ရန်ကုန်၊ ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်း၊ တန့်ဆည်နှင့် ရေဦးမြို့နယ် အစပ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရွာဗုကြီးရွာနှင့် ကြို့တိန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်လည်း ကလဇင်ရွာနှင့် ပေကြီးရွာတို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“တန့်ဆည်မြို့နယ် ကလဇင်ရွာနဲ့ ပေကြီးရွာကတော့ မနေ့တည်းက ရှို့ခံရတာလို့သိရတယ်။ ရေဦးမြို့နယ် ရွာဗုကြီးရွာနဲ့ ကြို့တိန်းရွာရှိ ကတော့ ဒီနေ့မီးဆက်ရှို့နေတယ်လို့ သိရတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေလည်း အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ရွာဗုကြီးရွာနှင့် ကြို့တိန်းရွာအတွင်း ကင်းပုန်းများချကာ ကျေးရွာအတွင်း တပ်စွဲထားကြောင်း ဒေသခံပြည်သူများက ဆက်လက် ပြောဆိုသည်။
Photo- အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကလဇင်ရွာကို အဝေးမှ တွေ့မြင်ရစဥ်