ရန်ကုန်၊ ဩဂုတ် ၃၁
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် စက်သုံးဆီ စျေးနှုန်းတချို့ ဩဂုတ်လ ၃၁ ရက်နေ့တွင် ထပ်မံ မြင့်တက်သွားပြီး စက်သုံးဆီ ပြတ်လပ်မှုများရှိလာဖွယ်ရှိကြောင်း စက်သုံးဆီ တင်သွင်းသူများထံမှ သိရှိရသည်။
ဩဂုတ်လ ၃၁ ရက်နေ့တွင် 92 ဓာတ်ဆီတစ်လီတာလျှင် ၂၆၀၅ ကျပ်မှ နေရာဒေသလိုက်၍ ၃၂၀၀ ကျပ် အထိလည်းကောင်း၊ 95 ဓာတ်ဆီတစ်လီတာလျှင် ၂၆၇၀ ကျပ်မှ နေရာကိုလိုက်၍ ၃၂၇၅ ကျပ်အထိလည်းကောင်း၊ ဒီဇယ်တစ်လီတာလျှင် ၃၂၄၅ ကျပ်မှ နေရာကိုလိုက်၍ ၃၈၇၅ ကျပ် အထိလည်းကောင်း၊ ယမန်နေ့ စျေးနှုန်းများထက် 92 ဓာတ်ဆီတစ်လီတာ ငွေကျပ် ၄၀ ဝန်းကျင်တက်ပြီး ဒီဇယ်စျေးမှာမူ ငွေကျပ် ၁၀ ဝန်းကျင် ကျဆင်းသည်ကိုတွေ့ရသည်။
လက်ရှိတွင် စက်သုံးဆီများ တင်သွင်းရန်လည်း အမေရိကန်ဒေါ်လာများ ပြည်တွင်းတွင် ပြတ်လပ်နေပြီး စစ်ကောင်စီ၏ ဗဟိုဘဏ်ကလည်း ဒေါ်လာ ရောင်းမပေးကြောင်း၊ထို့ကြောင့် ရက်အနည်းငယ်အတွင်း စက်သုံးဆီ ပြတ်လပ်ဖွယ်ရှိကြောင်း သိရှိရသည်။
စစ်ကောင်စီကမူ စက်တင်ဘာလတွင် ရုရှားနိုင်ငံမှ တင်သွင်းထားသော စက်သုံးဆီ သင်္ဘောများရောက်ရှိမည်ဖြစ်၍ စက်သုံးဆီပြတ်လပ်မှုမရှိနိုင်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။
