25 C
Yangon

မြန်မာ့အရေး စိုးရိမ်ရုံမျှသာ တတ်နိုင်သော အာဆီယံ အပေါ် စိတ်ပျက်ကြောင်း NUG ထုတ်ပြန်၊ မြန်မာ့အရေး အာဆီယံက ကိုင်တွယ်နိုင်ခြင်းမရှိ၍ ပြည်ပကူညီမှုများ ဖိတ်ခေါ်မည်

Must read

မြန်မာ့အရေး စိုးရိမ်ရုံမျှသာ တတ်နိုင်သော အာဆီယံ အပေါ် စိတ်ပျက်ကြောင်း NUG ထုတ်ပြန်၊ မြန်မာ့အရေး အာဆီယံက ကိုင်တွယ်နိုင်ခြင်းမရှိ၍ ပြည်ပကူညီမှုများ ဖိတ်ခေါ်မည်

ရန်ကုန်၊ မေ ၁၃

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံအစည်းအဝေးပွဲတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်မှုများတိုးမြင့်လာခြင်းကို စိုးရိမ်ခြင်းမျှသာ ဖော်ပြခဲ့သော အာဆီယံ၏ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ မေလ ၁၃ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာသည်။

အာဆီယံခေါင်းဆောင်များအနေနှင့် မြန်မာ စစ်အာဏာရှင်တို့ ဖန်တီးလုပ်ဆောင်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခြိမ်းခြောက်မှုမြင့်တက်လာခြင်းအပေါ် ပူးပေါင်းကိုင်တွယ်နိုင်ခြင်းမရှိသည်မှာ သိသာထင်ရှားနေ၍ ပြင်ပမှ ကူညီဆောင်ရွက်မှုများကို ဖိတ်ခေါ်ရတော့မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ပြောဆိုသည်။

ထို့ပြင် အာဆီယံ ဥက္ကဌ၏ ကြေညာချက်သည် မြန်မာနိုင်ငံအပေါ် အရေးယူရန် အခွင့်အလမ်းကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်း ဖြစ်ကြောင်း၊ စစ်အာဏာရှင်အနေနှင့်မူ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးများ ကျင်းပစဉ်ကပင် အရပ်သားများအပေါ် ဦးတည်ချက်ထား ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများကို ပိုမို တိုးမြှင့်လုပ်ဆောင်၍ ဘုံသဘောတူညီချက် ၅ ချက်ကို မထီမဲ့မြင်ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်ထောက်ပြထားသည်။

အာဆီယံဥက္ကဌအနေနှင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက အာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့သည့် ကတိကဝတ်များကို ပိုမိုတိုးတက်အကောင်အထည်ဖော်ရန်လိုအပ်နေပြီး ပထမဦးစွာ လူသားချင်းစာနာထောက်ထားမှု လိုအပ်နေသူများကို ခွဲခြားခြင်းမရှိဘဲ ဦးစားပေးအကူအညီပေးရန်နှင့် အကူအညီများကို ဘေးကင်းလုံခြုံစွာဆောင်ရွက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး၏ အထူးကိုယ်စားလှယ်နှင့် အားလုံးပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖိုရမ်ကို အာဆီယံအလှည့်ကျဥက္ကဌက အရေးပေါ်ကျင်းပပေးရန် အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုထားသည်။

ဒုတိယအချက်အဖြစ် အာဆီယံ၏ ခေါင်းဆောင်များသည် ဘုံသဘောတူညီချက် ၅ ချက်ကို ပြန်လည်သုံးသပ်သည့် ဆုံးဖြတ်ချက်တွင် လက်တွေ့ကျပြီး တိုင်းတာနိုင်ကာ အချိန်ကာလအတိအကျ သတ်မှတ်နိုင်ရန် ပြင်ဆင်မည်ဆိုသည့် အချက်လည်း ပါဝင်ကြောင်း၊ အဆိုပါ အချက်ကို အကောင်အထည်ဖော်ရန် အာဆီယံဥက္ကဌအနေနှင့် အာဆီယံအထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့ကို တစ်ချက်ချင်းစီအတွက် တိကျခိုင်မာသည့် လုပ်ဆောင်ချက်များနှင့် တိုင်းတာချက်များ၊ အချိန်ကာလအတိအကျနှင့် အမှားအယွင်းများအတွက် ဖာထေးနိုင်မည့် ပြင်ဆင်ချက်များကို ဆောင်ရွက်ရန် တာဝန်ပေးသင့်ကြောင်း၊ စစ်အာဏာရှင်တို့၏ တိုးမြှင့်လုပ်ဆောင်လာသည့် အကြမ်းဖက်မှုများကို ထိရောက်စွာ ကိုင်တွယ်ရန် ပြင်ဆင်ထားသင့်ကြောင်း NUG က တောင်းဆိုသည်။

တတိယအချက်အနေနှင့်မူ အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်သုံးသပ်ချက် အပိုဒ် ၉ အရ AHA Center ၏ ဘုတ်အဖွဲ့မှ စစ်အာဏာရှင်တို့၏ ကိုယ်စားလှယ်များကို ဖယ်ထုတ်ရန်လိုအပ်ကြောင်း၊ စစ်အာဏာရှင်တို့၏ ကိုယ်စားလှယ်များ အာဆီယံထိပ်သီးအစည်းအဝေး၊ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး၊ အခြားဆက်စပ်အစည်း အဝေးများသို့ တက်ရောက်ခွင့်ကို ပိတ်ပင်ရန်လည်း လိုအပ်ကြောင်း အာဆီယံဥက္ကဌသို့ အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုထားသည်။

ထို့ပြင် အင်ဒိုနီးရှားနိုင်ငံအနေနှင့် အာဆီယံဥက္ကဌအဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရုံး၏ အကြီးအကဲအဖြစ် ဆောင်ရွက်ကာ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် ထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- ယခုမေလအတွင်း ပြုလုပ်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ အာဆီယံထိပ်သီးအစည်းအဝေးတွင် မြင်တွေ့ရသည့် အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ။

Photo- Reuters။

Philippine President Ferdinand Romualdez Marcos, Jr, Singapore’s Prime Minister Lee Hsien Loong, Thailand’s Foreign Minister Don Pramudwinai, Vietnam’s Prime Minister Pham Minh Chinh, Indonesian President Joko Widodo, Laos Prime Minister Sonexay Siphandone, Brunei’s Sultan Hassanal Bolkiah, Cambodian Prime Minister Hun Sen, Malaysia’s Prime Minister Anwar Ibrahim, and East Timor’s Prime Minister Jose Maria de Vasconcelos, known as Taur Matan Ruak, pose during a photo session during opening 42nd ASEAN Summit
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article