ပဇီကြီး ကျေးရွာကို လေကြောင်း တိုက်ခိုက်ရာတွင် ပေါင် ၅၀၀ ဗုံး ၂ လုံး၊ S 5 Rocket ၊ 30 mm အရွယ်အစား စက်အမြှောက်နှင့် 23 mm စက်အမြှောက်များ စစ်တပ်က အသုံးပြုပြီး ကလေးသူငယ် ၄၀ အပါအဝင် ပြည်သူများကို စိတ် တိုင်း ကျ ရက်စက်စွာ သတ်ဖြတ်ဟု NUG ပြော
ရန်ကုန်၊ ဧပြီ ၁၆
အကြမ်းဖက်စစ်ကောင်စီသည် ပဇီကြီးကျေးရွာကို လေကြောင်းမှ တစ်ဆင့် တိုက်ခိုက်ခဲ့ရာတွင် Yak – 130 ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်မှုတွင် ပေါင် ၅၀၀ ဗုံး ၂ လုံး၊ MI 35 တိုက်ခိုက်မှုတွင် S5 Rocket နှင့် 30mm အရွယ်အစား စက် အမြှောက်၊ A5 Jet Fighter ဖြင့် တိုက်ခိုက်မှုတွင် 23mm စက်အမြှောက်ကို အသုံးပြုခဲ့သည်ကို ပေါက်ကွဲအားများ၊ ကျည်ခွံ့များကို လေ့လာတွက်ချက်၍ တွေ့ရှိရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ သတင်းစာရှင်းလင်း ပွဲတွင် တရားဝင် သတင်းထုတ်ပြန်လိုက်သည်။
စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ၆လသား အရွယ် ကလေးငယ် အပါအဝင် အသက် ၅နှစ်အောက် ကလေးသူငယ် ၆ ဦး၊ အသက် ၅နှစ်နှင့် ၁၄နှစ်အကြား ကလေးငယ် ၁၉ ဦး၊ အသက်ခွဲခြားမရသည့် ကလေးသူငယ် ၁၀ ဦး၊ အသက် ၁၄နှစ်နှင့် ၁၈နှစ် အကြား ကလေးငယ် ၅ ဦးပါဝင်ခဲ့ကြောင်း၊ စုစုပေါင်း ၁၆၈ ဦးကျဆုံးခဲ့ကြောင်း( အရေအတွက် ထပ်မံ ပိုမိုလာနိုင်) သိရှိရသည်။
“Yak 130 နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲသွားတယ်။ အဆောက်အအုံ ၂ ခုရှိခဲ့တယ်။ အခုမှာတော့ အဆောက်အအုံတစ်ခုပဲ ကျန်ခဲ့တယ်။ ကျရောက်တဲ့ နေရာကို လေ့လာကြည့်မယ်ဆိုရင် မြေပြင်နဲ့ ပေအနည်းငယ်အကွာမှာ ပေါက်ကွဲတယ်လို့ ယူဆနိုင်တယ်။ ဒါကြောင့်လည်း ထိခိုက်မှုက ဒီလောက်အတိုင်း အတာထိဖြစ် တယ်လို့ ယူဆလို့ရတယ်။ တကယ်လို့ မြေပြင်နဲ့ ပေအနည်းငယ်အကွာမှာ မပေါက်ကွဲဘဲနဲ့ မြေကြီးထဲ မြှုပ်ပြီးမှ ပေါက်ကွဲမယ်ဆိုရင် ဒီလောက်အထိ ထိခိုက်မှုမများဘူးလို့ အကြမ်းဖျင်း သုံးသပ်လို့ရပါတယ်” ဟု အမျိုးသားညီညွတ် ရေးအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ လက်နက်ခဲယမ်းကျွမ်းကျင်သူ ဦးမင်းမင်းက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီသည် MI 35 ကို အသုံးပြု၍ မြေပြင်တိုက်ခိုက်ရာတွင် S5 Rocket များနှင့် 30 MM စက်အမြှောက်များကို အသုံးပြု၍ တိုက်ခိုက်သွား ခြင်းဖြစ်ပြီး ကျည်ခွံ့မျာအရ သိရှိရကြောင်း၊ S5 Rocket များတွင် ပေါက်ကွဲယမ်း 1kg ဝန်းကျင်ပါဝင်ပြီး 30mm စက်အမြှောက်များသည် အရာဝတ္တုများကို ဖျက်ဆီးရန် ရည်ရွယ်ထုတ်လုပ်ထားသည့် စက်အမြှောက်များဖြစ်ကာ လူကို မှန်ပါက ခြေလတ်များ ပြတ်ထွက်သွားသည်အထိ ဖြစ်သည့် လက်နက်များ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ လက်နက်ခဲယမ်းကျွမ်းကျင်သူ ဦးမင်းမင်းက ပြောကြားသည်။
ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများမှာ လတ်တလောအခြေအနေတွင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်သူများအပြင် စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုများ ပြင်းပြင်းထန်ထန် ခံစားနေကြရကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၏ စစ်ကိုင်းတိုင်း ကျန်းမာရေး တာဝန်ခံ ဒေါက်တာ သူရက ပြောကြားသည်။
ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု ပြင်းထန်သူများထဲတွင် ကိုယ် ဝန် ဆောင်မိခင်နှင့် ကလေးငယ်များလည်း ပါဝင်နေပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦးမှာ ဝဲဖက်လက် မောင်း ကို ဖြတ်တောက် ကုသမှု ပေးခဲ့ရကြောင်း၊ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာလည်း ဘယ်ခြေတစ်ဖက် ဖြတ်တောက်ခြင်း၊ ဝမ်းဗိုက် ကျည် ဒဏ်ရာကြောင့် အူသိမ်နှင့် အူမကြီးများကို ဖြတ်ဆက်၍ ကုသမှုများ ပေးခဲ့ရကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးရသူများထဲတွင် အသက်အရွယ်အငယ်ဆုံး ၆ လအရွယ်မှ အသက် အကြီးဆုံး အသက် ၇၆ နှစ်အရွယ် အဘိုးအိုအထိ အသက်အရွယ်ပေါင်းစုံ သေဆုံးခဲ့ကြရသည်။
“အပြင်းအထန်ထိခိုက်ဒဏ်ရာရလို့ ခွဲစိတ်ရတဲ့လူ ၁၆ ယောက်ရှိပါတယ်။ တခြား ထိခိုက်ဒဏ်ရာရတဲ့လူ ၈၃ ယောက်ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက် ဒဏ်ရာ ရသူတွေကတော့ အများကြီးပေါ့ဗျာ။ တချို့ဆိုလို့ရှိရင် မိသားစု တစ်စုလုံးမှာ တစ်ယောက်ပဲ ကျန်ခဲ့တဲ့ လူတွေ ရှိတယ်။ တချို့ဆိုလို့ရှိရင်လည်း မိသားစု တစ်စုမှ ၃ ယောက် ၊ ၄ ယောက်လောက် ပါသွားတာတွေ ရှိတယ်။ ပဇီကြီး ကျေးရွာမှာတော့ တစ်ယောက် မဟုတ် တစ်ယောက်ကတော့ အသက် သေဆုံးခဲ့ကြတာဖြစ်ပါတယ်။ Psycho Trauma တွေက အချိန်ယူပြီး ကုသ ပေးရမယ့် အနေအထားမှာ ရှိပါတယ်။ ထိခိုက်ဒဏ်ရာရပြီး ဆေးမကုဘဲနဲ့ နေတဲ့ ပြည်သူတွေလည်း ရှိကောင်း ရှိနိုင်တယ်” ဟု ဒေါက်တာ သူရက ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ လုပ်ဆောင်ရာတွင် ပဇီကြီးရွာကဲ့သို့ ပြည်သူများသာ ရှိသည့် နေရာသို့ ပစ်မှတ် ထားရွေးချယ်ခြင်းဖြစ်ကြောင်း၊ ကာကွယ်ရေးအဖွဲ့များ မဟုတ်ဘဲ ပြည်သူများ ဖြစ်၍သာ ပြေးနေသည့် ပြည်သူများ ၊ ပုန်းနေသည့် ပြည်သူများကို ရည်ရွယ် ချက် ရှိရှိ စိတ်တိုင်းကျ ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ အမှန်တကယ် PDF များ စိုးမိုးသည့် နေရာတွင် ယခုကဲ့သို့ နိမ့်နိမ့်ပျံသန်းခြင်းမျိုး မလုပ်ရဲဘဲ အမြင့်မှသာ ပျံသန်းခြင်းတို့ လုပ်ဆောင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။
“Early Warning နဲ့ ပတ်သက်လျှင် အဆင်မီ နိုင်ငံတကာက အကူအညီနဲ့ အဆင့်မီ Early Warning System တွေ တပ်ဆင်ထားနိုင်ခြင်း မရှိပါဘူး။ အဲဒီတော့ လူထုအားကိုပဲ ကိုးပြီး အပြန်အလှန် သတိပေးခြင်း၊ အွန်လိုင်းပေါ်မှာ ရှိမယ်၊ Telegram Group တွေ ရှိမယ်။ ဒီကနေ တစ်ဆင့် ဘယ်နေရာ ဘယ်နေရာကတော့ဖြင့် ဘယ်ဘက်ကို ဦးတည်လာပါပြီ ဒီလို သတင်းမျိုးတွေ အမြဲမပြတ်စောင့်ကြည့်နေဖို့ ၊ ဒီလို သတင်းတွေ ရလာရင် ကြိုတင်စီစဉ်ထားတဲ့ နေရာတွေမှာ နေကြဖို့ စသဖြင့် ဒီလို ကိစ္စတွေ အသိပညာပေးတာတွေ ၊ ဇာတ်တိုက် လေ့ကျင့်တာတွေ ဒါမျိုးတွေ တောက်လျှောက်လုပ်ဆောင်နေ တာဖြစ် ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။
ပဇီကြီးရွာဖြစ်စဉ်တွင်မူ ဒေသခံများမှာ လေယာဉ်တက်လာသည်ကို ဒေသ ပြည်သူ များ လုံးဝ ကြို၍ သိရှိခြင်း မရှိလိုက်ဘဲ အသံကြားမှ သိရှိကြောင်း၊ အသံကြားသည့်အချိန်တွင် ဗုံးကျလာခြင်း အခြေအနေနှင့် ကြုံတွေ့ရခြင်းဖြစ် ကြောင်း ဦးနေဘုန်းလတ်က ပြောကြားသည်။
လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီကြောင့် ပဇီကြီးကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာမှ ပြည်သူ ၄၀၀ ကျော်မှာ စစ်ဘေးရှောင်ပုန်းနေကြရ ကြောင်း သိရှိရသည်။


