တော်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် အကြမ်းဖက်စစ်တပ် အာဏာသိမ်း ၂ နှစ်ပြည့် တော်လှန်ဆန္ဒပြ ချီတက်
ရန်ကုန်၊ ဇန်နဝါရီ ၂၉
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်သံရုံးနှင့် အရပ်သားသံရုံးရှေ့တို့တွင် ကိုရီးယားရောက် မြန်မာများ၊ ကိုရီးယားများ အင်အား ၃၀၀ ကျော် ပါဝင်သော ဆန္ဒပြ ချီတက်ပွဲကို ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
“စစ်ခွေးနိဂုံး ၂၀၂၃” ဟု အမည်တပ်ပေးထားသည့် အကြမ်းဖက်စစ်တပ် အာဏာသိမ်းနှစ်နှစ်ပြည့် တော်လှန်ဆန္ဒပြ ချီတက်ပွဲကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)က စီစဉ်၍ မြန်မာအဖွဲ့အစည်း ၁၂ ဖွဲ့နှင့် ကိုရီးယားအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်ပြီး ဆန္ဒပြသူများက အာဏာသိမ်း စစ်အုပ်စု ကျဆုံးသည်အထိ မဆုတ်မနစ် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံတွင် အကြမ်းဖက်စစ်သံရုံး တည်ရှိနေခြင်း လုံးဝလက်မခံဘဲ မောင်းထုတ်သွားမည် ဖြစ်ကြောင်း၊ NUG, CRPH, PDF တို့ကို အပြည့်အဝ ထောက်ခံ ထောက်ပံ့သွားမည် ဖြစ်ကြောင်း ကိုရီးယား မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်ကြေညာခဲ့ကြသည်။
ဆန္ဒပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် မြန်မာအဖွဲ့အစည်းခေါင်းဆောင်များ၊ ကိုရီးယားအဖွဲ့အစည်းခေါင်းဆောင်များက မိန့်ခွန်းအသီးသီး ပြောကြားခဲ့ကြပြီးအဖွဲ့အစည်းများမှ ကဗျာ၊ သီချင်း၊ သံချပ်၊ ကြွေးကြော်သံတို့ဖြင့် အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်၏ လူနေအိုးအိမ် မီးရှို့တိုက်ခိုက်မှုများကို ဖော်ထုတ်ပြသသည့် ဓာတ်ပုံပိုစတာပြပွဲကိုလည်း ဆန္ဒပြပွဲအတွင်း ထည့်သွင်းပြသခဲ့ပြီး ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်သော အဖွဲ့အစည်းများမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)၊ Golden Brethren’s From Korea (G.B.K)၊ အနင်းမခံတဲ့ မြင်းခြံ GZ ၊ ဖိုချွန်းမြန်မာလူငယ်များ၊ KTJ Supporting Group၊ Chin Youth Organization South Korea၊ Photographer’s Supporting Korea၊ WE LOVE MOTHER LAND၊ ကြောက်ခေတ်ကို မှောက်ပစ်မယ်၊ အင်ချွန်း FC၊ Gimpo Myanmar Friends – Korea၊ National League for Democracy Organizing Committee(International/Korea)၊ 미얀마 민주주의 네트워크 (မြန်မာ့ဒီမိုကရေစီကွန်ရက်တပ်ပေါင်းစု)၊ 미얀마민주주의를지지하는한국시민사회단체모임 (မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံသော ကိုရီးယားအဖွဲ့အစည်းပေါင်းချုပ်) တို့ ဖြစ်ကြသည်။





