ရန်ကုန်၊ အောက်တိုဘာ ၁၆
မြန်မာစစ်တပ်က သတင်းအမှားများနှင့် ဝါဒ အမှားများ ဖြန့်ကာ ပြည်သူကို လိမ်လည်လှည့်ဖြား၍ ဒုက္ခဖြစ်အောင်လုပ်နေပြီး သတင်းဌာနများနှင့်သတင်းသမားများကို ဖိနှိပ်နေဟု သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ တင်ပြ ပြောဆိုသည်။
အောက်တိုဘာလ ၁၄ ရက်နေ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့်ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်တွင် သတင်းထောက်များမှ မြန်မာနိုင်ငံတွင် ပကတိဖြစ်ပေါ်နေသည့် အဖြစ်အပျက်အခြေအနေမှန်များကို ဖော်ထုတ်ရန် ကြိုးစားသည်နှင့်အမျှ ရက်စက်ကြမ်းတမ်းသော စစ်တပ်က သတင်းသမားများအား ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်းများကို ပြုလုပ်ကာ အမှန်တရားကို ဆိတ်သုဉ်းစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားဆိုခြင်းဖြစ်သည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ ဆွေးနွေးတင်ပြရာတွင် မြန်မာစစ်တပ်သည် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ချိန်မှစ၍ သတင်းအမှားများ၊ ဝါဒဖြန့်မှုများ၊ အကြမ်းဖက်မှုအား စစ်ပွဲအင်္ဂါရပ်အဖြစ်သို့ လှုံ့ဆော်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊ အထူးသဖြင့် စစ်တပ်သည် နိုင်ငံတော်ပိုင် သတင်းမီဒီယာ၊ သတင်းစာနှင့် အချို့လူမှုကွန်ယက်စာမျက်နှာတို့ကို အသုံးပြု၍ အကြမ်းဖက်မှုများနှင့် အမုန်းပွားမှုများဖြစ်ပေါ်စေရန်အတွက် မမှန်ကန်သော သတင်းအချက်အလက်များကို ဆက်လက်ဖြန့်ဝေလျက်ရှိကြောင်း ပြောဆိုသည်။
ထို့ပြင် လူမဆန်သော စစ်တပ်အနေဖြင့် သတင်းထောက်များကို ဖမ်းဆီးချုပ်နှောင်ရုံမျှမက လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကိုပါ နည်းလမ်းစုံသုံး၍ ပစ်မှတ်ထားလျက်ရှိကြောင်း၊ အစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း စစ်တပ်သည် “သတင်းအမှားများ” ထည့်သွင်းနိုင်ရန် ပြစ်မှုဆိုင်ရာ ဥပဒေကို တိုးချဲ့သတ်မှတ်ခဲ့ပြီး လွတ်လပ်သည့် မီဒီယာဏ္ဍကို တိုက်ခိုက်ရန်အတွက်လည်း အမျိုးသား လုံခြုံရေးပြဋ္ဌာန်းချက်အသစ်များကို ထုတ်ပြန်ခဲ့ကြောင်း၊ စင်စစ်အားဖြင့် တရားမဝင်စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ချိန်မှစ၍ စစ်တပ်သည် သတင်းဌာန (၁၂) ခုခန့်ကို ပိတ်သိမ်းစေခဲ့ပြီး သတင်းထောက် (၁၄၂) ဦး ခန့်ကို ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ဖမ်းဆီးခံရသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း၊ အဓိက အားဖြင့် သတင်းထောက်များမှ မြန်မာနိုင်ငံတွင် ပကတိဖြစ်ပေါ်နေသည့် အဖြစ်အပျက်အခြေအနေမှန် များကို ဖော်ထုတ်ရန် ကြိုးစားသည်နှင့်အမျှ ရက်စက်ကြမ်းတမ်းသော စစ်တပ်က သတင်းသမားများအား ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်းများကို ပြုလုပ်ကာ အမှန်တရားကို ဆိတ်သုဉ်းစေရန် ရည်ရွယ်ဆောင်ရွက် လျက်ရှိကြောင်း နိုင်ငံတကာသို့ သံအမတ်ကြီးက အသိပေးသည်။
အင်တာနက်သည် လူ့အခွင့်အရေးမြှင့်တင်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် အရာရောက်ပြီး သတင်းအချက်အလက်များ ရှာဖွေရန်၊ လက်ခံရန်နှင့် ထုတ်ပေးရန်အတွက်လည်း အလွန်အရေးပါကြောင်း၊ သို့သော် စစ်တပ်အနေဖြင့် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ကန့်ကွက်မှုပြင်းထန်သော ဒေသအနှံ့အပြား တွင် အင်တာနက်ကို ရည်ရွယ်ချက်ရှိရှိ ပိတ်ခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာပြည်တွင်းရှိ အခြေအနေမှာ အရှိန်အဟုန်ပြင်းစွာ ဆိုးရွားလာလျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း ဒုက္ခခံစားနေရကြောင်း သံအမတ်ကြီးက ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က သတင်းအချက်အလက်ရယူခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့် တို့ကို အလွန်အမင်း ကန့်သတ်ထားကြောင်း၊ ယင်းစစ်တပ်အနေဖြင့် လွတ်လပ်စွာထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့်တို့ကို ဘယ်သောအခါမျှ လေးစားခြင်း၊ ကာကွယ်ခြင်းနှင့် အပြည့်အဝအကောင် အထည်ဖော်ခြင်း မရှိခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် သတင်းအချက်အလက်အမှားများနှင့် ဝါဒအမှားများကိုသာ ဖြန့်ကာ ပြည်သူများကို လိမ်လည်လှည့်ဖြား၍ ဒုက္ခဖြစ်စေလျက်ရှိကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသကဲ့သို့ စစ်တပ်မှသတင်းအမှားများ ဖြန့်ဖြူးနေသည့် လုပ်ဆောင်ချက်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် မည်သည့်နည်းလမ်းက အထိရောက်ဆုံးဖြစ်နိုင်မည်နည်းဟု အထူးအစီရင်ခံစာတင်သွင်းသူအား မေးမြန်းခဲ့ကြောင်း သိရှိရသည်။