28 C
Yangon

ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ သန်းဌေးကို ရန်ပုံငွေ အလွဲသုံးစားမှု၊ စီမံခန့်ခွဲရေး ညံ့ဖျင်းမှုများဖြင့် ဥက္ကဋ္ဌ နေရာစွန့်လွှတ်ရန် အကျပ်ကိုင်၊ ကြံ့ဖွတ်ညီလာခံ သတင်း မပေါက်ကြားရန် အထူးတားမြစ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

နေပြည်တော်တွင် အောက်တိုဘာလ ၄ ရက်နေ့ စတင်ကျင်းပမည့် ကြံ့ဖွတ်ညီလာခံတွင် ပါတီဥက္ကဋ္ဌ နေရာ လုကြမည့် အကွဲအပြဲ အခြေအနေ သတင်းများ ပြင်ပသို့ မပေါက်ကြားစေရေး သတင်းစီးဆင်းမှုများ စစ်တပ်နှင့်ကြံ့ဖွတ်က ပိတ်ဆို့ နေကြောင်း ကြံ့ဖွတ်ပါတီ သတင်းရပ်ကွက်ထံမှ သိရှိရသည်။

လတ်တလော ကြံ့ဖွတ်ပါတီတွင် ခင်ရီ၊ သောင်းအေး၊ မောင်မြင့်၊ လှဆွေ တို့ကဲ့သို့ မင်းအောင်လှိုင်အလိုကျ လုပ် ဆောင် ကြမည့် အုပ်စု၊ သန်းဌေး၊ မြတ်ဟိန်း၊ မြင့်စိုးတို့ကဲ့သို့သော ပါတီမူဝါဒဖြင့် အများသဘောတူညီ ဆုံးဖြတ် ရမည်ဆိုသော အုပ်စုတို့ နှစ်ခုကွဲနေပြီး ပြိုင်ဆိုင်မှု ပြင်းထန်နေကြောင်း၊ ညီလာခံတွင် မင်းအောင်လှိုင်အလိုကျ လုပ်ဆောင် ကြမည့် ခင်ရီတို့ အုပ်စု ဥက္ကဋ္ဌ နေရာနှင့် ဗဟိုအလုပ်အမှုဆောင်နေရာရရှိပါက အနားယူကြမည့် အများအပြား ရှိနေ ကြောင်း သိရှိရသည်။

“ညီလာခံမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပေါ်တင်ချဲတာတွေ ရှိလာဖို့ များတယ်။ ဒါတွေကို သတင်း အပြင်မထွက်အောင် ဖုန်းမယူရ ကန့်သတ်တာတွေ၊ လျှပ်စစ်ပစ္စည်း မယူရ ကန့်သတ်တာတွေ ရှိလာဖို့များတယ်။ နောက်ပြီး မီဒီယာတွေ မပြောဖို့ ဆိုတာမျိုးတွေ လုပ်ဖို့ ရှိတယ်လို့လည်းကြားထားပါတယ်။ အခုမှန်းရတာတော့ ညီလာခံမှာ ဆူဆူပူပူတော့ ဖြစ်မယ်ထင်ပါတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပြောကြဆိုကြ တွေ ရှိလာမယ်ထင်တယ်။ ဒါပေမယ့် မင်းအောင်လှိုင်လိုလားတဲ့ အုပ်စုပဲ ဥက္ကဋ္ဌနဲ့ ဗဟိုအလုပ်အမှုဆောင် ရမယ်လို့ ထင်ပါတယ်။ ဦးသန်းဌေးတို့ ဦးမြတ်ဟိန်းတို့တော့ အနားယူမယ်လို့ မျှော်လင့်ရတယ်။ သတင်းအပြင်မထွက်အောင်တော့ သူတို့ လုပ်နေတဲ့ စည်းကမ်းချက်တွေထုတ်ထားတာရှိတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ဆိုသည်။

အဓိကအားဖြင့် ပါတီ ဥက္ကဋ္ဌ သန်းဌေးအပေါ် ပါတီရန်ပုံငွေငွေကြေးများကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အသိမပေးဘဲ ချေးငှားခြင်း၊ ၎င်း စိတ်ကြိုက် သူများကို လှည့်လည်သုံးစွဲခွင့်ပေးသည်ဆိုသော အဂတိမှုများဖြင့် တိုက်ခိုက်နေကြောင်း၊ ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းသည်ဟုပါ စွပ်စွဲပြစ်တင်ထားကြောင်း၊ လက်ရှိ ဥက္ကဋ္ဌ သန်းဌေးအနေဖြင့်လည်း ပါတီရန်ပုံငွေများ သုံးစွဲမှုနှင့်ပတ်သက်၍ မငြင်းဆန်နိုင်သော အခြေအနေ ရှိနေသဖြင့် ညီလာခံတွင် အများသဘောဆန္ဒအတိုင်း အလေးထားလုပ်ကြရန်ဆို‌သော တောင်းဆိုမှုကို တွင်တွင်ကျယ်ကျယ် တောင်းဆိုနေကြောင်း သိရှိသည်။

“တစ်ဖက်အုပ်စု ဦးသန်းဌေးမှာ အဂတိမှုတွေ ရှိတယ်။ ပါတီရန်ပုံငွေကို သူ လုပ်ချင်သလို လုပ်တယ်ဆိုတဲ့ အချက်နဲ့ အကျပ်ကိုင်ထားတော့ တချို့ဟာတွေကလည်း မှန်နေတယ်။ အဲဒီတော့ ဦးသန်းဌေးလည်း မလူးသာ မလွန့်သာ ဖြစ်နေတာ။ နောက်ပြီး ဦးသန်းဌေးအနေနဲ့ ပါတီစီမံခန့်ခွဲမှု တလွဲတွေ လုပ်နေတယ်။ ဒါကြောင့် ဥက္ကဋ္ဌ နေရာ ဆက်မရှိသင့်တော့ဘူးဆိုတာမျိုး ပြောလာကြတယ်။ အခုတောင် ဦးခင်ရီကို ယာယီဥက္ကဋ္ဌ နေရာလွှဲပေးလိုက်ရတော့ သူကတော့ ဥက္ကဋ္ဌလည်းပြုတ်၊ အနားလည်း ယူမယ် လို့ မြင်ရပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

လက်ရှိ အနေအထားများအရ ဦးသိန်းစိန်အစိုးရလက်ထက်မှ ယခုအချိန်အထိ ကြံ့ဖွတ် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင် ပါဝင်နေသည့် စစ်ဗိုလ်ချုပ်ဟောင်းများ ဖယ်ရှားခံရဖွယ်ရှိနေပြီး ဖယ်ရှားခံရမှုများနှင့်အတူ အနားယူမှုများ ရှိနိုင်သည်ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ထုတ်ဖော်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article