27 C
Yangon

တိတ်ဆိတ်မှုနှင့်အတူ မြန်မာပြည်သူအများစု ဆန့်ကျင် သပိတ်မှောက်ခဲ့ကြသည့် ဖက်ဆစ်စစ်တပ် သင်္ကြန် ခြောက်ကပ်မှုများဖြင့် အဆုံးသတ်

Must read

တိတ်ဆိတ်မှုနှင့်အတူ မြန်မာပြည်သူအများစု ဆန့်ကျင် သပိတ်မှောက်ခဲ့ကြသည့် ဖက်ဆစ်စစ်တပ် သင်္ကြန် ခြောက်ကပ်မှုများဖြင့် အဆုံးသတ်

By ရန်ကုန်ခေတ်သစ်

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီး အများစုတွင် အကြမ်းဖက်စစ်ကောင်စီက ပုံစံမျိုးစုံ ၊ နည်းလမ်းမျိုးစုံ၊ ခြိမ်းခြောက်မှု မျိုးစုံဖြင့် သင်္ကြန်စည်ကားရေး လုပ်ဆောင်ခဲ့သော်လည်း အများစုသော ပြည်သူများက စစ်ကောင်စီ၏ သင်္ကြန်တွင် ပါဝင်ခြင်းမပြုဘဲ တိတ်ဆိတ်နေခဲ့ကြသည်။

ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှ ဧပြီလ ၁၆ ရက်နေ့ သင်္ကြန် အတက်နေ့အထိ ပြည်သူများအားလုံးက စစ်ကောင်စီ၏ သင်္ကြန်ကို အသိအမှတ်မပြုသကဲ့သို့ ရေကစားခြင်းလည်းမ ပြုလုပ်ခဲ့ကြပေ။

မြို့ပြ လူတန်းစားအများဆုံးနေထိုင်ကြသည့် ရန်ကုန်နှင့် မန္တလေးသည် ကန့်ဘလူ၊ ပဇီကြီးကျေးရွာမှ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြရသည့် ကလေးသူငယ်နှင့် ပြည်သူ ၁၀၀ ကျော်အတွက် ဝမ်းနည်းမှုများစွာဖြင့် စံပြ ငြိမ်သက်နေထိုင်ပေးခဲ့ကြသည်။ ပြည်သူတို့က ကန့်ဘလူ ပြည်သူတို့အတွက် နာရေးရှင်များအဖြစ် ခံယူကာ ကြေကွဲမှုများဖြင့် တိတ်ဆိတ်ပေးခဲ့ကြသည်။

“သင်္ကြန်မှာ မလည်ဘူး။ မပျော်ဘူးလို့ ဆုံးဖြတ်ထားခဲ့တာ။ ကန့်ဘလူမှာ ကလေးတွေ လူကြီးတွေ အကုန် လေယာဉ်နဲ့ဗုံးကျဲခံရတာမြင်ရတော့ သင်္ကြန်ကို မလည်တာ မပျော်တာထက်ကို ကိုယ့်ကိုကိုယ် နာရေးရှင် အဖြစ်ကို ခံယူပါတယ်။ သင်္ကြန်တွင်းကာလမှာ သေဆုံးသူတွေအတွက် နေ့တိုင်း မေတ္တာပို့တယ်။ အမျှဝေတယ်။ ကုသိုလ်ကောင်းမှူလေးတွေလုပ်ပြီး ဆွမ်းချိုင့်ပို့ခဲ့တယ်” ဟု မရမ်းကုန်းမြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အလားတူ မန္တလေးမြို့တော်မှ ပြည်သူများကလည်း ရန်ကုန်ပြည်သူများနည်းတူ စစ်တပ်နှင့် အကြမ်းဖက် စစ်ကောင်စီကို ၎င်းတို့၏ ဇွတ်ပျော်စေချင်သည့် သင်္ကြန်ပွဲတော်တွင် မပါဝင်ခြင်းဖြင့် ဆန္ဒပြခဲ့ကြသည်။

NLD အစိုးရလက်ထက် တိုးမပေါက်ခဲ့သော မန္တလေးမြို့တော်၏ ကျုံးပတ်ဝန်းကျင်တွင် လူသူမရှိ တိတ်ဆိတ် ခြောက်ကပ်ခဲ့သည်။ အကြိုနေ့မှ အတက်နေ့အထိ စစ်တပ်က ခေါ်ယူထားသော လူတချို့မှ အပ ပြည်သူတို့ကို မမြင်တွေ့ခဲ့ရပေ။

မန္တလေးမြို့တော်တစ်ခုလုံးက မြို့ပျက်တစ်ခုအလား လူထုက ဆန္ဒထိန်းသိမ်း၍ စစ်အာဏာရှင် လက်အောက် ကျဆုံးခဲ့ရသော အာဇာနည်နှင့် ပြည်သူများအတွက် ဆိတ်ဆိတ်နေပေးခဲ့ကြသည်။

မင်းအောင်လှိုင်နှင့်အကြမ်းဖက် စစ်တပ်က ၎င်းတို့၏ အုပ်ချုပ်မှုအောက်တွင် တိုင်းပြည်သည် ပုံမှန် အခြေအနေ ပြန်လည်ရောက်ရှိပြီး ပြည်သူလူထုက ပျော်ရွှင်နေပါသည်ဆိုသော ပုံရိပ်ကို အလွန်ပြလိုကြ သည်။

သို့သော် သင်္ကြန် ၃ ကြိမ်ရှိလာသည်အထိ ၎င်းတို့လိုချင်သည့် ပုံရိပ်ကို ပြည်သူလူထုတစ်ရပ်လုံး၏ ဆန့်ကျင်မှုကြောင့် မရရှိဘဲ အတင်းအကျပ် လူမစည်၊ စည်အောင် ဖိအားပေးထားသော ပုံရိပ်အတုများသာ ရရှိခဲ့ကြသည်။

မတရားရယူထားသော အာဏာ၊ သတ်ဖြတ်နိုင်သော လက်နက်များဖြင့် ၃ နှစ်အတွင်း ဝင်လာသည်အထိ ပြည်သူကို အနိုင်ကျင့် အာဏာလုယူထားသော်လည်း ပြည်သူတို့က အသက်သွေးချွေးဘ၀များစွာ ရင်း၍ စစ်ကောင်စီနှင့် စစ်အာဏာရှင်တို့ကို ဆက်လက် တော်လှန်နေကြသည်။

ပြည်သူလူထု၏ တော်လှန်ရေး နှလုံးသားနှင့်ဆန့်ကျင်စိတ်ဓာတ် ပြင်းပြနေမှုတို့ကြောင့် အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်တိုင်း ခြေလှမ်းတိုင်း မအောင်မမြင် ကျဆုံးနေရသည်ကို အသံတိတ်သပိတ်ကဲ့သို့ ခြောက်ကပ် တိတ်ဆိတ်ခဲ့သော ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်က မီးမောင်း ထိုးပြနိုင်ခဲ့ပြီဖြစ်သည်။

ဓာတ်ပုံ- ယနေ့ သင်္ကြန်အတက်နေ့ လှည်းကူးမြို့နယ်မှ သင်္ကြန်ရေကစားမဏ္ဍပ်မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article