36 C
Yangon

စစ်အာဏာသိမ်းမှု၏ အကျိုးဆက် သို့မဟုတ် သာမန်မြန်မာပြည်သူများပါ ထိခိုက်ခံစားရနိုင်သည့် FATF အမည်ပျက်စာရင်းသွင်းမှု ပြစ်ဒဏ်

Must read

By Thompson Chau and Dominic Oo

မြောက်ကိုရီးယား၊ အီရန်တို့နှင့် အတူယှဉ်တွဲလျက် မြန်မာနိုင်ငံကို နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အမည်ပျက်စာရင်းသွင်းရန် ကြိုးပမ်းမှုများသည် နိုင်ငံခြားအကူအညီနှင့် စီးပွားရေးကဏ္ဍတစ်ခုလုံးအပေါ် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာစေကာ ယင်းမှတစ်ဖန် သာမန်မြန်မာ ပြည်သူများ၏ လူနေမှုဘဝကိုထိခိုက်လာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများနှင့် ကုမ္ပဏီအမှုဆောင် အရာရှိများက သတိပေးသည်။

အစိုးရများဖြင့် ဖွဲ့စည်းထားသော ငွေကြေးခဝါချမှုစောင့်ကြည့်ရေး အဖွဲ့ဖြစ်သည့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့(FATF) ၏ အမည်ပျက်စာရင်းသွင်းခြင်းက မြန်မာနိုင်ငံကို ဘဏ်အများအပြား၏ လက်ခံနိုင်သော စွန့်စားရမှုနယ်နိမိတ်စည်းအပြင်သို့ ဖယ်ထုတ်ပစ်လိုက်နိုင်သလို ဆက်လက်ပြီးလည်း တရားဝင်နိုင်ငံတကာ ငွေကြေးစနစ်အတွင်း ဝင်ရောက်အသုံးပြုခွင့်ကိုပင် ပြတ်တောက်သွားစေလိမ့်မည်ဟု ငွေမည်းရေးရာများကို လိုက်လံစုံစမ်းနေသည့် မူဝါဒအဖွဲ့အစည်းတစ်ခု ဖြစ်သော The Sentry မှ တရားမဝင် ငွေကြေးမူဝါဒဆိုင်ရာ ဒါရိုက်တာဖြစ်သူ Justyna Gudzowska ကဆိုသည်။

“ဒါပေါ့ပေါ့တန်တန် ဆောင်ရွက်တာမျိုး မဟုတ်တဲ့ အလွန်အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါ။ ဒီအဆင့်ကနေ အန္တရာယ်ကင်းစင်ရေး ထပ်ဆောင်းလုပ်ဆောင်ရမှုတွေ၊ ကြီးမားတဲ့စီးပွားရေး ၊လူမှုရေး၊လုံခြုံရေးနဲ့ လူသားချင်းစာနာမှု နောက်ဆက်တွဲအကျိုးဆက်တွေ ဆက်လက်ဖြစ်ပေါ်လာပြီး မြင့်မားတဲ့ငွေကြေး ဖောင်းပွမှုနဲ့ စရိတ်စကကြီးမြင့်မှုတွေကြောင့် အခြေအနေကို ပိုမိုဆိုးဝါးလာစေမှာဖြစ်ပါတယ်” ဟု အမေရိကန် ပြည်ထောင်စုငွေတိုက်ဝန်ကြီးဌာန၊ ပြည်ပသက်သေခံ ပစ္စည်းထိန်းချုပ်ရေးဌာန(OFAC)၏ ဥပဒေအကြံပေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော Gudzowska က Nikkei Asia သတင်းဌာနကို ပြောကြားသည်။

လက်ရှိ ကုန်သွယ်မှုအတားအဆီးများနှင့် ပေါင်းစပ်လိုက်ပါက ထိုသို့အရေးယူမှုသည် “အများပြည်သူ၏ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လူသားချင်းစာနာမှုအကူအညီများ လက်လှမ်းမီရယူသုံးစွဲနိုင်မှု” ကို ထိခိုက် လာနိုင်သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

