30 C
Yangon

စစ်တပ်နှင့် အတိုက်အခံ နှစ်ဖက်စလုံးက အနိုင်ရမည်ဟု ယုံကြည်နေကြ၍ စေ့စပ် မဆွေးနွေးလိုဟု အာဆီယံ အထူးသံတမန်၏ အစီရင်ခံစာတွင်ဖော်ပြ၊ NUG နှင့်ထိတွေ့ဆက်ဆံရေး အပါအဝင် အချက် ၈ ချက် လုပ် ဆောင်ရန် အကြံ ပြုတိုက်တွန်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၈

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့ နှစ်ဖက်စလုံးက အနိုင်ရမည်ဟု ယုံကြည်နေကြ၍ စေ့စပ်မဆွေးနွေးလိုကြခြင်းမရှိကြောင်း အာဆီယံ အထူးကိုယ်စား လှယ်၏ အစီရင်ခံစာတွင်ဖော်ပြလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonnက ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်ရေးသည် စစ်ကောင်စီ၊ တိုင်းရင်းသားများ၊ အမျိုးသားညီ ညွတ် ရေးအစိုးရ နှင့် အခြားသော နိုင်ငံရေး အင်အားစုများ အနေဖြင့် ၎င်းတို့၏ ကွဲလွဲမှုများကို ရင်ကြားစေ့စေပြီး အားလုံးလက်ခံနိုင်လောက်သည့် အခြေအနေရရှိမည့် ပေါ်တွင်သာ မူတည်နေသည်ဟု အစီရင်ခံစာက ဆိုသည်။

လက်ရှိတွင် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများက ဆွေးနွေးပွဲမလုပ်မီ သတ်မှတ်ထားသော ကြိုတင် သတ်မှတ်ချက်များကြောင့် စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့ ရောက်မလာနိုင်ကြောင်း၊ လက်ရှိတွင် နှစ်ဖက်စလုံးက လက်ရှိ တိုက်ပွဲကို အနိုင်ရှိမည်ဟု ခိုင်ခိုင်မာမာ ယုံကြည်နေကြ၍ ဆွေးနွေးပွဲသို့ ရောက်ရှိမလာကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က မြန်မာ့အရေး ဖြေရှင်းရန် အချက် ၈ ချက်ပါ အကြံပြုချက်များကို ထုတ်ပြန်လိုက်ပြီး အဆိုပါ အကြံပြုချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁- ဘုံသဘောတူညီချက် ၅ ချက်သည် မြန်မာနိုင်ငံကို အကူအညီပေးရန် အာဆီယံ ၏ ကြိုးပမ်းအားထုတ်မှုဖြစ်ပြီး အောင်မြင်လိုသည့် ကျယ်ပြန့်သော ရည်မှန်းချက်များကို ချမှတ်ထားသော်လည်း အကောင်အထည်ဖော်နိုင်မှုတွင် အဓိပ္ပာယ်ကင်းမဲ့နေသည်။

အာဆီယံအနေဖြင့် လုပ်ဆောင်ရမည့်အရာမှာ ဘုံသဘောတူညီချက် ကို ပြန်လည်ပြင်ဆင်ရန်မဟုတ်ဘဲ ရှင်းလင်း သောရည်မှန်းချက်များ၊ လက်တွေ့ လုပ်ဆောင်မှုများ၊ သင့်လျော်သောအညွှန်းကိန်းများနှင့် တိကျသော အချိန် ဇယားများပါရှိသော အကောင်အထည်ဖော်မှုအစီအစဉ်တစ်ခုဖြင့် ရေးဆွဲ ရန်ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းရလဒ်များ ထွက်ရှိလာပါက ပါဝင်ဆွေးနွေးသူများ ရနိုင် သော မက်လုံးများကို ထည့်သွင်းရန် အရေးကြီးသည်။ ထိုကဲ့သို့ အကောင် အထည်ဖော်ပါက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တိုးတက်မှုကို ထင်သာမြင်သာ တိုင်းတာနိုင်မည်ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အကောင် အထည် ဖော် မှု လုပ်ငန်းစဉ်များကို အားလုံး အကြွင်းမဲ့ ထောက်ခံရ မည်ဖြစ်ပြီး ထိုသို့ မဟုတ်လျှင် အာဆီယံဥက္ကဋ္ဌနှင့် အထူးကိုယ်စားလှယ် အနေဖြင့် မြန်မာနိုင်ငံကို ကူညီရန် ဖြစ်နိုင်မည်မဟုတ်ပေ။

၂- အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်မှုတွင် အာဆီယံက စစ်ကောင်စီ ကို တာဝန်ခံ အကောင် အထည်ဖော်ရေး တွန်းအားပေး ဆက်ဆံ သကဲ့သို့ EAOs၊ NUG နှင့် အခြားသော လက်နက်ကိုင်အဖွဲ့များ အပေါ်တွင် လည်း ယင်းကဲ့သို့ ကျင့်သုံးဆက်ဆံသင့်သည်။

