34 C
Yangon

ဂျက်လေယာဉ်ဆီတွေက မြန်မာပြည်သူတွေကို ဘယ်လိုအကြမ်းဖက် သတ်ဖြတ်နေလဲ ? (အပိုင်း-၁)

Must read

By မောင်း

အကြမ်းဖက် စစ်ကောင်စီလက်ထဲကို လေယာဥ်ဆီတွေ မရောက်ရှိရေးဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာ လက်ရှိမြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေက ပြသနေပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းအပြီး ပေါ်ပေါက်လာတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေအပေါ် အကြမ်းဖက် နိုမ်နင်းခဲ့လို့ ပြည်သူ့တော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေး အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။

အင်အားသောင်းနဲ့ချီလာပြီး ခေတ်မှီလက်နက်အချို့ ကိုင်ဆောင်လာနိုင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ခံလာရတဲ့ အကြမ်းဖက်စစ်တပ်ဟာ အချိန်ကြာလာတာနဲ့အမျှ ထိခိုက်ဆုံးရှုံးမှုတွေ များလာခဲ့ပါတယ်။ အထိနာလာတဲ့ စစ်တပ်ဟာ သူတို့ရဲ့ သဒ္ဓေဆိုးအတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိနိုင်တဲ့ဒေသက မြင်မြင်သမျှကို လေကြောင်းတိုက်ခိုက်မှု အကူအညီနဲ့ အလုံးစုံ တိုက်ခိုက်ဖျက်ဆီး၊ သတ်ဖြတ်မီးရှို့မှုများကို အရှိန်တိုးမြှင့် လုပ်ကိုင်လာပါတယ်.

ဒါ့အပြင် မြေပြင်မှာ လေကြောင်းအကူမပါပဲ မတိုက်ခိုက်ရဲတော့တဲ့ အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်တိုးမြင့် လုပ်ဆောင်လာပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိရာ နေရာဒေသ အနီးနားမှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုပါ လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးလာပါတယ်။ ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာတော့ တိုက်လေယာဥ်ဆီတွေရဲ့ အခန်းကဏ္ဍဟာ အဓိကအနေနဲ့ ပါဝင်လာပါတယ်။

ဒါနဲ့ပတ်သတ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဝတ်မှုမြောက် ကျူးလွန်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အဓိကပါဝင်ပတ်သတ်နေတဲ့ လေယာဉ်ဆီတွေ ဘယ်လို သယ်ဆောင်၊ သိုလှောင် ဖြန့်ဖြူးနေတဲ့ အကြောင်းကို ယူကေအခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီး တစ်ခုဖြစ်တဲ့ Amnesty International (နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့) က ပြီးခဲ့တဲ့လက အစီရင်ခံစာရေးသား ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါအစီရင်ခံစာအရ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူတွေကို အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ဖို့ တိုက်လေယာဉ်ဆီတွေကို ဝယ်ယူရာမှာ “ပြည်တွင်းက အရပ်ဖက်သုံး လေယာဉ်တွေမှာ အသုံးပြုမယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံတကာကနေ ဝယ်ယူမှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အဓိကအားဖြင့် စစ်တပ်ရဲ့ ဗုံးကြဲလေယာဉ်တွေမှာ အသုံးပြုတဲ့ လေယာဉ်ဆီအများစုကို ပင်လယ်ရေကြောင်းက တဆင့် တင်သွင်းလာခြင်း ဖြစ်ပါတယ်။

လေယာဉ်ဆီတွေဟာ အိန္ဒိယ၊ မလေးရှား၊ ထိုင်း၊ စင်္ကာပူ အစရှိတဲ့ အာရှနိုင်ငံတွေက နေဝင်ရောက်လာတာ ဖြစ်ပြီး အများစုဟာ ပြည်တွင်းက အရပ်ဖက်သုံးလေယာဉ်တွေမှာ အသုံးပြုမယ်ဆိုတဲ့ ခေါင်းစဉ်တွေ အောက်ကနေ ဝင်ရောက်လာတာပါ။

အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၂ ခုနှစ်အထိ ပင်လယ်ရေကြောင်းကတဆင့် သီလဝါဆိပ်ကမ်းမှာ လေယာဉ်ဆီ တင်သွင်းမှု ၈ ကြိမ်ပြုလုပ်ထားပြီး တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ သန်းတစ်ရာ ဖိုးဝန်းကျင် မှာယူ ဖြည့်တင်းတယ်လို့ ခန့်မှန်းထားကြောင်း ၄င်းတို့က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ကို လေယာဉ်ဆီ ရောင်းချနေတဲ့ ပြည်ပကုမ္ပဏီ ၁၂ခုလောက်ရှိပြီး Chevron ၊ EXON၊ ROSNEFT၊ Thai Oil ၊ Petrol China အစရှိတဲ့ လောင်စာဆီတင်သွင်းတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

လေယာဥ်ဆီရောင်းချတဲ့ ကုမ္ပဏီများအနေနဲ့လည်း အခုလို အရပ်သား ခရီးသည်တင် လေယာဉ်တွေမှာ အသုံးပြုမဲ့အသွင်နဲ့ ပြည်တွင်းကုမ္ပဏီတွေကို တဆင့်ကြားခံကာ လေယာဥ်ဆီတွေကို စစ်တပ်ကို ရောင်းပေးနေခြင်း ဖြစ်တယ်ဆိုတဲ့ အမှန်တရားကို လက်ခံရမှာဖြစ်ပြီး ဒီလို အရပ်ဖက်သုံး ခေါင်းစဥ်နဲ့ လေယာဉ်ဆီ ရောင်းချမှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့ လုပ်ဆောင်သင့်တယ်လို့လည်း ၄င်းတို့က ဆိုပါတယ်။

အစီရင်ခံစာပါ ဂြိုလ်တု အထောက်အထား ဓာတ်ပုံ မှတ်တမ်းတွေအရ အာဏာသိမ်းပြီး လေယာဉ်ဆီ တင်သွင်းမှု ၈ ကြိမ်လုံးဟာ သီလဝါဆိပ်ကမ်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တခြားဆိပ်ကမ်းတွေမှာလည်း အတင်အချ ပြုလုပ်တာ အနည်းငယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဆိပ်ကမ်းက တဆင့် လေယာဉ်ဆီ တင်သွင်း ဖြန့်ဖြူးခြင်းကို ပြည်ပကုမ္ပဏီဖြစ်တဲ့ PUMA ကလုပ်ဆောင်တာ ဖြစ်ပြီး PUMA ဟာ စစ်ကောင်စီလက်အောက်ခံ MOGE နဲ့ ပြည်တွင်းကုမ္ပဏီဖြစ်တဲ့ Asia Sun တို့နဲ့ ပူးပေါင်းလုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ (PUMA ကုမ္ပဏီဟာ မြန်မာပြည်ကနေ ထွက်ခွာတော့မယ်လို့ တရားဝင်ကြေငြာထားပြီးဖြစ်)။

စစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းခြင်းကို MOGE နဲ့ Asia Sun တို့က ပူးတွဲ ထောင်ထားတဲ့ ပြည်တွင်းက NEPAS က လေယာဉ်ဆီဖြန့်ဖြူးရေးနဲ့ ငွေပေးငွေချေအပိုင်းကို အဓိကကိုင်တွယ်နေခြင်း ဖြစ်ပါတယ်။

အခြားသတင်းရင်းမြစ်က ရရှိတဲ့ သတင်းတွေအရလည်း စစ်တပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်များနဲ့ တိုက်လေယာဉ်များအတွက် လေယာဉ်ဆီ တင်သွင်းနေတဲ့ကုမ္ပဏီတွေထဲမှာ မြတ်မေတ္တာမွန်၊ Asia Sun Energy နှင့် Yangon Aerodrome ကုမ္ပဏီတို့လည်း ပါဝင်ပတ်သတ်လျှက် ရှိနေပါတယ်။

အဲ့ဒီ့ ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်က ပြည်သူအပေါ် ပြန်လည်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို အားပေးနေတဲ့ စီးပွားရေးလုပ်ငန်းများ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ဘွိုင်းကောက်လုပ်ရမဲ့ ကုမ္ပဏီများလို့ ပြောမယ်ဆိုလည်း မှားမယ်မဟုတ်ပါဘူး။