Nikkei Asia က အစောပိုင်းသတင်း တင်ဆက်ထားသကဲ့သို့ပင် ပါရီအခြေစိုက် FATF၏ အဖွဲ့ဝင်များ သည် လာမည့်လ၌ ပါရီတွင်ကျင်းပမည့် ဆွေးနွေးပွဲများအတွင်း မြန်မာနိုင်ငံကို အမည်ပျက် စာရင်းသွင်းရေး ဆုံးဖြတ်ချက်ကို အတည်ပြုလိမ့်မည်ဟု မျှော်လင့်ရသည်။

အမည်ပျက်စာရင်းသွင်းမှုကို အတည်ပြုရန် “အလားအလာ များနေကြောင်း”၊ သို့သော် ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၃၉ နိုင်ငံ၏ နောက်တစ်ကြိမ် စုံညီအစည်းအဝေးကျင်းပမည့် ဖေဖော်ဝါရီလအထိ ရွှေ့ဆိုင်းထားနိုင်ဖွယ်ရှိကြောင်း၊ ရန်ကုန်ရှိအာရှနိုင်ငံတစ်ခုမှ သံတမန်တစ်ဦးက ဆိုသည်။

မြန်မာစစ်ကောင်စီက ငွေကြေးခဝါချမှုတိုက်ဖျက်ရေး အစည်းအဝေးကို တနင်္လာနေ့က ကျင်းပခဲ့သည် ဆိုသည့်သတင်းကို မြန်မာစစ်ကောင်စီ ထိမ်းချုပ်ထားသော နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။ “မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်တင် ဆောင်ရွက်နေပေမယ့် အားနည်းချက်တွေရှိနေဆဲ ဖြစ်ပါတယ်” ဟု စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ပြောကြားသည်။

အမည်ပျက်စာရင်းသွင်းမှုသည် မြန်မာနိုင်ငံရှိအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ မြန်မာနိုင်ငံနှင့် ပတ်သက်နေသည့်အဖွဲ့အစည်းများ၊ ကုမ္ပဏီများကိုသာမက အလုပ်လုပ်နေသည်ဖြစ်စေ၊ ကျောင်းတက်နေသည်ဖြစ်စေ၊ ခိုလှုံမှုတောင်းခံနေသည်ဖြစ်စေ၊ ကမ္ဘာတစ်လွှားမှ မြန်မာနိုင်ငံသားများ အပေါ်တွင်လည်း ထိခိုက်မှုရှိလိမ့်မည်ဟု မြန်မာအခြေစိုက်စီးပွားရေး ဆန်းစစ်သူတစ်ဦးက ထောက်ပြသည်။

