32 C
Yangon

မြန်မာနိုင်ငံကို အကြမ်းဖက်မှုနှင့် ကမ္ဘာ့ငွေကြေးခဝါချမှုဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာအပြီး နာရီပိုင်းအတွင်း ညတွင်းချင်း ကျပ်ငွေတန်ဖိုး ထိုးကျပြီး‌ ဒေါ်လာတန်ဖိုးတက်လာ၊ ဒေါ်လာဝယ်လိုအား ရုတ်တရက် မြင့်တက်ပြီး ကြိုက်ရောင်းကြိုက်ဝယ်စျေးဖြစ်နေဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကြီး (FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာကြောင်း FATF ဥက္ကဋ္ဌT. Raja Kuma က ယခုညပိုင်းတွင် တရားဝင် ထုတ် ပြန်ကြေညာပြီးနောက် နာရီပိုင်းအတွင်း ကျပ်ငွေတန်ဖိုး ထိုးကျပြီး ဒေါ်လာတန်ဖိုး တက်လာကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

“စျေးကွက်တွေလည်း ပိတ်နေပြီ။ အချင်းချင်းရောင်းဝယ်တာတွေရှိနေတယ်။ ဒေါ်လာ တန်ဖိုး စတက်ပြီ။ ဒေါ်လာ ဝယ်လိုအား ရုတ်တရက် တက်လာတာ။ လန့်တက် တက်တာ လို့ ပြောလို့ရသလို ရေရှည်မှာ ကျပ်ငွေ တန်ဖိုးထိုးကျမှာဖြစ်လို့ အဲဒါ အရောင်းအဝယ်တွေ လုပ်နေကြတာ။ ဒါမျိုးက မဖြစ်ဖူး၊ မကြုံဖူးသေးဘူး။ စျေးကတော့ ရောင်းသူ ဝယ်သူ ညှိလုပ်ကြတယ်။ သန်းခေါင်ယံစျေးကွက်ဖြစ်နေတယ်။ တစ်ဒေါ်လာ ၄၀၀၀ ကျော်လည်းအော်တယ်။ အဲဒီထက်ပိုတာလည်း အော်နေတယ်။ စျေးတန်းရယ်လို့တော့ မရှိဘူး။ စျေးကစားတယ်ဆိုတာထက် အရေးယူခံရမှုကြောင့် နောက်ဆက်တွဲ သက်ရောက်မှုအရ လန့်တာမျိုးဖြစ်တာ” ဟု ရန်ကုန်စီးပွား ရေးသမားတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုုဆိုင်ရာ အရေးယူတိုက်ဖျက်ရန် မလုပ်ဆောင်ခြင်း၊ အကြမ်းဖက်မှုနှင့်ပတ်သက်သော ဘဏ္ဍာရေး ဆိုင်ရာ အရေးယူမှုများ မလုပ် ဆောင်ခြင်း၊ FATF အဖွဲ့ကြီးက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း ဘောင် များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ တိုးတက်မှု မရှိခြင်းများကြောင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးများတွင် ပါဝင်ပတ်သက်သော အမည်ပျက်နိုင်ငံအဖြစ် ကြေညာခြင်းဖြစ်ကြောင်း FATF ဥက္ကဋ္ဌ T. Raja Kuma က ယနေ့ ကြေညာခဲ့ခြင်းဖြစ်သည်။

၁၉၈၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် FATF ခေါ် “ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့” က မြန်မာနိုင်ငံသည် အကြမ်းဖက် ရာဇ၀တ်မှုများနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးတွင် ကျေနပ်ဖွယ်မရှိသော ရလဒ်များကြောင့် နာမည်ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်ရာ စစ်ကောင်စီ အပါ အဝင် မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်ပ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှု၊ နိုင်ငံတကာ ငွေကြေး ကဏ္ဍများတွင် အရေးယူ တားဆီးခံရမှုများရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

FATF က မြောက်ကိုရီးယား၊ အီရန်တို့နှင့်တန်းတူ မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် ကြေညာမှုကြောင့် မြန်မာနိုင်ငံမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ထွက်ခွာဖွယ်ရှိပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအသစ်များ ဝင်ရောက်ရန်လည်း အခွင့် အလမ်းနည်းပါးနိုင်ကြောင်း နိုင်ငံတကာသတင်းတချို့က သုံးသပ်ထားသည်။

ရန်ကုန်အခြေစိုက် စီးပွားရေးသမားတစ်ဦးကမူ FATF က မြန်မာနိုင်ငံကို အရေး ယူလိုက်ခြင်းသည် လက်ရှိ စစ် ကောင်စီက အသည်းအသန် ဖိအားပေး တည် ငြိမ်ရန် ထိန်းနေသော ကျပ်ငွေတန်ဖိုးကို ထိုးကျစေဖွယ်ရှိကြောင်း၊ မြန်မာပြည်ပပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ အပါအဝင် စီးပွားရေး ကဏ္ဍ ကြီးတစ်ခုကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆွဲချ ရိုက်ခတ်ဖွယ်ရှိကြောင်း ပြောဆိုသည်။

“ဒီဂယက်က မြန်မာကျပ်ငွေ တန်ဖိုးအပေါ် အကြီးအကျယ် ရိုက်ခတ်ပါလိမ့်မယ်။ မြန်မာကို အမည်ပျက်နိုင်ငံကြေညာတာက ကောင်းတဲ့ ရလဒ်တော့ရှိမှာမဟုတ်ဘူး။ ပြည်တွင်းစီးပွားရေး တစ်ခုလုံးနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကိုပါ ရိုက်ခတ်ပါမယ်။ ဒီရက်ပိုင်းအတွင်းကို စီးပွားရေး ကသောင်းကနင်းထပ်ဖြစ်တာမျိုး ကြုံရနိုင်ပါတယ်” ဟု ရန်ကုန်စီးပွားရေးသမားက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article