အာဆီယံက အင်အားအကြီးဆုံးဖြစ်သော စစ်ကောင်စီကို အစွမ်းကုန် ထိန်း ထိန်း သိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်းသကဲ့သို့ တစ်ချိန်တည်းတွင် အဖွဲ့ဝင် နိုင်ငံတချို့ကလည်း အခြားသော လက်နက်ကိုင် အဖွဲ့များ ကိုလည်း တိုက်တွန်း ရန် လိုအပ်ကြောင်းထောက်ပြကြသည်။ မြေပြင်တွင် လူ့အသက် သေဆုံး ထိခိုက်မှုများနှင့် ပစ္စည်းဥစ္စာများ ပျက်စီးခြင်းအတွက် အားလုံးတွင် မျှဝေ တာဝန်ရှိသည်။

၃- မြန်မာနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းအကြား ရပ်တည်ချက်သဘောထား များ ညှိနှိုင်းပြီးမှသာ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို စတင်နိုင်မည် ဖြစ်သည်။ လတ်တလော အခြေအနေတွင် တစ်ဦးနှင့်တစ်ဦး ကြိုတင်စည်း ကမ်း သတ်မှတ်ချက်များကို ပယ်ချနေခြင်းဖြစ်သည်။ ယင်းအခြေအနေတွင် အာဆီယံသည် ပေါင်းကူးတံတားထိုးရန် အခန်းကဏ္ဍမှ ပါဝင်သင့်သည်။ အကယ် ၍ အာဆီယံအနေဖြင့် ထိုသို့သောခေါ်ဆိုမှု မပြုလုပ်နိုင်ပါက ပဋိပက္ ခများအဆုံးသတ်ရန် ဖျန်ဖြေပေးနိုင်မည် မဟုတ်ပေ။

၄- တွေ့ဆုံဆွေးနွေးရေးတွင် ပါဝင်မည့် အဖွဲ့များကို ရှင်းရှင်းလင်းလင်း ဖော် ထုတ် သတ်မှတ်ထားရန် လိုအပ်သည်။ အဖွဲ့ဝင်နိုင်ငံတချို့က စစ်တပ် နှင့် PDF များကြား ညှိနှိုင်းရေး တစ်ခုတည်းကိုသာ အာရုံစိုက်လိုပြီး တွေ့ဆုံ ဆွေး နွေးရေးလုပ်ငန်းစဉ်တွင် EAO များ၏ အခန်းကဏ္ဍကို ထည့်သွင်း မစဉ်းစား ကြပေ။ တချို့က NUG သည်အားလုံးကို ကိုယ်စားပြုသည်ဟု ပြောဆိုကြ သည်။ ယခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက NUG ကို လူသိရှင်ကြား ထောက်ခံခြင်းမရှိသေးကြောင်း သတိပြုရန် အရေးကြီးသည်။ သက်ဆိုင်သူအားလုံးဟုဆိုရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ် သက် နေသည့် အဖွဲ့များနှင့် လူပုဂ္ဂိုလ်များအားလုံးကို ရည်ညွှန်းသင့်သည်ဟု ကမ္ဘောဒီးယားက ရှုမြင်သည်။

၅- ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေး မြန်မာနိုင်ငံနှင့် ထိတွေ့ ဆက် ဆံမှုသည် အာဆီယံဘုံသဘောတူညီချက်အရ ဖြစ်ပြီး ဘုံသဘော တူညီချက် မူဘောင်ပြင်ပ အခြေမခံသင့်ပေ ။ ဥပမာအားဖြင့်၊ တရားဝင်အစိုးရဆိုတာ ဘယ်လိုမျိုးဖြစ်သင့်လဲ။ ၎င်း၏တရားဝင်မှုကို မည်သူက ဆုံးဖြတ်မည်နည်း။ ရွေးကောက်ပွဲက အဖြေတစ်ခုဖြစ်လာမှာလား စသည်တို့ဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဆွေးနွေး မှု မှန်သမျှကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြောဆိုထားသည်။ စစ်ကောင်စီ ဘက်ကမူ ၎င်းတို့ တွေ့ဆုံထားသည့် နိုင်ငံရေးပါတီတချို့နှင့် လက်နက် ကိုင် တိုင်းရင်းသားတချို့ က ရွေးကောက်ပွဲသည် လက်ရှိ အကျပ်အတည်းကို ငြိမ်း ချမ်းစွာ ဖြေရှင်းရန် နည်းလမ်းဟု တစ်ခုတည်းသော နည်းလမ်း ဟုဆိုထား သည်။

အချက် ၆ ၊ ၇ ၊ ၈ တို့မှာ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်း စာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရေးနှင့်သက်ဆိုင်သော အကြံပြု ချက်များဖြစ်သည်။

ဓာတ်ပုံ- လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတနှင့်အစိုးရအဖွဲ့။

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article