29 C
Yangon

နမ့်ဆန်နှင့် ဖားကန့်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး၊ ပေါင်နှင့် ဒေးဒရဲတွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ် နမ့်ဆန်နှင့် ကချင်ပြည်နယ် ဖားကန့်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်သား ၅ ဦးသေဆုံး၊ မွန်ပြည်နယ် ပေါင်နှင့် ဧရာဝတီတိုင်း ဒေးဒရဲတို့တွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံးကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

နမ့်ဆန်တွင် ၄ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့တွင် TNLA နှင့် အကြမ်းဖက် စစ်တပ်တို့ ၄ ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ထိ အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဥ်များဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေပြီး နမ့်ဆန်မြို့ပေါ်ထိ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

နမ့်ဆန်မြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် မြို့ထဲထိ ပစ်ခတ်နေ​​ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်ရေး ရဟတ်ယာဥ်များလည်း ပစ်ခတ်ခံထားရကြောင်း၊ နှစ်ဘက် အထိအခိုက်အကျအဆုံး များရှိသော်လည်း အတည်မပြုနိုသေးကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ပြောဆိုချက်အရ သိရသည်။

ဖားကန့်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောမှော်ကျေးရွာ အပြင်ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ တပ်မ ၃၃ မှ စစ်သားများကို KIA တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး စစ်သား (၅)ဦးသေဆုံးကာ ၁၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၀ ရက် နံနက် ၈ နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုး လှုပ်ရှားလာသော စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၉ ၊အမှတ် ၆ တပ်ရင်းတပ်ဖွဲ့များမှစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပေါင်တွင် ရဲနှင့် ယာဥ်ထိန်း တို့ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ရဲတစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့ကို ယနေ့ ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာမှ ဇင်းကျိုက်နယ်မြေရဲစခန်းသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့ရာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရ သည်။

ဒေးဒရဲမြို့နယ် လျှပ်စစ်ရုံးကို ဖောက်ခွဲ တိုက် ခိုက်

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့ရှိ လျှပ်စစ်ရုံးကို ယနေ့ ဒီဇင်ဘာလ ၁၀ ရက် နံနက် ၄ နာရီခန့်က အဝေးထိန်း ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေးဒရဲမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

အဆိုပါလျှပ်စစ်ရုံးသည် ပြည်သူများအား မီတာခများ အတင်းအကြပ်ကောက်ခံခြင်း၊ မီတာခ မဆောင် ရင် မီတာပုံးဖြုတ်မည်ဟု ခြိမ်းခြောက် အကြပ်ကိုင်ခြင်းတို့ကြောင့် ဧရာဝတီ စစ်ဒေသခွဲ ကွက်ကဲရေး အဖွဲ့၏ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေမှာက မီးမလာလို့ စားဝတ်နေရေး အဆင်မပြေဖြစ်နေရတဲ့ အထဲ မီတာခတွေကလည်း အဆတန် ကျတယ်၊ အဲလိုအဆမတန်ကျတဲ့ မီတာခကို အတင်းအကြပ်လိုက်ကောက်နေတာ၊ မီးတာခ ဖြုတ်ရင် ရဲနှစ်ယောက်အစောင့်နဲ့ လိုက်ဖြုတ်တာ၊ ပြည်သူတွေမှာ အတော်လေးကို ဒုက္ခရောက်နေရ တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article