မြန်မာစစ်အုပ်စုထံ အရေးပါသော သတင်းစကားပါးရန် တီမောအနေဖြင့် လုပ်ဆောင်သင့်
By Sonny Inbaraj Krishnan
အရှေ့တီမောတွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေများသည် လက်တလော မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ကွဲပြားခြားနားမှု မရှိဘဲ သမ္ မတ ဟိုဆေး ရာမို့စ်ဟော်တာ (Jose Ramos-Horta) အနေဖြင့် မြန်မာ စစ်အုပ်စု ထံ အရေးပါ သော သတင်းစကားပါးခြင်းဖြင့် အပြောင်းအလဲတခု ဖန်တီး နိုင်သည်ဟု Sonny Inbaraj Krishnan က ရေးသား ထားသည်။
ဧပြီလသင်္ကြန်ကာလ မြန်မာနှစ်သစ်ကူး အခါသမယတွင် ပျှော်ပွဲရွှင်ပွဲများ ကျင်းပ ရန် မြန်မာပြည်သူ ပြည်သားများအတွက် အကြောင်းမဖန်ခဲ့ပေ။
ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရထံမှ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အုပ်စုက အာဏာသိမ်းရန် ကြိုးပမ်းမှုသည် ၂ နှစ်အကြာ နိုင်ငံရေး ကသောင်းကနင်းဖြစ်မှုကို ဦးတည်စေခဲ့သည်။
ထိုအတွက် မြန်မာပြည်သူများက ကြီးမားစွာ ပေးဆပ်နေရဆဲ ဖြစ်သည်။ ဆက်လက်ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကပ်ရောဂါ၏ ဆိုးကျိုးသက် ရောက်မှု များအပြင်၊ စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုသည် မြန်မာနိုင်ငံအား ကြီးမားသော ပဋိပက္ခများနှင့် ဆင်းရဲမွဲတေမှု သံသရာထဲသို့ ကျရောက်သွားစေ ပြီး၊ မကြုံစဖူးသော နိုင်ငံရေး၊ လူမှုရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကြီး တရပ်ကို ဖြစ်ပေါ်စေခဲ့သည်။
၂၀၂၂ တွင် မြန်မာနိုင်ငံတ၀ှမ်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများကြောင့် သန်းနှင့်ချီသော ပြည်သူများသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးများ များစွာထိခိုက်ခဲ့ရသည်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)၏ အဆိုအရ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ အရေအတွက်သည် ၂၀၂၂ တွင် စံချိန်တင်အဆင့်သို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။
ဇန်န၀ါရီလတွင် ထုတ်ပြန်သော UNOCHA ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီလ (၁)ရက် မှစ၍ အရပ်သားပြည်သူ (၁.၂)သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး၊ ၂၀၂၂ ဒီဇင်ဘာလ (၂၆)ရက်နေ့အထိ စုစုပေါင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ (၁.၅)သန်းအထိ ကြောက်ခမန်းလိလိ တိုးလာခဲ့သည်။ ၂၀၂၃ ကူးပြောင်းချိန်တွင်လည်း အရေအတွက် လျော့ကျသွားသည့် လက္ခဏာ မတွေ့ရပေ။
မြန်မာစစ်အုပ်စုက အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလ (၁)ရက်နေ့ နောက်ပိုင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် သာမန်အရပ်သား ပြည်သူများအပါအဝင် လူပေါင်း (၃,၀၀၀)နီးပါး သေဆုံးခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ ဖမ်းဆီးထောင်ချခံထားရသော နိုင်ငံရေးအကျဥ်းသား (၁၇,၄၂၁)ဦးထဲမှ တဦးအပါအ၀င်ဖြစ်သည်။
