ရွှေဘို၊ ထူးကြီးမြောက်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော်ပြာကျပြီး အိမ်မွေး တိရစ္ဆာန်များပါ သတ်ဖြတ်သွား
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထူးကြီးမြောက်ရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မီးရှို့မှုကြောင့် ပြည်သူပိုင်နေအိမ် ၁၀၀ ကျော်ပြာကျခဲ့ကြောင်း S&C အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ထူးကြီးမြောက်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၁၀၀ ကျော်ပြာကျကာ အိမ်မွေး တိရစ္ဆာန်များပါ သတ်ဖြတ်သွားကြောင်း သိရသည်။
” ထူးကြီးရွာက ရက်ကန်း လုပ်ငန်း လုပ်ကိုင်တဲ့ ကျေးရွာကြီးပါ။ စစ်ခွေးတွေက ရက်ကန်းရုံတွေ အကုန်လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ ရွာမှာနေတဲ့သူတွေရဲ့ ဘဝရပ်တည်ရေးကလည်း ခက်ခဲသွားပြီ စစ်ခွေးတွေကလည်း ပြည်သူပိုင် နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်” ဟု S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထူးကြီးမြောက်ရွာအပြင် ထူးကြီးတောင်ရွာနှင့် တည်ပင်ရွာတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းကျေးရွာများ အနီးပတ်ဝန်းကျင်တွင် လက်ရှိချိန်ထိ စစ်တပ် စစ်ကြောင်းများ တပ်စွဲထားသောကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။