မြတ်မေတ္တာမွန်ကုမ္ပဏီဟာ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးသူများအသင်းရဲ့ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး စက်သုံးဆီတချို့ကို စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းပေးတာကြောင့် မြို့ပြပျောက်ပြားတပ်ဖွဲ့တွေရဲ့ မကြာခဏ ဗုံးခွဲတိုက်ခိုက်မှုကို ခံနေရတဲ့ ကုမ္ပဏီပါ။

Yangon Aerodrome ကုမ္ပဏီကတော့ ယခင်စစ်အစိုးရ ဗိုလ်ချုပ်များနှင့် ရင်းနှီးတဲ့ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်ပိုင် Asia World ကုမ္ပဏီရဲ့ လက်အောက်ခံ ကုမ္ပဏီတခုဖြစ်ပြီး လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လုပ်ကိုင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီပဲ ဖြစ်ပါတယ်။ Asia Sun Energy ကုမ္ပဏီကတော့ PUMA ကုမ္ပဏီရဲ့ ပြည်တွင်းကုမ္ပဏီပဲ ဖြစ်ပါတယ်။

ဒါဟာ လေယာဉ်ဆီတွေကို အကြမ်းဖက်စစ်တပ်က ဝယ်ယူရာမှာ ပုဂ္ဂလိက ကုမ္ပဏီတွေကို ကြားခံထားအသုံးချကာ ဝယ်ယူနေခြင်းလည်း ဖြစ်ပါတယ်။

လေယာဉ်ဆီ အများစုဟာ သီလဝါ ဆိပ်ကမ်းကနေတဆင့် ဆီဘောင်ဆာ (ထရပ်ကား) ကြီးတွေနဲ့ တစ်နိုင်ငံလုံးက လေယာဉ်ဆီ သိုလှောင်ရာ အရပ်သား သယ်ယူပို့ဆောင်ရေး လေယာဉ်ကွင်းတွေနဲ့ စစ်တပ်ပိုင် လေယာဉ်ကွင်းတွေဆီ ပို့ဆောင်ခြင်း ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးက လေယာဉ်ဆီ သိုလှောင်ရာ နေရာအချို့ဟာ အရပ်ဖက်သုံး လေယာဉ်ကွင်းနဲ့ တပ်လေယာဉ်ကွင်းတို့ တွဲဖက်အသုံးပြုတာ ဒါမှမဟုတ် အလွန်နီးကပ်နေတာမျိူးတွေကို ဂြိုလ်တုအထောက်အထား ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ရှိနိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

စစ်တပ်ရဲ့ အရေးကြီးဆုံး နေပြည်တော်လို နေရာမျိုးမှာလည်း အရပ်သားသုံးလေယာဉ်ဆီကန်နဲ့ စစ်တပ်သုံး လေယာဉ်ဆီကန်တွေကို တွဲဖက်အသုံးပြုနေတာ တွေ့ရပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်း ဝယ်ယူခဲ့သမျှ လေယာဉ်ဆီအများစုဟာ စစ်တပ်ပိုင် လေယာဉ်ဆီ သိုလှောင်ကန်တွေဆီ ရောက်ရှိသွားတယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ သုတေသနပြု လေ့လာတွေ့ရှိထားတာပါ။

