36 C
Yangon

မြိုင်မြို့နယ်၊ ဇီးပြားကျေးရွာမှ ပျူစောထီး ၂၇ ဦး အလင်းဝင်၊ မတ္တရာတွင် စစ်ကား ၃ စီးမိုင်းဆွဲခံရပြီး စစ်သား သေဆုံးထိခိုက်မှုများပြားနိုင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

မကွေးတိုင်း မြိုင်မြို့နယ်၊ ဇီးပြားကျေးရွာမှ ပျူစောထီး ၂၇ ဦးသည် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် လာရောက် ပူးပေါင်းကြောင်း မြိုင်မြို့နယ် PDF တပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြိုင်မြို့နယ် ဇီးပြားရွာမှ ပျူစောထီး အဖွဲ့ဝင် အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၂ ဦးတို့သည် အောက်တိုဘာလ ၈ ရက်နေ့တွင် ပြည်သူ့ ကာကွယ်ရေး တပ်မတော် -မြိုင်မြို့နယ်ထံ လာရောက် ပူးပေါင်းခဲ့ခြင်း ဖြစ်ကြောင်း ၊ လက်ရှိအချိန်တွင် ပျူစောထီး အဖွဲ့ဝင်များကို စစ်ရှောင် စခန်းများတွင် ထားရှိပြီး စားဝတ်နေရေး စောင့်ရှောက်ပေးခြင်း၊ လက်ကိုင်ဖုန်းများမှ ဆင်းကတ်များကို သိမ်းဆည်းခြင်း၊ အထိုင်ဖုန်းတို့ဖြင့် ဆွေမျိုးများကို ကောင်းမွန်စွာ နေထိုင်ရကြောင်း ဆက်သွယ်စေခြင်း၊ ၎င်းတို့ သွားလိုရာ ဒေသများသို့ သွားလာနိုင်ရန် စီစဥ်ပေးခြင်း၊ ဆေးဝါး ကုသပေးခြင်းတို့ ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

အောက်တိုဘာ ၃ ရက်နေ့တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာ ပျူစောထီးစခန်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သားနှင့် ရဲ ၁၇ ဦးသေဆုံးပြီး ပျူစောထီး ၅၃ ဦး အရှင်ဖမ်းမိကြောင်း၊ စစ်သားနှင့်ရဲများ ထွက်ပြေးသွားကြောင်း၊ ဖမ်းဆီးရမိသော ပျူစောထီး ၅၃ ဦးကို ကောင်းမွန်စွာ စောင့်ရှောက်ထားသဖြင့် ပျူစောထီး ၂၇ ဦး ထပ်မံ အလင်းဝင် လာရောက် ပူးပေါင်းခြင်း ဖြစ်ကြောင်း သိရသည်။

အခြားတစ်ဖက်တွင်လည်း မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် နယ်မြေရှင်းလင်းလုပ်ဆောင်လာသည့် အကြမ်းဖက် စစ်တပ်မှ စစ်ကား ၃ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိကြောင်း မဟာ တော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့ စစ်ကား ၃ စီးသည် ကျောက်တံတား ရွာနှင့် Alpha ဘိလပ်မြေစက်ရုံ စစ်ဆေးရေး ဂိတ်အကြား ဘဲခြံအနီးတွင် မတ္တရာဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာစဥ် မဟာတော်လှန်ရေး တပ်ဖွဲ့က ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း၊ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း မဟာတော်လှန်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အကြား ဖယောင်းတောင်တွင် PDF များကို လိုက်လံရှာဖွေနေသော စစ်ကားတန်း။

Photo-CJ ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article