“(မြန်မာပြည်သူတွေအတွက်) ဘဏ်စာရင်းဖွင့်ရတာ၊ ထိန်းသိမ်းရတာ ဒါမှမဟုတ် နိုင်ငံတကာအရောင်း အဝယ်တစ်ခုခုအတွက် ငွေကြေးဝန်ဆောင်မှုရယူတာတွေမှာ ပိုပြီးခက်ခဲလာစေမှာဖြစ်တယ်။ FATF က အမည်ပျက်စာရင်းသွင်းထားတဲ့ နိုင်ငံတစ်နိုင်ငံအတွက် ပြစ်မှုမကျူးလွန်စေအောင် တိုးမြှင့်စိစစ်မှုများ ဖြည့်ဆည်း ဆောင်ရွက်ဖို့လိုအပ်ရာမှာ ဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှု အများအပြားအနေနဲ့ ထပ်ဆောင်းစာရွက်စာတမ်းတွေ ပြုစုတင်ပြမယ့်အစား မြန်မာနိုင်ငံနဲ့ချိတ်ဆက်ထားတဲ့ ငွေစာရင်းတွေကို ဝန်ဆောင်မှုမပေးဘဲ ရှောင်ရှားလာကြဖွယ်ရှိပါတယ်” ဟု အဆိုပါ ဆန်းစစ်သူက Nikkei ကိုပြောကြား သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်ပအလှူရှင်အများစုသည် ဖွံ့ဖြိုးမှုအကူအညီများကို ဆိုင်းငံ့ကာ လူသားချင်းစာနာမှုကိစ္စရပ်များနှင့် နိုင်ငံတစ်လွှားမှ အရပ်ဖက်လူမှုအဖွဲ့များထံသို့ အကူအညီများ လမ်းကြောင်းပြောင်းပေးအပ်လာသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် USAID သည် အစိုးရစီမံကိန်းများသို့ ပေးအပ်မည့် အကူအညီဒေါ်လာ ၄၂.၄ သန်းကို အရပ်ဖက်လူမှုအဖွဲ့များအား ကူညီရန် ပြောင်းလဲသုံးစွဲခဲ့သည်။ ထို့နည်းတူ ဥရောပသမဂ္ဂ၊ယူကေနှင့် ဂျပန်တို့ကလည်း ဖွံ့ဖြိုးမှု အစီအစဉ်များကို ဆိုင်းငံ့ကာ လူသားချင်းစာနာမှုကဏ္ဍသို့ အကူအညီများ လွှဲပြောင်းပေးအပ်ခဲ့သည်။

“FAFT က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းလိုက်ရင် နိုင်ငံတကာ အင်န်ဂျီအိုတွေအပေါ် ထိခိုက်နိုင်ချေ ရှိလာမှာဖြစ်ပြီး ဒီအဖွဲ့တွေအနေနဲ့ သူတို့ရဲ့လုပ်ငန်းကို ပြန်လည်သုံးသပ်ကာ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းသက်သက်ကိုပဲ ကန့်သတ်ဆောင်ရွက်လာကြဖွယ် ရှိပါတယ်” ဟု ရန်ကုန်မှ နိုင်ငံခြားလုပ်ငန်းရှင်ခေါင်းဆောင် တစ်ဦးက ဆိုသည်။

“ပြစ်မှုမကျူးလွန်စေအောင် တိုးမြှင့်စိစစ်မှုများ” ပိုမိုပြုလုပ်ရမည်ဖြစ်သလို စွန့်စားရမှုမြင့်မားလာသဖြင့် အဆိုပါအင်န်ဂျီအိုများသည် ပြည်တွင်းအရပ်ဖက် အဖွဲ့အစည်းများသို့ ရန်ပုံငွေထောက်ပံ့မှုကိုလည်း လျှော့ချဖြတ်တောက်သွားဖွယ် ရှိသည်ဟု ၎င်းကဖြည့်စွက် ပြောကြားသည်။

“အရာရာအားလုံးဟာ အစကတည်းက အလွန်ယိုင်နဲ့နေပြီးသား ဖြစ်ပါတယ်” ဟု ထောက်ပြရင်း ဖြစ်ပေါ်လာမည့် လိုအပ်ချက် စည်းကမ်းအသစ်များကြောင့် နိုင်ငံတကာအင်န်ဂျီအိုများသည် လုပ်ငန်းများ ဆက်လက်မဆောင်ရွက်နိုင်ဘဲ ဖြစ်သွားနိုင်ကြောင်း၊ သို့မဟုတ် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ခက်ခဲလွန်းသော အဆိုပါစည်းကမ်းချက်များကို မလိုက်နာနိုင်သည့်အခြေအနေ ဖြစ်သွားနိုင်ကြောင်း ၎င်းက သတိပေးသည်။

အမည်ပျက်စာရင်းသွင်းခံရမည့် အန္တရာယ်ကြောင့် ရန်ကုန်စီးပွားရေး အသိုင်းအဝိုင်းတွင် အထိတ်တလန့် ဖြစ်နေကြပြီး ၎င်းလုပ်ရပ်သည် စစ်ကောင်စီထက် သာမန်အများပြည်သူကိုသာ ပိုမိုထိခိုက်စေမည်ဟု ပြောဆိုလျက်ရှိကြသည်။

