29 C
Yangon

ရခိုင်ပြည်နယ်တွင် မိုခါ မုန်တိုင်းကြောင့် မြေနိမ့်ပိုင်းဒေသမှ စစ်တွေမြို့ပေါ်သို့ ခိုလှုံလာကြသူ ၄၀၀၀ ကျော်လာ

Must read

ရခိုင်ပြည်နယ်တွင် မိုခါ မုန်တိုင်းကြောင့် မြေနိမ့်ပိုင်းဒေသမှ စစ်တွေမြို့ပေါ်သို့ ခိုလှုံလာကြသူ ၄၀၀၀ ကျော်လာ

ရန်ကုန်| မေ ၁၂

ရခိုင်ပြည်နယ်တွင် မြေနိမ့်ပိုင်းနေရာများမှ စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းများအသီးသီးသို့ ယနေ့ မေလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှ ညပိုင်းအထိ မုန်တိုင်းဘေးတိမ်းရှောင်သူ ၄၀၀၀ ကျော်ခန့် ခိုလှုံလာကြောင်း လူမှုကယ်ဆယ်ရေး ကူညီဆောင်ရွက်နေသူများက ပြောသည်။

လက်ရှိ စစ်တွေမြို့ပေါ်သို့ ရောက်ရှိနေသည့် မိုခါမုန်တိုင်းဘေးတိမ်းရှောင်သူများမှာ အဓိဌာန်ကျောင်းတွင် လူဦးရေ ၁၅၀၀ခန့် ဦးဥာဏစက္ကကျောင်းတွင် လူဦးရေ ၁၃၀၀ခန့်၊ ဗုဒ္ဓဝီဟာရကျောင်းတွင် ၆၀ခန့် ကန်တော်ကြီးကျောင်းတွင် ၇၀ ခန့်နှင့် အနီးအနားအနားကျောင်းများတွင် ထောင်နှင့်ချီ ရောက်ရှိနေကြကြောင်း သိရသည်။

တိမ်းရှောင်လာသူထဲတွင် သက်ကြီးပိုင်းများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ကလေးသူငယ်များ အများအပြားပါဝင်ကြောင်း လူမှုကူညီဆောင်ရွက်ပေးနေသည့် စာရေးဆရာဝေဟင်အောင် က Western Newsသို့ ပြောဆိုသည်။

“တိမ်းရှောင်လာတဲ့သူတွေထဲမှာ မကျန်းမမာဖြစ်နေတဲ့ လူကြီးတွေပါတယ်။ ကလေးသူငယ်တွေ အများအပြားပါတယ်။ ကိုယ်ဝန်ဆောင်တွေ အများအပြားပါတယ်။ စစ်တွေမြို့နယ်ထဲက ကျေးတော၊ ပြီးတော့ ရွှေမင်းဂံကဘက်က များတယ်။ အဓိက လာကြတဲ့သူတွေကတော့ မြေနိမ့်ပိုင်းဒေသက လူတွေ လာတာများတယ်”ဟုပြောသည်။

ယင်းကဲ့သို့တိမ်းရှောင်လာသူများကို ကူညီဆောင်ရွက်မှုများရှိသော်လည်း ကော်မတီတစ်ရပ်အနေနဖြင့် မဟုတ်သေးဘဲ စောင့်ကြည့်နေသည့်အဆင့်သာရှိနေသေးကြောင်း လူမှုကူညီဆောင်ရွက်ပေးနေသည့် စာရေးဆရာ ဝေဟင်အောင် က ပြောဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသော NGO, INGO များနှင့် ရခိုင် လူမှုကယ်ဆယ်ရေးအဖွဲ့များ ဆက်သွယ်လာခြင်းတစ်စုံတစ်ရာ မရှိသေးဘဲ ICRC တစ်ဖွဲ့တည်းသာ ဆက်သွယ်စကားပြောသည့် အနေအထားသာ ရှိသေးကြောင်း ဦးဝေဟင်အောင်က ဆိုသည်။

မိုခါ မုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းက မြို့နယ် ၇ ခုကို အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ အနီရောင်အဆင့် သတ်မှတ်လိုက်ကြောင်း ယနေ့ မေလ ၁၂ ရက်နေ့ ညနေပိုင်းက သတိပေးထုတ်ပြန်လိုက်သည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မိုခါဆိုင်ကလုန်းမုန်တိုင်းသည် အလွန်အင်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိလာပြီး မေ ၁၄ ရက်နေ့တွင် ဝင်ရောက်တိုက်ခတ်နိုင်ကာ လေတိုက်နှုန်း တစ်နာရီမိုင် ၁၃၀ နီးပါးရှိနိုင်ကြောင်း မြန်မာ အပါအဝင် နိုင်ငံတကာ မိုးဇလဌာနများက သတင်းထုတ်ပြန်သည်။

မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ခံစားရနိုင်ခြေရှိသည့် ပင်လယ်ကမ်းအနီး မြေနိမ့်ပိုင်းဒေသက ကျေးရွာပေါင်း ၂၁ ရွာက ပြည်သူ ၂သောင်းနီးပါးခန့်ကို ဘေးကင်းလုံခြုံသည့် နေရာသို့ ရက္ခိုင့်တပ်တော် ULA/AA ၏ အာရက္ခပြည်သူ့အစိုးရက ပြောင်းရွှေ့ပေးနေကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

(Western News_WN သည် ရန်ကုန်​ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article