37 C
Yangon

စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းပြားဒေသခံ ၆ ဦးထိမှန်ဒဏ်ရာရ၊ ၂ ဦးဒဏ်ရာပြင်းထန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၇

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ်က ယနေ့ အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းအချိန်ခန့်တွင် မင်းပြားမြို့နယ် ဖလောင်းပြင်ကျေးရွာသို့ လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်မှုကြောင့် ကျေးရွားသားအချို့ ထိခိုက်ဒဏ်ရာရမှု ရှိကြောင်း ဒေသခံများကပြောသည်။

လက်နက်ကြီးမှာ နေ့လည် ၁ နာရီဝန်းကျင်ခန့်မှ ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများထဲမှ ပြင်းထန်းသူ ၂ ဦးကို ပေါက်တောဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု ဖလောင်းပြင်ကျေးရွာသားတစ်ဦးက ပြောသည်။

“သူတို့ကရွာကိုပဲ ဦးတည်ပြီးပစ်နေတာ။ ပထမ ၂ ယောက်ဒဏ်ရာရတယ်။ နောက်ထပ် ၄ ယောက်ထပ်ရတယ်။ ပထမ ၂ ယောက်ကစိုးရိမ်ရတဲ့အနေအထားမှာရှိပါတယ်။ ပေါက်တောဆေးရုံကို ရေကြောင်းကသွားပြီးတော့ ပို့ထားရပါတယ်” ဟုပြောသည်။

ဒဏ်ရာရရှိသူများမှာ မောင်ခိုင်စိုး (၈) နှစ်၊ မအေးငြိမ်းစံ (၁၅) နှစ်၊ မောင်မောင်သိန်း (၂၉) နှစ်၊ မောင်မောင်ဝင်းဌေး (၂၀) နှစ် တို့ဖြစ်ကြပြီး ဒဏ်ရာပိုပြင်းထန်သူ ၂ ဦးမှာ ဦးသန်းမောင် (၆၀) နှစ်၊ ဦးအောင်ဝင်း (၃၃) နှစ်တို့ဖြစ်သည်။

ယနေ့နေ့လည်ပိုင်းခန့်တွင် မင်းပြား ကြပ်စင်တံတားပေါ်တွင် တပ်စွဲပိတ်ဆို့ထားသည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတို့ရှိခဲ့ပြီးနောက် ကျေးရွာများသို့ ဦးတည်၍ ပစ်ခတ်လာခြင်းဖြစ်သည်ဟု ကြပ်စင်အနီးနားရှိကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

“လက်နက်ကြီးတွေနဲ့ပစ်တယ်။ အစိုးရတပ်(စစ်ကောင်စီတပ်) က ဖက်ပစ်တယ်။ သူတို့က ရွာတွေကို ရည်ရွယ်ချက်ရှိရှိဦးတည်ပြီးကိုပစ်နေတာ” ဟုပြောသည်။

လက်ရှိတွင်လည်း ကြပ်စင်တံတားနှင့် မင်းပြား ခမရ ၅၄၁ ဘေးရှိ တောင်းတောင်မှ လက်နက်ကြီးများ ပစ်ခတ်မှုတို့ရှိ နေသေးသည်ဟု ဒေသခံများကဆိုသည်။

စစ်ကောင်စီတပ်အနေဖြင့် မင်းပြား၊ မြေပုံဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ကြပ်စင်တံတားပေါ်တွင် အောက်တိုဘာ ၂ ရက်နေ့မှ စတင်၍ ယာယီတပ်စွဲလာခြင်းဖြစ်ပြီး မင်းပြားမြေပုံသွားလာမှုများအားလည်း အဆိုပါတံတားမှ ပိတ်ဆို့လိုက်ခြင်းဖြစ်သည်။

ယနေ့ အောက်တိုဘာ ၇ ရက်လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုအခြေနေများကြောင့် မင်းပြားမြို့တွင် စျေးဆိုင်များအား ၁ နာရီဝန်းကျင်ခန့်မှ စတင်၍ပိတ်သိမ်းလိုက်ပြီဖြစ်သည်ဟု မြို့ခံတစ်ဦးကဆိုသည်။

မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်ရှိ ဖလောင်းပြင်ကျေးရွာအပြင်၊ စက္ကရေကျေးရွာ၊ ခေါင်းလောင်းချောင်းကျေးရွာတို့တွင်လည်း ထိခိုက်သေဆုံးမှုတို့ရှိခဲ့ပြီးသည်။

စက်တင်ဘာလ ၂၉ ရက်နေ့က မြောက်ဦးမြို့နယ်မောင်းဆွဲကျေးရွာတွင်လည်း စစ်ကောင်စီတပ်ရင်း ခမရ ၃၇၈ မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးဒဏ်ရာရှိခဲ့သည်။

လက်ရှိ ရခိုင်မှ မြို့နယ်အနှံ့တွင် စစ်ကောင်စီတပ်မှု လက်နက်ကြီး၊ လက် နက်ငယ် များဖြင့် ပစ်ခတ်မှုတို့ကြောင့် ၂၀၂၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ကလေးငယ်များအပါအဝင် ထိခိုက်သေဆုံးသူ ၈ ဦးထိရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂၀ ကျော်ထိရှိခဲ့သည်။

(Western News- WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article