အမည်ပျက်စာရင်းသွင်းခံရပါက “လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းရရှိခဲ့သော စီးပွားရေးပြုပြင် ပြောင်းလဲမှုနှင့် ဖြေလျှော့ပေးမှုဆိုင်ရာတိုးတက်မှုများ” ကို ထိခိုက်ပျက်စီးစေမည်ဖြစ်သဖြင့် “မြန်မာနိုင်ငံအတွက် အလွန်ဆိုးဝါးသည့် အကျိုးဆက်များ” ဖြစ်ပေါ်လာလိမ့်မည်ဟု ရန်ကုန်ရှိ ဗြိတိသျှနှင့် ဥရောပကုန်သည်ကြီးများအသင်း၏ အထောက်အပံ့ရရှိထားသည်ဟု နားလည်ထားသည့် ဆွေးနွေးမှုစာတမ်း မူကြမ်းတစ်စောင်တွင် ရေးသားထားသည်ကို Nikkei ကတွေ့မြင်ခဲ့ရသည်။

အဆိုပါ ပြုပြင်ပြောင်းလဲမှုများသည် မြန်မာ့စီးပွားရေးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးတို့ကို အထောက်အကူပြုခဲ့သလို ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာကုန်သွယ်ရေး နည်းပညာတိုးတက်မှုနှင့် နိုင်ငံတကာစံနှုန်းများ လက်ခံကျင့်သုံးလာမှုများမှတစ်ဆင့် တိုင်းပြည်စီးပွားရေးကို ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများအတွင်း ပေါင်းစည်းဝင်ဆံ့လာစေရေး ကူညီနိုင်ခဲ့သည်ဟု အဆိုပါ စာတမ်းကဆိုသည်။

“လက်ခံကျင့်သုံးလာသည့် စံနှုန်းများတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး၊ ကုမ္ပဏီများ စီမံအုပ်ချုပ်ရေးနှင့် ပွင့်လင်းမြင်သာမှု ရှိရေးတို့နှင့် ဆိုင်သော စံနှုန်းများ ပါဝင်သည်။ FATF အဖွဲ့ဝင်များအနေဖြင့် ဤအချက်အပြင် ပိုမိုကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မည့် စီးပွားရေးထိခိုက်နိုင်ချေကိုလည်း ထည့်သွင်းစဉ်းစားရန် ကျွန်ုပ်တို့တိုက်တွန်းသည်” ဟု စာတမ်းတွင် ဆက်လက်ဖော်ပြထားသည်။ စီးပွားရေးလုပ်ငန်းအုပ်စုနှစ်ခုက ယင်းကိစ္စအပေါ် မှတ်ချက်ပေးရန်ငြင်းဆိုသည်။

ငွေကြေးခဝါချမှုအန္တရာယ်နှင့် မဟာဗျူဟာအားနည်းချက်များကို ကိုင်တွယ်ဖြေရှင်းရန် မြန်မာနိုင်ငံကို FATF က ဇွန်လအတွင်း တိုက်တွန်းခဲ့ပြီးဖြစ်သည်။ “နောက်ဆုံးသတ်မှတ်ရက်အားလုံး ကုန်ဆုံးကျော်လွန် သွားပြီးနောက် မြန်မာနိုင်ငံ၏ တိုးတက်မှုမရှိသည့် အနေအထားအပေါ် FATF က အလွန်ပင်စိုးရိမ်မကင်း ဖြစ်မိကြောင်း ထပ်မံပြောဆိုသည်” ဟု စောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဓိကစိုးရိမ်စရာ အချက်တစ်ချက်မှာ မြန်မာနိုင်ငံရှိ ကာစီနိုလောင်းကစားရုံများ၊ တရားမဝင်ကုန်သွယ်မှု များနှင့် ဆက်နွယ်နေသည်ဟု သက်ဆိုင်ရာ မူဝါဒရေးရာ၌ပါဝင်ပတ်သက်နေသော နိုင်ငံတကာအရာရှိ တစ်ဦးကဆိုသည်။ “ငွေကြေးခဝါချမှုနဲ့ သက်ဆိုင်တဲ့အန္တရာယ်တွေဟာ အာဏာမသိမ်းမီကတည်းက ရှိနေခဲ့တာဖြစ်ပြီး ရှင်းရှင်းလင်းလင်း ဖော်ထုတ်တွေ့ရှိထားပြီးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းမှုကြောင့် ဒီအန္တရာယ်တွေ ပိုပြီးဆိုးဝါးလာခဲ့ရပါတယ်” ဟု ၎င်းကပြောဆိုသည်။