အရပ်ဖက်သုံး လေယာဉ်ဆီ သိုလှောင်ရာနေရာတွေကိုလည်း လတ်တလောမှာ စစ်တပ်က ထိန်းချုပ်ထားပြီး လေယာဥ်ဆီတွေကို လိုအပ်သလို ပုံစံအမျိူးမျိူးနဲ့ စစ်တပ်ပိုင်လေယာဉ်တွေအတွက် လွှဲပြောင်း ရယူသွားမှုပေါင်း များစွာရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒီလို အချက်အလက်တွေကို မြန်မာပြည်ရဲ့ လောင်စာဆီကဏ္ဍမှာ ကြီးမားစွာ ရင်းနှီးမြှပ်နှံထားတဲ့ PUMA က သုတေသနပြုလုပ်နေတဲ့ Amnesty International ကို အတိအကျ ဖြေဆိုခဲ့တာပါ။ ဥပမာအားဖြင့် ရန်ကုန်-မန္တလေး ခရီးသည်တင် လေယာဉ်အတွက်ဟု အကြောင်းပြကာ မိတ္ထီလာ လေတပ်စခန်းကို ပို့ဆောင်ခဲ့တဲ့ အထောက်အထားတချို့ကိုလည်း တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူနိုင်ရေးကို ပိတ်ပင်နိုင်ဖို့ တကယ်တမ်းမှာတော့ စိန်ခေါ်မှုနဲ့ အခက်အခဲများစွာရှိနေတာပါ။ လေယာဉ်ဆီဝယ်ယူရမှာ ခက်ခဲသွားဖို့ လေယာဉ်ဆီ စျေးနှုန်းကို အဆမတန် မြင့်မားလိုက်တာမျိူးတွေကို ကုမ္ပဏီတွေဘက်က လုပ်ဖို့ များစွာ အရေးကြီးတဲ့အကြောင်း Burma Campain UK ရဲ့ ဒါရိုက်တာမာ့ခ်ဖာမနာက သူ့ရဲ့အမြင်ကို ပြောခဲ့တာမျိုးတွေလည်း ရှိပါတယ်။

“တကယ်တမ်းမှာတော့ စစ်တပ်ကို လေယာဉ်ဆီ ရောင်းတဲ့ကိစ္စတွေမှာ အနောက်နိုင်ငံတွေကိုယ်တိုင် ပါဝင်နေခြင်းပါပဲ ၊ ပုံစံအမျိူးမျိူးနဲ့ ပါဝင်ပတ်သတ်နေကြတာပါ။ ဆိပ်ကမ်းတွေ သိုလှောင်ကန်တွေ အာမခံကိုယ်စားလှယ်တွေ စသဖြင့် မျိုးစုံပါဝင်ပတ်သတ်နေပါတယ် “ လို့ ၄င်းက ဆိုပါတယ် ။

ဒါ့ကြောင့် မြန်မာစစ်တပ်ကို လေယာဉ်ဆီ မရောင်းချနိင်ရေးဟာ အနောက်နိုင်ငံကကုမ္ပဏီတွေရော အာရှနိုင်ငံတွေပါ ပူးပေါင်း ပါဝင်လာဖို့က အရေးကြီးဆုံး အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာပြည်ကို လေယာဉ်ဆီ တင်သွင်းနေတဲ့ ထိုင်း ၊ စင်ကာပူ ၊နော်ဝေ၊ ကိုရီးယားနိုင်ငံတွေက ကုမ္ပဏီတချို့ဟာ အခုလို စစ်တပ်က လွှဲပြောင်းရယူနေမှုတွေကြောင့် ထပ်မံပြီး လေယာဉ်ဆီတွေ တင်သွင်းမှာ မဟုတ်တော့ဘူးလို့ အတိအလင်း ငြင်းဆိုထားကြပြပြီး ဖြစ်ပေမဲ့၊ ဆက်လက်လုပ်ကိုင်နေဆဲ ကုမ္ပဏီတွေကလည်း ဒုနဲ့ဒေးပါပဲ။

Amnesty International ရဲ့ အစီရင်ခံစာထဲမှာ ထပ်မံဖော်ပြထားတာကတော့ သူတို့ဟာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မြေပြင်သုတေသန ပြုခဲ့တယ်လို့လည်း ဆိုပါတယ်၊၊ လက်နက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ မြေပြင်ကို သွားရောက်ခဲ့သူများရဲ့ ပြောကြားချက်အရ မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုအတွင်း နိုင်ငံတကာက တားမြစ်ထားတဲ့ ကလပ်စတာ ဗုံးတွေကိုသုံးခဲ့တယ်လို့ ဆိုပါတယ်၊၊ ဒီနေ့ခေတ်မှာ ဒီဗုံးတွေကို သုံးတယ်ဆိုတာ စစ်ရာဇဝတ်မှုမြောက်တယ်လို့လည်း ၄င်းတို့က ဆိုပါတယ်၊၊

