ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr. Thomas Andrews နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးအပါအဝင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူများတွေ့ဆုံ
ရန်ကုန်၊ ဧပြီ ၂၂
ကုလသမဂ္ဂ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ Mr. Thomas Andrews ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံး အပါအဝင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ အချို့နှင့် ယနေ့ ဧပြီလ ၂၂ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
Mr. Thomas Andrews သည် အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ လာရောက်ကာ ကိုယ်စားလှယ် ဦးစောဘလှသိန်း အပါအဝင် ရုံးအဖွဲ့ဝင်အချို့နှင့် တွေ့ဆုံပြီးအပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံရောက် တိုင်းရင်းသားခေါင်းဆောင်များ၊အဖွဲ့အစည်းအသီးသီးမှ
ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လူငယ်များ၊ မြန်မာ့အရေးထောက်ခံအားပေးသော ဂျပန်လူမျိုးအချို့နှင့် တွေ့ဆုံကာ တက်ရောက်လာသူများ၏ မေးမြန်းသော မေးခွန်းများကို ပြန်လည်ဖြေကြားဆွေးနွေးပြီး အကြံပြုချက်များကို မှတ်ယူကာ တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
အာဏာသိမ်းစစ်ကောင်စီ လက်အောက်တွင် နေ့စဉ်နှင့်အမျှ အခြေအနေဆိုးရွားလာနေသည့် မြန်မာ့အရေးနှင့်ပတ်သက်၍ အာရှဒေသတွင်း ဒီမိုကရေစီအင်အားကြီးနိုင်ငံတခုဖြစ်သည့် ဂျပန်နိုင်ငံအား ယခုထက်ပိုမို ဖိအားပေးတိုက်တွန်းသွားရန်အတွက် ဂျပန်နိုင်ငံသို့ ရောက်ရှိလာရခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးကိုယ်စားလှယ်မှ ပြောကြားခဲ့သည်။