“အာဏာသိမ်းပြီးကတည်းက နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ များလာနေတယ်။ တရားဥပဒေစိုးမိုးရေး ပတ်ဝန်းကျင် ပိုမိုယိုယွင်းလာပြီး မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ ကာစီနိုလုပ်ငန်းတွေ အားကောင်းလာတယ်။ မူးယစ်ဆေးဝါးနဲ့ ဓာတုမူးယစ်ဆေးတွေဟာ မြန်မာနိုင်ငံကနေ လာအိုနဲ့ တခြားနိုင်ငံတွေဆီ စီးဆင်းနေတယ်။ အွန်လိုင်းလောင်းကစား လုပ်ငန်းအားလုံးကို ထိန်းချုပ်မှုမရှိသလို ကြီးကြပ်မှုမရှိတဲ့ ပုံစံမျိုးတွေ့ရတယ်” ဟု ၎င်းကဆွေးနွေးသည်။

တစ်ချို့ကလည်း မြန်မာနှင့် အီရန်၊ မြောက်ကိုရီးယားတို့အကြား ကွာခြားချက်ကို ထောက်ပြကြသည်။ “အီရန်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံလုံးမှာ AML/CFT (ငွေကြေးခဝါချမှုတိုက်ဖျက်ရေး/ အကြမ်းဖက်မှု အတွက် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး) ဆိုင်ရာ မူဘောင်စည်းမျဉ်းတွေ အလုံအလောက် ပြဋ္ဌာန်းထားခြင်းမရှိသေးဘဲ ကမ္ဘာ့နိုင်ငံတကာ ငွေကြေးစနစ်ကို အကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့ခြင်း၊ နယူကလီးယား ပြန့်ပွားရေး ငွေကြေးထောက်ပံ့ခြင်းစတဲ့ ကြီးမားလှတဲ့ တရားမဝင် ငွေကြေးစီးဆင်းမှုအန္တရာယ်တွေနဲ့ ထိတွေ့စေလျက်ရှိတယ်။ ပြီးတော့ အဲ့ဒီနှစ်နိုင်ငံလုံးဟာ FATF နဲ့ ပူးပေါင်းချိတ်ဆက်မှုတွေ ရှိတယ်ဆိုရင်တောင် အကန့်အသတ်နဲ့ ပူးပေါင်းနေတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နှစ်ဖက်အကဲဖြတ်ဆန်းစစ်မှုတွေနဲ့ မကိုက်ညီတာတွေ တွေ့ရှိရပေမယ့်လို့ မြန်မာ့ပြဿနာက အီရန်တို့ မြောက်ကိုရီးယားတို့လောက် ပြင်းထန်ဆိုးဝါးပုံ မရပါဘူး” ဟု Sentry မှ အကြီးတန်းအကြံပေး Denisse Rudichက သုံးသပ်ပြောဆိုသည်။

ထိုသို့ အမည်ပျက်အဆင့်သတ်မှတ်ခံရလျှင် စစ်ကောင်စီ၏ စီးပွားရေးအရ တရားဝင်မှုအပြင် ပြည်ပရင်းနှီး မြှုပ်နှံမှုများကို ဆွဲဆောင်ရန်သို့မဟုတ် ထွက်မသွားအောင် ထိန်းထားရန် ၎င်းတို့၏အားထုတ်မှုအပေါ်လည်း ထိခိုက်လာမည်ဖြစ်သည်။