မြန်မာနိုင်ငံရှိ ပြည်သူ့ကျန်းမာရေးစနစ်သည် ပြိုလဲလုနီးပါး ဖြစ်နေသည်။ မအောင်မြင်သော စစ်အာဏာသိမ်းမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကျန်းမာရေး ဝန်ထမ်းများအပါအဝင် ထောင်နှင့်ချီသော အစိုးရဝန်ထမ်းများ၏ CDM လှုပ်ရှားမှုများကြောင့် ပြည်သူ့ကျန်းမာရေး အစီအစဉ်များနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် အနှောင့်အယှက်များစွာ ကြုံတွေ့ခဲ့ရသည်။
ငှက်ဖျားရောဂါ၊ ဝမ်းရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင် သော ရောဂါများ၊ အာဟာရချို့တဲ့ခြင်း၊ ကာလသားရောဂါ၊ အဆုတ်တီဘီရောဂါ၊ အသည်းရောဂါနှင့် စိတ်ဒဏ်ရာ များသည် မြန်မာပြည်သူများအတွက် ကူးစက်ခံရနိုင်ခြေ အမြင့်မားဆုံး ရောဂါများထဲတွင် ပါဝင်သည်။
ဗြိတိန် အခြေစိုက် Tropical Health and Education Trust ၏ အဆိုအရ ကလေးငယ်များ၏ ကာကွယ်ဆေးထိုးနှံမှု နှုန်းသည် ၂၀၂၁ မှစ၍ ဆိုးရွားစွာ ကျဆင်းသွားခဲ့ပြီး၊ ခန့်မှန်းခြေ ကလေးငယ် အရေအတွက် (၁.၉)သန်းသည် ဝက်သက်နှင့် ပိုလီယိုရောဂါများ ဖြစ်ပွားခြင်းမှကာကွယ်ရန် ကာကွယ်ဆေးထိုးနှံသည့် အစီအစဥ်တရပ် လိုအပ်နေ သည်။
လူသားချင်းစာနာမှုဆိုင်ရာ ချဥ်းကပ်မှုများ လုပ်ဆောင်ရွက်ရာတွင်လည်း စစ်အုပ်စု၏ သွယ်၀ိုက်သော သဘော တူညီချက်များ မကြာခဏ လိုအပ်နေသည့်အတွက် ကာကွယ်ဆေးထိုးနှုံခြင်းကို ပံ့ပိုးပေးသော နိုင်ငံတကာမှ အလှူရှင်များသည် နိုင်ငံအတွင်း လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိကြချေ။
စစ်အာဏာရှင် ဆူဟာတို ဦးဆောင်သည့် အင်ဒိုနီးရှားက (ထိုအချိန်က အရှေ့တီမောဟု လူသိများသည့်) တီမောလက်စ်တီ (Timor-Leste) ကို ၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျူးကျော်ခဲ့သည်။ အဆိုပါ (၄၇)နှစ်တာ ကာလကို ပြန်ကြည့်မည်ဆိုလျှင် ထိုအချိန်က အရှေ့တီမောတွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေများသည် လက်တလော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ကွဲပြားခြားနားမှု မရှိပေ။ အကြမ်းဖက်မှု၊ ဖမ်းဆီးထိန်းသိမ်းမှု၊ နေရာစွန့်ခွာ ရွှေ့ပြောင်းမှု၊ ငတ်မွတ်ခေါင်းပါးမှုနှင့် ရောဂါကပ်ဘေး စသဖြင့် အခြေအနေ အရပ်ရပ်သည် (၂) နိုင်ငံအကြား တူညီနေသည်။
ထိုအချိန်က အင်ဒိုနီးရှားစစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုများနှင့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် အရှေ့ တီမောပြည်သူ ၃ ပုံ ၁ ပုံခန့် သေကြေပျက်စီးခဲ့ရသည်။ စစ်တပ်၏ Encirclement campaigns များကြောင့် ငတ်မွတ်ခေါင်းပါးမှုနှင့် နာမကျန်းဖြစ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။ သေနတ်ကျည်ဖြင့် အသက် မသေလျှင်လည်း ကပ်ရောဂါနှင့် ငတ်မွတ်ခေါင်းပါးမှုများကြောင့် သေဆုံးကြရပြီး လင်းတများအတွက် အစာ ဖြစ်ခဲ့ရသည်။
အာဏာရှင်ဆူဟာတိုကို ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးဖြင့် ၁၉၉၈ တွင် ဖြုတ်ချခဲ့သည်။ (၁)နှစ်အကြာတွင် သမ္မတ ဘီဂျေ ဟာဘီဘီ (B.J. Habibe) သည် အရှေ့တီမော လွတ်လပ်ရေးကို ဆုံးဖြတ်ရန် ကုလသမဂ္ဂ၏ ကမကထ ပြုမှုဖြင့် လူထုဆန္ဒခံယူပွဲတခု ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ အရှေ့တီမော ပြည်သူများက ပြတ်ပြတ်သားသား ထောက်ခံမဲ ပေးခဲ့ကြသဖြင့် သမ္မတ ဟာဘီဘီ သည် အရှေ့တီမောကို လွတ်လပ်ရေး ပေးခဲ့ရသည်။ အရှေ့တီမော အရေးတွင် အာဆီယံက မရေးမထား မဖြေရှင်းနိုင်ခဲ့သော ပြဿနာတရပ်ကို နောက်ဆုံး ဖြေရှင်းနိုင်ခဲ့သည်။
