26 C
Yangon

ဒဂုံမြို့သစ်တောင်ပိုင်းတွင် ရဲမှူး၏ အမျိုး ကားသမားကို ၀ိုင်းရိုက်သတ်ဖြတ်သည့် ၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါ ၈ ဦး ကို လူသတ်မှုဖြင့် ဖမ်းဆီး

Must read

ဒဂုံမြို့သစ်တောင်ပိုင်းတွင် ရဲမှူး၏ အမျိုး ကားသမားကို ၀ိုင်းရိုက်သတ်ဖြတ်သည့် ၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါ ၈ ဦး ကို လူသတ်မှုဖြင့် ဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၂၆

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ရဲမှူးတစ်ဦး၏ အမျိုးဖြစ်သူ ကားသမားတစ်ဦးကို ၀ိုင်းဝန်းရိုက်နှက် သတ်ဖြတ်လိုက်ကြသည့် ၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါ ၈ ဦးကို လူသတ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူထားကြောင်း သိရှိရသည်။

ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်း တောင်ဒဂုံ၊ ၁၀၄ ရပ်ကွက်အနီးတွင် ကားတစ်စီးနှင့် တောင်ဒဂုံမြို့ခံ ဘေးတွဲ ဆိုင်ကယ် တစ်စီးတို့ တိုက်မိပြီး ဆိုင်ကယ်သမားက လျှော်ကြေး တောင်းကြောင်း၊ ကားသမားနှင့် ဆိုင်ကယ်သမားတို့ အချင်းများ နေစဉ် ၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်မျိုးထက်နှင့် အပေါင်းအပါ ၈ ဦး ရောက်ရှိလာပြီး ကားသမား ကို ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြကြောင်း၊ ယင်းနောက် ကားသမားကို ဆေးရုံတင်ပို့စဉ် လမ်းခရီးတွင် သေဆုံးသွားခဲ့ကြောင်း၊ သေဆုံးသွားသည့် ကားသမားသည် ရဲမှူးတစ်ဦးနှင့် အမျိုးတော်စပ်သဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်မျိုးထက်နှင့် အပေါင်းအပါ ၈ ဦးကို ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ကားသမားနဲ့ တောင်ဒဂုံ ဆိုင်ကယ်ရီ သမားတို့ စကားများနေတုန်း အုပ်ကြီးနဲ့ အပေါင်းအပါတွေ ရောက်လာပြီး ကားသမားကို ၀ိုင်းရိုက်တယ်။ အဲဒါ အားမရလို့ ကားသမားကို အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ပြီး ထပ်ရိုက်တယ်။ နောက်ပြီးမှ ဆေးရုံပို့တာမှာ လမ်းခရီးမှာ သေသွားတာ။ ကားသမားအလောင်းကို ရင်ခွဲကြည့်တော့ ညပ်ရိုးနဲ့ နံရိုးသုံးချောင်းကျိုးပြီး အသည်းကို စိုက်သေတာ။ ကားသမားက ရဲမှူးတစ်ဦးနဲ့ အမျိုးတော်တော့ ချက်ချင်း အမှုဖွင့်ပြီး အုပ်ကြီးနဲ့ အပေါင်းအပါ ၈ ဦးကို လူသတ်မှုနဲ့ ဖမ်းလိုက်တာ” ဟု တောင်ဒဂုံဒေသခံတစ်ဦးက ဆိုသည်။

၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်မျိုးထက်နှင့် အပေါင်းအပါ ၈ ဦးကို ဖမ်းဆီးရန်အတွက် ရဲတပ်ဖွဲ့ CCTV မှတ်တမ်းများ စုဆောင်းခဲ့ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် လူသတ်မှုတွင် ပါဝင်ခဲ့ကြသော ရာအိမ်မှူး ရာအိမ်မှူး ဆန်းဝင်း၊ ကျော်လေး ၊မျိုးအောင်၊ကုလားကြီးတို့မှာထွက်ပြေးလွတ်မြောက်နေကြောင်း သိရှိရသည်။

“သေဆုံးသွားတဲ့ ကားသမားလေးက အသက် ၃၂ နှစ်အရွယ်၊ ဇနီးနဲ့ ကလေး ၂ ယောက်ကျန်ခဲ့တယ်။ အဖမ်းခံလိုက်ရတဲ့ အုပ်ကြီးက တောင်ဒဂုံမှာနာမည်ဆိုးနဲ့ ကျော်ကြားတယ်။ စစ်ဘောအမဆုံးအုပ်ကြီးအဖွဲ့။ အိမ်ဆောက်အိမ်ပြင်ငွေတောင်းရာမှာလည်း စည်ပင်က တစ်သိန်းတောင်းရင် အုပ်ကြီးအဖွဲ့ကိုလည်း တစ်သိန်းပေးရတယ်။ အခုတော့ သူ့စရိတ်နဲ့သူသွားပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် မြို့မရဲစခန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article