ပြီးခဲ့သည့်လက ယခင်မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးဟောင်းနှင့် ထင်ရှားသည့် စီးပွားရေးအကျိုးဆောင် ရှေ့နေလည်းဖြစ်သည် Vicky Bowman နှင့်သူမ၏ ခင်ပွန်းဦးထိန်လင်းတို့ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှုဖြင့် စစ်ကောင်စီက ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထိုလုပ်ရပ်ကြောင့် စီးပွားရေးအသိုင်းအဝိုင်းနှင့် သံတမန် အသိုင်းအဝိုင်းအသီးသီးတွင် အထိတ်တလန့်ဖြစ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဂယက်ရိုက်သွားခဲ့သည်။

အဖြုတ်ချခံ ဥပဒေပြုအမတ်များဖြင့် ဖွဲ့စည်းထားပြီး စစ်တပ်နှင့်ဆက်နွယ်သည့် ကုမ္ပဏီများကို ပစ်မှတ်ထားအရေးယူရန် ဆော်ဩလှုပ်ရှားနေသော အမျိုးသားညီညွတ်ရေးအစိုးရကမူ FATF က မြန်မာကို အမည်ပျက်စာရင်းသွင်းရန် တောင်းဆိုထားခြင်း မရှိသေးပေ။

“မြန်မာကိုအမည်ပျက်စာရင်းသွင်းဖို့ FATF က ဆုံးဖြတ်ရင် စစ်ကောင်စီဟာ တရားမဝင်လုပ်ငန်းတွေ၊ ငွေလွှဲမှုတွေကို ခွင့်ပြုထားခြင်း၊ မျက်ကွယ်ပြုထားခြင်းအားဖြင့် မြန်မာ့ဘဏ္ဍာရေးစနစ် ပျက်စီးရေး လမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်ခဲ့တဲ့အကြောင်း ပြင်ပကမ္ဘာကို သက်သေထူပြနေတဲ့အချက် ဖြစ်လာပါလိမ့်မယ်။ အဲ့ဒီလိုအရေးယူလိုက်ရင် မြန်မာနိုင်ငံဟာ အီရန်၊ မြောက်ကိုရီးယားတို့အတွက် အဖော်ရသွားစေမှာ ဖြစ်ပါတယ်” ဟု အရေးယူပိတ်ဆို့မှုဆိုင်ရာ ကျွမ်းကျင်သူ Peter Kucik ကဆိုသည်။

၎င်းသည် အမေရိကန်အတိုင်ပင်ခံအဖွဲ့ဖြစ်သော မာကျူရီ ပြည်သူ့ရေးရာ(Mercury Public Affairs)အဖွဲ့ ၏ ဝါရှင်တန်ရုံးမှ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်ကာ ယခင်က OFAC တွင် အရေးယူပိတ်ဆို့မှု မူဝါဒဆိုင်ရာ အကြီးတန်းအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

“အမည်ပျက်စာရင်းသွင်းလိုက်တာဟာ စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ရပ်တွေအပေါ် စွဲချက်တင်လိုက်ခြင်းပဲဆိုတာ မေးခွန်းထုတ်စရာမလိုပေမယ့် ဒီရွေးချယ်ဆုံးဖြတ်မှုကနေ တိုင်းပြည်စီးပွားရေးအပေါ် ထိခိုက်လာမယ့် ပြစ်ဒဏ်ကိုတော့ ပြည်သူတွေက ကျခံကြရမှာဖြစ်ပါတယ်” ဟု Kucik က ပြောကြားသည်။

(Nikkei Asia မဂ္ဂဇင်းပါ Thompson Chau နှင့် Dominic Oo တို့၏ “Myanmar citizens would bear brunt of potential FATF blacklisting” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ြဖစ်သည်)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article