ရေဖြူတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီးနောက် အမည်မသိ ရုပ်အလောင်း ၂ လောင်းကို ကျေးရွာ အနီးအနားတွင် စွန့်ပစ်
ရန်ကုန်၊ ဇန်နဝါရီ ၁၂
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီးနောက် အမည်မသိ အလောင်း ၂ လောင်းကို ကျေးရွာ အနီးအနားတွင် လာရောက် စွန့်ပစ်သွားကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရေဖြူမြို့နယ်၊ ပိတောက်ကုန်းရွာတွင် နေထိုင်သော ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ရဲဘော်များက ၎င်းနေအိမ်တွင်ပင် ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်ခံရသော ကျော်ဝင်းသည်လက်ရှိတွင် ဆေးရုံ တင်ထားရကြောင်း သိရသည်။
ပစ်ခတ်ခံရသော ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းသည် လက်နက်ကိုင် ပျူစောထီး တစ်ဦးဖြစ်ကာ ရွာခံများကိုခြိမ်းခြောက်ခြင်း၊ စစ်ကြေးတောင်းခြင်း၊ ရွာခံများကို စစ် တပ်ခေါ်ဖမ်းခိုင်းခြင်း၊ သတင်းပေးပို့ခြင်းနှင့် ရွေးကောက်ပွဲ အတွက်ကူညီပေးနေသူဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဇန်နဝါရီလ ၁၀ ရက်နေ့ ညပိုင်းတွင် သဗြေဇွန်းရွာသို့ သွားသည့် လမ်းပိုင်း တစ်နေရာ၌ အမည်မသိ အမျိုးသား ၂ ဦးကို လက်ပြန်ကြိုးတုပ်လျက် မျက်နှာအဝတ်များ စည်းကား သတ်ဖြတ်ထားသည့် ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
သတ်ဖြတ်ခံရသူ ၂ ဦးသည် မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးဘဲ မည်သည့် အဖွဲ့အစည်းက သတ်ဖြတ် သွားသည်ကိုလည်း အတည်မပြုနိုင်သေးကြောင်း၊ ယင်း ရုပ်အလောင်း ၂ လောင်းကို ကားတစ်စီးအပေါ်မှ လာရောက် စွန့်ပစ်သွားခဲ့ခြင်းဖြစ်ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များက ပြောဆိုသည်။