်ရှားမှုတွေ အပေါ်မှာ နှောက်ယှက်ရှင်းလင်းမှုပြုမယ်ဆိုရင်တော့ နှောက် ယှက်သူတွေကိုပါ ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။ ဒီကနေ ဖြစ်စဉ်ကို ကျွန်တော်တို့ အသေးစိတ်သိရှိပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို သိရှိတဲ့ အတွက်ကြောင့်မို့ ယခုလို အသိပေးခြင်းဖြစ်ပါတယ်။ နောက်နောင် မိမိတို့နဲ့ မဆိုင်တဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ လုပ်ငန်းဆောင်တာတွေ အပေါ်မှာ ဝင်ရောက် နှောက်ယှက်ခြင်း၊ သတင်းပေးခြင်းနဲ့ စစ်ခွေးတွေရဲ့ စစ်ရေးဆောင်ရွက်ချက်တွေ အပေါ်မှာ အားပေးအားမြှောက်ဝိုင်းဝန်းကူညီခြင်းများ မလုပ်ဆောင်ကြဖို့ Non CDM ဝန်ထမ်းများနဲ့ အတူ ပြည်သူကြားထဲက တချို့သော တော်လှန်ရေးအင်အားစုတွေအပေါ်မှာ အမြင်မကြည်သော ပုဂ္ဂိုလ်များကို အသိပေးလိုပါတယ်” ဟု ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ-တီးတိန်စသုံးလုံးရုံး ဗုံးခွဲခံရပြီး ပျက်စီးနေစဉ်။

Photo- Zalen

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article