စဥ့်ကိုင်တွင် စစ်ကား၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ မန္တလေးမြို့ပေါ်ရှိ စစ်တပ် အရာရှိပိုင် Night Club ကို ဗုံးပစ်တိုက်ခိုက်မှု အစောင့်စစ်သား ၃ ဦးခန့် သေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
မန္တလေး၊ စဥ့်ကိုင်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးကြောင်း ဒုဌဝတီ တော်လှန်ရေးအင်အားစုထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စဥ့်ကိုင်မြို့နယ် နတ်ရေကန် အုပ်စု အတွင်းရှိ ရွှေလှံဗိုလ်(ကန်အောက်)ရွာနှင့် စိုက်ပျိုးရေးရွာ အကြား (မြလိပ်တောင် ကြာကန် အနီး)တွင် ကင်းလှည့်နေသည့် စစ်ကား ၁ စီးကို ပဒေသာမိုင်း အလုံးကြီး ၄ လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒုဌဝတီ တော်လှန်ရေးဘအင်အားစုနှင့် မဟာမိတ် တပ်ဖွဲ့များဖြစ်သော ကျောက်ဆည် နဂါးနီ ပြည်သူ့ကာကွယ်ရေးတပ်၊ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်၊ အမရ စစ်သည်တော်ကာကွယ်ရေးတပ်၊ City Hunter ပြည်သူ့ကာကွယ်ရေး တပ်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးမြို့၊ ၅၄ လမ်းနှင့် လမ်း ၃၀ လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူးအဆင့် ရှိသူ တစ်ဦး ပိုင် ဆိုင်သည့် Zeus Bar (Night Club)ကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ Bar စောင့်စစ်သား ၃ ဦးခန့် ထိခိုက်သေဆုံး မှုရှိကြောင်း ACID Army PDF – MDY မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက် ည ၈ နာရီခွဲခန့်က အဆိုပါ Zeus Bar (Night Club) ရှိ အစောင့် အ ကြမ်းဖက်စစ်သားများကို မန္တလေးမြို့ပြပျောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် ACID Army PDF – MDY မှ လက်ပစ်ဗုံး ၂ လုံးအပြင် Bar အတွင်းမှ ထွက်လာသော အကြမ်းဖက်စစ်သားများကိုလည်း Pasto သေ နတ်နှင့် ၅ ချက် ပစ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဗိုလ်မှူးအဆင့်ရှိသူထဲကပိုင်တဲ့ Ba ပါ၊ဘယ်ဌာနကလဲတော့ မသိဘူး၊ ခွေးကတော့ အနည်းဆုံး ၃ ကောင်လောက်သေမယ်၊ ဗုံးနဲ့အရင်ပစ်ပြီးတော့ ထွက်လာတဲ့ စစ်ခွေးတွေကို သေနတ်နဲ့ပစ်ခဲ့တာ၊ စစ်ခွေး တွေပြန်မပစ်နိုင်ခင် ရဲဘော်တွေ ပြန်ဆုတ်နိုင်ခဲ့ပါတယ်၊ လောလောဆယ်အထိတော့ စစ်ခွေးတွေဘက်က တိုက်ခိုက်ခံရတာကို သတင်းဖုံးထားသလို Barကိုလည်း ပိတ်ပြီး ကင်းပုန်းစောင့်နေတယ်” ဟု ACID Army PDF – MDY မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
တိုက်ခိုက်မှုအပြီး နာရီဝက်( မိနစ် ၃၀) ခန့်အကြာတွင် အကြမ်းဖက်စစ်သားများ ထပ်မံရောက်ရှိလာပြီး ဘေးပတ်ဝန်းကျင်အား ရမ်းကား ဆဲဆိုကာ ပစ်ခတ်သွားကြောင်း၊ အလားတူ ၁၉ လမ်း ၊ ပုသိမ်ကြီးဘက် မှ အကြမ်းဖက်စစ်ကား ၁၀ စီးဖြင့် စစ်သားများရောက်ရှိလာပြီး တစ်ညလုံး စစ်ဆေးရှာဖွေခဲ့ပြီး Bar အနီးတဝိုက်တွင် ကင်းပုန်းများ ချထားကြောင်း၊ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သားများရှိရာ နေရာအား သွားလာခြင်းမပြုကြရန် ACID Army PDF – MDY မှမေတ္တာရပ်ခံထားကြောင်း သိရသည်။