စစ်တပ်ဟာ မြန်မာပြည်ရဲ့ နေရာတော်တော်များများမှာ အရပ်သားတွေ နေတဲ့နေရာကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်၊၊ စစ်တပ်ဟာ တိုက်ပွဲမရှိတဲ့ နေရာများမှာ လေကြောင်းက တိုက်ခိုက်သည်များ ရှိသလို၊ PDF , EAO တွေ မရှိတဲ့နေရာတွေမှာလည်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့၊ တိုက်ပွဲ မရှိဘဲ ကရင်ဒုက္ခသည်စခန်းတခုကို ညမိုးချုပ်အချိန်မှာ ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်သွားခဲ့မှုကို ဥပမာပေးကာ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

အထူးသဖြင့် စစ်ဖက်၊ အရပ်ဖက် စသဖြင့် ပစ်မှတ်တွေကို သေခြာမခွဲဘဲနဲ့ မြင်မြင်ကရာ သိမ်းကြုံး ပစ်ခတ်မှုတွေကို တွေ့ရတယ်လို့ ဆိုပါတယ်၊၊ အရပ်သားတွေရော တော်လှန်သူတွေရော ရှိနေနိုင်တဲ့ နေရာမျိုးမှာ ဖျက်အားမြင့် ဗုံးအကြီးတွေကို ပစ်မှတ်ခွဲခြားခြင်းမရှိဘဲ သိမ်းကြုံးတိုက်ခိုက်တဲ့အတွက် တကယ့်ကို စစ်ရာဇဝတ်မှုမြောက်တဲ့ တိုက်ခိုက်မှုတွေကို အဆက်မပြတ် ကျူးလွန်နေတယ်လို့လည်း ၄င်းတို့က ဆိုပါတယ်၊၊

ဒါ့အပြင် ဒီလို မြင်မြင်ကရာ သိမ်းကြုံးတိုက်ခိုက်ခြင်းဟာ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ တိုက်ခိုက်မှုလည်း မြောက်တယ်။ ဒီလိုလေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်ကြတယ်၊ သေဆုံးကြတယ်၊ အဲ့ဒီထဲမှာ အမျိုးသမီးတွေ ကလေးတွေပါတယ်၊၊ အခြေပျက်ကြတယ်၊ နေရာရွှေ့ပြောင်းကြရတယ်၊ အချိန်နဲ့အမျှ ကြောက်လန့်ရတယ်၊ ဒါတွေအားလုံးဟာလည်း စစ်ရာဇဝတ်မှုတွေပဲ ဖြစ်တယ်ဆိုတာ ထင်ရှားလှပါတယ်၊

အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု အထူးသဖြင့် လေကြောင်းမှ မြင်မြင်ကရာ သိမ်းကြုံးတိုက်ခိုက်မှုများကြောင့် ပြည်သူ ၂ ထောင်ကျော်သေဆုံးခဲ့ပြီး ဖြစ်သလို၊ လူပေါင်း သန်းနဲ့ချီပြီး အိုးအိမ်စွ့န်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဒါ့အပြင် ရဟတ်ယာဥ်များနဲ့ တရွာဝင် တရွာထွက် သတ်ဖြတ်မီးရှို့မှုများကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေရဲ့ နေအိမ်များဟာ မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။

ဒီအချက်တွေကို ကြည့်ရင်ပဲ လေကြောင်းတိုက်ခိုက်မှုတွေကို အဆက်မပြတ် ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို လေယာဥ်ဆီ ပိတ်ပင်ဖို့၊ လက်နက်အရောင်းအဝယ် ပိတ်ဆို့အရေးယူဖို့ ကိစ္စတွေဟာ ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာ မြင်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အကြမ်းဖက်စစ်တပ် လက်ဝယ် လေယာဉ်ဆီ မရောက်ရှိနိုင်ရေးဟာ ပြည်ပက ပိတ်ဆို့မှုများသာမက ပြည်တွင်းအင်အားစု အသီးသီးကလည်း နည်းမျိုးစုံနဲ့ ဟန့်တား ပိတ်ပင်နိုင်ရေးသည်လည်း နွေဦးတော်လှန်ရေးအတွက် အရေးကြီးလှပါကြောင်း ရေးသားလိုက်ရပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article