38 C
Yangon

ကြာအင်းဆိပ်ကြီး၊အလယ်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများရှိ၊ စစ်တပ်က ပြည်သူ ၆ ဦးကို ပစ်သတ်သွား

Must read

ကြာအင်းဆိပ်ကြီး၊အလယ်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများရှိ၊ စစ်တပ်က ပြည်သူ ၆ ဦးကို ပစ်သတ်သွား

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အလယ်ရွာတွင် KNLA ၊ PDF ပူး ပေါင်း တပ်များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အလယ်ရွာတွင် တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ယင်းနောက် စစ်တပ်က အလယ်ကျေးရွာအတွင်းသို့ ဝင်ရောက် နေအိမ်များကို မီးရှို့သွားကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသပြည်သူများက ပြောသည်။

“မနေ့မနက် ၈ နာရီခွဲမှာ ကြာအင်းဆိပ်ကြီးအလယ်ရွာမှာတိုက်ပွဲခဲ့တယ်။ အလယ်ရွာ ဒေသခံ ပြည်သူတချို့ အသတ်ခံရပြီး ရွာလည်း မီးရှို့ခံလိုက်ရတယ်လို့ ပြန်သိရတယ်။ အခု အလယ်ရွာထဲမှာ ခွေးတွေ ဝင်နေလို့ သွားကြည့်လို့တော့မရသေးဘူး။ နောက်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၉ နာရီအချိန် ကြာအင်းဆိပ်ကြီးဗျူဟာက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ ပြည်သူနေအိမ်တွေ လက်နက်ကြီးထိပြီး ပျက်စီးပါတယ်” ဟု ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက ပြောဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး ပေါ်တာအဖြစ် အဓမ္မခိုင်းခြင်း ၊ လူ သား ဒိုင်းကာများအဖြစ် အသုံးပြုခြင်းများရှိနေသဖြင့် ပြည်သူများနှင့် ကျေးရွာနေအိမ်များ မထိခိုက်စေရန် စိုးမိုးနယ်မြေအချို့မှ ထွက်ခွာပေးခဲ့ရကြောင်း၊ ကျေးရွာများနှင့် လွတ်ကင်းသော တိုက်ပွဲတစ်နေရာတွင် စစ်တပ်ဘက်မှ ၁၀ ဦးခန့် သေဆုံးကြောင်း၊ သို့ရာတွင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှု သတင်းအပေါ် တော်လှန်ရေးအင်အားစုများ၏ စစ်ရေးတာဝန်ရှိသူများမှ ထုတ်ပြန်မှသာ အတည်ပြုဖြစ်ကြောင်း ပြောဆိုထုတ်ပြန်ထားသည်။

စစ်တပ်က အရပ်သား ပြည်သူ ၆ ဦးကို ပစ်သတ်သွားပြီး နေအိမ်များ၊ ဆိုင်ခန်းများ မွှေနှောက် ခိုးယူ ၊လုယက် ၊ဖျက်စီးသွားခဲ့ကြောင်း၊ ပြည်သူများထိခိုက်မည်ကို မလိုလား၍ ဆုတ်ခွာပေးလိုက်သော KNLA ဂိတ်စခန်း တစ်ခုကို စစ်တပ်က မီးတင်ရှို့သွားကြောင်း ကြာအင်းဆိပ်ကြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

လက်ရှိတိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှ ပြည်သူများ စစ်ဘေးရှောင်နေရပြီး ဆက်လက်၍ စစ်ဘေးရှောင်ကျေးရွာများ ထပ်တိုးလာလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဇန်နဝါရီလ ၂ ရက်နေ့ ကရင်ပြည်နယ်တွင် KNLA နှင့်PDF ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်သဖြင့် စစ်တပ်နှင့် BGF ကားများ တိမ်းမှောက်နေသည့်မြင်ကွင်းနှင့် ကြာအင်းဆိပ်ကြီး၊ အမှတ် ၁ ရပ်ကွက်တွင် စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူပိုင်နေအိမ်များ ထိခိုက်ပျက်စီးမှုမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article