31 C
Yangon

ရခိုင်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်ခြေရှိသည့် ​​ဒေသမှ ပြည်သူ ၁သိန်းကျော် ဘေးလွတ်ရာ ပြောင်းရွှေ့ ပေးထားကြောင်း AA ပြော

Must read

ရခိုင်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်ခြေရှိသည့် ​​ဒေသမှ ပြည်သူ ၁သိန်းကျော် ဘေးလွတ်ရာ ပြောင်းရွှေ့ ပေးထားကြောင်း AA ပြော

ရန်ကုန်| မေ ၁၃

ရခိုင်ပြည်အတွင်း ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်ခြေရှိသည့် မြို့နယ်များက ပြည်သူများ ၁သိန်းကျော် ကို ဘေးလွတ်သည့်နေရာအသီးသီးများသို့ ပြောင်းရွှေ့ပေးထားကြောင်း ရက္ခိုင့်တပ်တော် AA က ယနေ့မေ ၁၃ ရက်နေ့ က ပြောဆိုလိုက်သည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တာ၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ သံတွဲ၊ ဂွ၊ အမ်း စသည့်မြို့နယ်များက မုန်တိုင်းဝင်ရောက်နိုင်ခြေရှိသည့် ပြည်သူ ၁ သိန်းကျော် ကို ပြောင်းရွှေ့ပေးထားကြောင်း ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News ကို ယနေ့ ညနေပိုင်းက က ပြောသည်။

“ဒီနေ့ ညနေအထိ ကျနော့်ဆီကို စာရင်းအရ ပြောင်းရွှေ့ပေးထားတာက အမျိုးသား အမျိုးသမီး ကလေး၊ လူကြီးအပါအဝင် လူဦးရေ ၁၀၁,၉၉၉ ဦး ပြောင်းရွှေ့ထားပါတယ်။ မြောက်ပိုင်းမြို့နယ်အများဆုံးပါပဲ။ နေရာအသီသီးက မွတ်ဆလင်ဦးရေလည်းတော်တော်များပါတယ်။ အဲ့ဒါတွေက ဒီနေ့ ညနေပိုင်းအထိ ရရှိထားတဲ့ စာရင်းတွေပါ”ဟုပြောသည်။

ရခိုင်ပြည် မြေပုံမြို့နယ်များ မုန်တိုင်းဝင်ရောက်နိုင်ခြေရှိသည့် ကျေးရွာများကို ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်ပြီး မင်းပြားမြို့နယ်၊ ပေါက်တောြမို့နယ်များမှ မွတ်ဆလင် အများအပြားကိုလည်း ပြောင်းရွှေ့ပေးခဲ့ကြောင်း ဦးခိုင်သုခ က ပြောဆိုသည်။

ပြောင်းရွှေ့နေရာချထားပေးသူများကိုလည်း စားနပ်ရိက္ခာအပြင် ဆေးဝါးနှင့် ဆေးကုသမှုများကိုလည်း ပြုလုပ်ပေးနေခြင်းရှိနေပြီး ပြောင်းရွှေ့ပေးခဲ့သည်သူများထဲတွင် သက်ကြီးပိုင်းနှင့် ကလေးသူငယ် အများအပြားပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အား ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၄၀မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ ၏ အနောက်ဘက် ရေမိုင် ၂၅၀မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၂၈၀မိုင်ခန့် ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

အလားတူ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား ၏ အနောက်မြောက်ဘက် ရေမိုင် ၃၂၀မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ ၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၃၃၅မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ယနေ့ ည ၃ နာရီ မိနစ် ၃၀ တိုင်းတာချက်အရ မိုဇလက ထုတ်ပြန်သည်။

အနီရောင်အဆင့်သည် မုန်တိုင်း မြန်မာ့ကမ်းရိုးတန်းဆီသို့ မဖြတ်ကျော်မီ ၁၂ နာရီအလိုအချိန်ဟု သတ်မှတ်ထားသော်လည်း ယခုဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့ အနီးမှ အလွန့်အလွန်အားကောင်းသော အဆင့်ဖြင့် ဖြတ်ကျော်နိုင်သည့်အတွက် အနီရောင်အဆင့်ဟု သတ်မှတ်ကြောင်း ထုတ်ပြန်သည်။

အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် မြန်မာစံတော်ချိန် ည ၃ နာရီ မိနစ် ၃၀မိနစ်အချိန်တွင် မြောက်လတ္တီကျု ၁၆.၂ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၀.၀ဒီဂရီတွင်ရှိပြီး၊ ဗဟို ချက်လေဖိအား ၉၅၀ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၁၅မိုင်မှ ၁၂၅ မိုင်နှုန်းခန့် တိုက်ခိုက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

(Western News-WN သည် ရန်ကုန်​ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article