သို့သော် အင်ဒိုနီးရှားစစ်တပ်က ကျောထောက်နောက်ခံ ပြုထားသော ပြည်သူ့စစ်များက အကြမ်းဖက် သတ်ဖြတ် မှုများ ဆက်တိုက်ကျူးလွန်နေချိန် အရှေ့တီမောြပည်သူများသည် ၎င်းတို့၏ ဆုံးဖြတ်ချက်အတွက် ကြီးမားစွာ ပေးဆပ်ခဲ့ရသည်။ ၁၉၉၉ နှစ်အကုန် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်များ မ၀င်ရောက်လာမီ ဩစတြေးလျ ဦးဆောင်သည့် အရှေ့တီမော နိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့ (INTERFET)များက အကြမ်းဖက်မှု များကို ချေမှုန်းနိုင်ခဲ့သည်။
အရှေ့တီမော (ယခု တီမောလက်စ်တီ) က အာဆီယံအဖွဲ့ဝင်အဖြစ် တောင်းဆိုခဲ့ပြီး ဆယ်စုနှစ်တခုအကြာ ၂၀၂၂ တွင် အဆိုပါ ကျွန်းနိုင်ငံအား ၎င်း၏(၁၁)နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် အာဆီယံက ဆုံးဖြတ် ခဲ့သည်။
အရှေ့တီမောအရေးကို သင်ခန်းစာယူမည်ဆိုလျှင် ဦးစွာအနေဖြင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် သမ္မတ ဟိုဆေး ရာမို့စ်ဟော်တာသည် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးနှင့် အကျွမ်းတ၀င်ရှိသူ တဦးဖြစ်သည်။ သူသည် ၁၉၈၉ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံရချိန်နှင့် ၂၀၁၀ ပြန်လည်လွတ်မြောက်လာသည့် အချိန်များမှစ၍ သူမအား အခိုင်အမာ ထောက်ခံခဲ့သူ တဦးဖြစ်သည်။ ၎င်းတို့၏ ဘ၀တူ အခြေအနေများကြောင့် ဤထောက်ခံမှုသည် ယနေ့တိုင် ခိုင်မြဲနေဆဲ ဖြစ်သည်။
၂၀၂၁ တွင် ရာမို့စ်ဟော်တာက ၎င်း၏ ဘလော့ဂ်ပို့စ်တခုတွင် “မြန်မာ့လူ့အဖွဲ့အစည်းကြီး တခုလုံးဟာ အစွန်း ရောက်တဲ့ အကြမ်းဖက်မှုတွေနဲ့ အကြောက်တရားတွေကြားမှာ ရှင်သန်နေကြရပါတယ်၊ မြန်မာပြည်သူများအပေါ် ကျနော်တို့ရဲ့ သစ္စာစောင့်သိမှုကို ပြသရပါမယ်” ဟု ရေးသားခဲ့သည်။
ယခင်က ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံနိုင်ငံများအကြား အပြန်အလှန် သွားရောက်လည်ပတ်မှုများတွင် နှစ်ဦးနှစ်ဖက် အပြန်အလှန် ကြိုဆိုခဲ့ခြင်းများအတွက် အာဆီယံခေါင်းဆောင်များကို ရာမို့စ်ဟော်တာက ပြင်းပြင်း ထန်ထန် ၀ေဖန်ပြစ်တင်ခဲ့သည်။ ယခုဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကို အစည်းအဝေးများတွင် ဖော်ပြ ရန်ပင် ငြင်းဆိုထားသည်။
မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးသူ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ရာမို့စ်ဟော်တာသည် ၎င်း၏ စကားလုံးများနှင့် ကိုက်ညီမှုရှိအောင် လုပ်ဆောင်ပြသရန် အရေးပါသော အချိန်ဖြစ်သည်။ လာမည့် မေလ(၁၉) တွင် မြို့တော် ဒီလီ(Dili)၌ ကျင်ပရန် စီစဥ်ထားသည့် “Strengthening Democracy, Peace and Stability in State Building” ခေါင်းစဥ်ဖြင့် ကျင်းပပြုလုပ်မည့် နိုင်ငံတကာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင် အဖွဲ့၀င်များအား တက်ရောက်ရန် ဖိတ်ကြားထားသည်။ အဆိုပါ ဖိတ်ကြားချက်ကို ရုပ်သိမ်းပေးရန် အရပ်ဘက်အဖွဲ့အစည်း (၄၀၀)ကျော်၏ တောင်းဆိုမှုကိုလည်း အလေးထား လိုက်နာရန် အရေးကြီးသည်။
