28 C
Yangon

ရေစကြိုမြို့ပေါ် တိုက်ပွဲတွင် စစ်သား ၄ ဦးသေဆုံး၊ ကျိုက်ထို၊ သရက်ချောင်းနှင့် နတ်မောက်တွင် စစ်ကြောင်းနှင့် ယာဥ်တန်းကို မိုင်းဆွဲမှု စစ်သား ၂၉ ဦးခန့် သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် PDF တပ်ဖွဲ့များကို ပိတ်ဆို့ဖမ်းဆီးရန် ပြုလုပ်သည့် စစ်သားများနှင့် PDF ရဲဘော်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး Myingyan Black Tiger (MBT) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ထင်းတန်းရပ်ကွက်၌ အကြမ်းဖက် စစ်တပ်သားများကို ဗုံးခွဲတိုက်ခိုက်ရန် Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ်များမှ လူစု၍ အနားယူနေစဥ် စစ်တပ် သတင်းပေး ပျူစောထီးများက သတင်းပေး တိုင်ကြားသောကြောင့် စစ်သားများရောက်ရှိလာပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ ပြည်သူ ၁ ဦးအား ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ခေါ်ဆောင်လာသောကြောင့် Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ်များမှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ကာကွယ်ရေး တပ်ဖွဲ့များကို အကြမ်းဖက် စစ်တပ်က ပိတ်ဆို့ ပစ်ခတ် ဖမ်းဆီးရန် လုပ်ဆောင်စဥ် ကာကွယ်ရေး ညီနောင် မဟာမိတ် တပ်ပေါင်းစုများမှ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၄ ဦး သေဆုံးပြီး ၇ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” စစ်ကောင်စီအနေနဲ့ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာ အိမ်တွေကိုမီးရှို့တာ မလုပ်ဖို့နဲ့ စစ်ဖြစ်ချင်တယ်ဆိုရင် Myingyan Black Tiger (MBT)ရဲ့ လှုပ်ရှား နယ်မြေထဲကို လာပြီးတိုက်ပါလို့​ စိန်ခေါ်ချင်ပါတယ်ဗျ သေရဲရင် စစ်ကြောင်းထိုးခဲ့ပါ။ ကျွန်တော်တို့က စိန်ခေါ်ပါတယ်။ ပြည်သူကို ဒိုင်းကာမလုပ်ပဲ တိုက်ဖို့ စစ်ကောင်စီကို ပြောချင်တယ်။ သူတို့က PDF ယူနီဖောင်းဝတ် ပြည်သူကို ဒိုင်းကာ လုပ်ပြီးတိုက်တာ အခုက ဘာမှကို လုပ်မရခဲ့လို့ပါ။ အခုကျတော့ သူတို့က PDF အသွင်ယူပြီး လုပ်သွားတာခံရတယ်။ ရဲဘော်တွေက တစ်ယောက်မှ အထိအခိုက်မရှိခဲ့ပါဘူး။ အခုအခြေအနေက တစ်မြို့လုံးကို ပိတ်ဆို့ထားတယ်။ သေသွားတဲ့ စစ်ခွေးတစ်ကောင်ဆီက ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့တယ်။ ဖုန်းထဲက အချက်အလက်တွေကို သိပ်မကြာခင် ပြည်သူတွေကို ချပြသွားမယ်” ဟု Myingyan Black Tiger (MBT) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုတွင် Myingyan Black Tiger (MBT)နှင့်အတူ ညီနောင်မဟာမိတ်များဖြစ်ကြသော URBAN UNDERGROUND REVOLUTION FORCE(UURF-YSO)၊Black Wolf PDF (MDY)၊ ခွပ်ဒေါင်းနီ ပြောက်ကြားတပ်ဖွဲ့၊
VOMDY-Front Warrior ၊The Volue Of Young Men စသည့် ညီနောင်မဟာမိတ် တပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်ကား ၄ စီးပါယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးခန့်သေဆုံးခဲ့ကြောင်း Kyaikhto Revolution and information network ထံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကျိုက်ထိုမြို့၌ ဘီးလင်းမှ ဝေါသို့ ဦးတည်လာသော စစ်ကား ၄ စီးပါ ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် ကား ၂ စီးထိမှန်ခဲ့ပြီး ၁ စီး ပျက်စီးသွားကြောင်း၊ ပျက်စီးသွားသော ကားပေါ်မှ ထိခိုက်သေဆုံးသွားသော စစ်သားအလောင်းများကို ကားပေါ်သို့ ပြန်တင်သွားပြီး ပျက်စီးသွားသည့်ကားကို တခြားကားဖြင့် ဆွဲသွားခဲ့ကြောင်း သိရသည်။

“စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲလို့ ၅ ဦးထက်မနည်းသေဆုံးတယ်လို့ သိရတယ်။ သေဆုံးအရေအတွက် ထပ်မသိရသေးဘူး။ ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတာ မသိရ​ေသေးဘူး” ဟု Kyaikhto Revolution and information network ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်း-ပုလော လမ်းပိုင်းတွင် စစ်တပ် ခြေလျင်စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဝဲရစ်ရွာသင်္ချိုင်းလမ်းထိပ်အနီး ဝင်းဝရွာဘက်မှ ဆင်းလာသည့် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် ခြေလျင်စစ်ကြောင်းကို သရက်ချောင်း ပြည်သူ့ကာကွယ်ရေးဖွဲ့ (ပကဖ) TYC-PDF စစ်ကြောင်း၂ မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မိနစ် ၂၀ ခန့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကာ စစ်သား ၁၀ ဦးကျော် ထိခိုက်သေဆုံးပြီး အိမ်စီးကားဖြင့် သရက်ချောင်းမြို့ဘက်သို့ တင်သွားကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝဲရစ်ရွာသင်္ချိုင်းအနီးရှိ ရာဘာခြံထဲသို့ ထပ်မံ ဝင်ရောက်လာစဥ် မိုင်းဆွဲခဲ့ကြောင်း သိရသည်။

သရက်ချောင်း-ပုလော ကားလမ်း​ပိုင်းရှိ ဘုတ်တောင်တွင်လည်း ယနေ့ နံနက် ၁၀ နာရီ​ကျော်ခန့်တွင် ရငဲရွာဖက်မှ ဆင်းလာခဲ့သည် စစ်တပ် ခြေလျင်စစ်ကြောင်းကို ထပ်မံကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခြင်းခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ဒေါင်းမင်းစစ်ဆင်ရေးဖွဲ့၊ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့၊ ကျားရိုင်းတပ်ဖွဲ့ ၊ ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့နှင့် အဖြူရောင်ရိန်းဂျားဖွဲ့တို့အတူ တကွပူးပေါင်းပြီး TYC-PDF စစ်ကြောင်း ၂ အမည်ဖြင့် တိုက်ခိုက်ခဲ့​ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကံသာကျေးရွာနှင့် ဖက်တောရေကျေးရွာကြားတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၄ ဦးသေဆုံးခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် နတ်မောက်မြို့နယ် ကံသာရွနှင့် ဖက်တောရေရွာအကြားတွင် ကာကွယ်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်းများ၊ အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၄ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ နေပြည်တော် စစ်ဒေသခွဲ၊ မကွေး တပ်ရင်း ၉၀၁ ၏ တပ်ခွဲ ၁ ဂဠုန်စစ်ကြောင်းနှင့် တပ်ခွဲ ၂ ကျားသစ်နက်စစ်ကြောင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article