အရှေ့တီမောအနေနှင့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဖယ်ဒရယ်ဒီမိုကရေစီရေးအတွက် မမှိတ်မသုန်း ကြိုးပမ်း လုပ်ဆောင်နေသော အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်များကို အဘယ်ကြောင့် ဖိတ်ကြားခြင်း မပြုခဲ့ သနည်း။ အမျိုးသား ညီညွတ်ရေးအစိုးရကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များနှင့် လူနည်းစုပါတီ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
စစ်အုပ်စုသည် ၎င်း၏ တရားမ၀င်မှုကို ရွေးကောက်ပွဲများမှတဆင့် တရား၀င်မှု ဖြစ်လာစေရန် ကြိုးပမ်းနေသည်။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရ NLD ပါတီကို ဖြုတ်ချရန် ကြိုးပမ်းမှုသည် အတ္တဆန်သော ကြိုးပမ်းမှု တခုအဖြစ် မြန်မာပြည်သူများက ရှုမြင်နေချိန်၊ စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲများသည် မည်သို့မျှ တရားဝင်မှု ရှိလာနိုင်မည် မဟုတ်ပေ။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ကလည်း စစ်အုပ်စုက ၂၀၂၃ တွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲသည် နိုင်ငံအတွင်း အကြမ်းဖက်မှုနှင့် အကျပ်အတည်းများကိုသာ ဖြစ်ပေါ်စေမည့် အနေအထားတခုနှင့် ထပ်မံ ကြုံတွေ့ရနိုင်သည်ဟု အတိအလင်း ပြောဆိုထားသည်။
သမ္မတ ရာမို့စ်ဟော်တာ အနေနှင့် မေလ(၁၉) အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင် အဖွဲ့အား ဖိတ်ကြားထားခြင်းကို ပြန်လည်ရုတ်သိမ်းပြီး၊ အမျိုးသား ညီညွတ်ရေးအစိုးရအား အစားထိုး ဖိတ်ကြား ရန် အားထုတ်သင့်သည်။ သို့မှသာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသော နိုင်ငံတခု၏ ဒီမိုကရေစီရေး လှုပ်ရှားမှုဘက်မှ တီမောလက်စ်တီ ရပ်တည်နေကြောင်း အရေးပါသော သတင်းစကားပါးရာ ရောက်ပေမည်။
လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်သည့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို (Joko Widodo)နှင့်အတူ သမ္မတ ရာမို့စ်ဟော်တာ သည် မြန်မာ့နိုင်ငံရေးတွင် အပြောင်းအလဲတခုကို ပြုလုပ်နိုင်သည်။ အာဆီယံမူ (၅)ချက်သည် မြန်မာစစ်အုပ်စုအတွက် မလုပ်မဖြစ်ပေ။ မိမိတို့အနေဖြင့် သမရိုးကျ စဥ်းစားတွေးခေါ်မှုများမှ ဖောက်ထွက်ပြီး တီထွင်ဆန်းသစ်သော အတွေးအခေါ်သစ်များ ဖန်တီးရန် လိုအပ်နေသည်။
တချိန်က အဆိုးရွားဆုံးသော ရန်သူများ ဖြစ်ခဲ့ပြီး၊ ယခုအခါ အာဆီယံ၏ အကောင်းဆုံး မိတ်ဆွေများ ဖြစ်လာ သည့် တီမောလက်စ်တီနှင့် အင်ဒိုနီးရှားနိုင်ငံသည် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် အခြေအနေကောင်း တရပ်ကို ဖန်တီးပေးနိုင်လိမ့်မည်ဟု မျှော်လင့်သည်။
(Cambodians တွင် ဖော်ပြထားသော “Timor-Leste Needs to Send a Strong Message to Myanmar Junta” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ Sonny Inbaraj Krishnan သည် ဒေသဆိုင်ရာ ကျန်းမာရေးအကြံပေးနှင့်၊ မီဒီယာဖွံ့ဖြိုး တိုးတက်ရေး NGO တခုဖြစ်သည့် Internews တွင် ကျန်းမာရေးဂျာနယ်လစ်ဇင် တဦးဖြစ်သည်။ သူသည် East Timor: Blood and Tears in ASEAN (Silkworm Books, Thailand, revised 1997) ကို ရေးသားခဲ့သူလည်း ဖြစ်သည်။