38 C
Yangon

ကနီ၊ လယ်ရှည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး ၃ ရက် ကြာမှ သင်္ဂြိုလ်ရ၊ ပြည်သူ ၁၀ ဦးကိုလည်း ဖမ်းဆီးသွား

Must read

ကနီ၊ လယ်ရှည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး ၃ ရက် ကြာမှ သင်္ဂြိုလ်ရ၊ ပြည်သူ ၁၀ ဦးကိုလည်း ဖမ်းဆီးသွား

ရန်ကုန်၊ မေ ၁၈

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ လယ်ရှည်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ၃ ရက် ကြာမှ သင်္ဂြိုလ်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လယ်ရှည်ရွာကို လက်နတ်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက်ကြီးကျည် ထိမှန်ကာ ကလေးငယ် သေဆုံးခဲ့ပြီး သေဆုံးသူ ရုပ်အလောင်းကို ယနေ့ မေလ ၁၈ ရက်နေ့မှ သင်္ဂြိုလ်ခဲ့ရကြောင်း သိရသည်။

စစ်တပ် စစ်ကြောင်းသည် မေလ ၁၁ ရက်နေ့မှ စတင်ကာ နဘူးတောရွာ၊ ဘန့်ဘွေးရွာ၊ ထန်းဇင်ရွာများကို စီးနင်းခဲ့ပြီး မေလ ၁၂ ရက်နေ့တွင် ကနီမြို့နယ် လယ်ရှည်ရွာ၊ တွင်းရွာများကို ဖြတ်ပြီး မင်းမရွာတွင် တပ်ဆွဲခဲ့​​ပြီး ဒေသ ပြည်သူ့ ကာကွယ်ရေး အဖွဲ့များနှင့် တိုက်ပွဲ ၂ ရက်ဆက်တိုက်ဖြစ်ပွားခဲ့ကာ အကျအဆုံး များခြင်းကြောင့် နောက်ကြောင်း ပြန်ခေါက်ကာ လယ်ရှည်ရွာကို ဒုတိယအကြိမ် ပြန်ဝင်ရောက် တပ်စွဲခြင်းဖြစ်ကြောင်း သိရသည်။

“မေလ ၁၂ ရက်နေ့က ရွာထဲကနေဖြတ်သွားရုံပဲ ဘာမှလုပ်မသွားဘူး။ သူတို့ မင်းမရွာကနေစစ်ရှုံးခဲ့ပြီး ကျွန်တော်တို့ရွာကိုပြန်ဝင်ရာမှာ အကြောင့်မဲ့ လက်နတ်ကြီးနဲ့ အသားကုန် ပစ်ခတ်ဝင်လာတယ်။ ရွာသားတွေလည်း ဘာတစ်ခုမှမယူနိုင်ဘဲ ကိုယ်လွတ်ရုန်းပြေးရတယ်။ အဲလိုလက်နတ်ကြီးနဲ့ ပစ်ခတ်လို့ ရွာထဲကလူတွေ ၁၀ခန့် လောက် ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။ အသက် ၁၄ နှစ် အရွယ် မိုမိုးကတော့ လက်နက်ကြီး အိမ်ပေါ်ကျပေါက်ကွဲပြီးတစ်ခါတည်း နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့တယ်။ သူတို့က ပစ်လည်း ပစ်တယ်။ ရွာထဲလည်း ဝင်လည်း လာတာဆိုတော့ အလောင်းပစ်ပြီး ကိုယ်လွတ်ရုန်းပြေးခဲ့ရတယ်။ အဲတာပြီးတော့ သူတို့က ရွာထဲကို ၁၆ ရက်၊ ၁၇ ရက်ရွာမှာရွာမှာ တပ်ဆွဲတယ်။ ဒီနေ့ မေလ ၁၈ ရက်နေ့ နံနက်ခင်းကျမှ ရွာထဲက ထွက်သွားလို့ အဲအလောင်းကို ဒီနေ့မှသင်္ဂြိုလ်တာတွေ လုပ်နိုင်တယ်လို့” ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လယ်ရှည်ရွာ၌ တပ်ဆွဲနေထိုင်ပြီး ကျေးရွာအတွင်းက ပြည်သူပိုင်အိမ်တွေကို ဝင်ရောက် ရှာဖွေဖျက်ဆီးပြီး ရွှေ၊ငွေနဲ့ တန်ဖိုးရှိ ပစ္စည်းများလည်း ယူဆောင်သွားကြောင်း၊ စစ်တပ်က ကျေးရွာ အတွင်း ပစ်ခတ်ခြင်းကြောင့် ဒေသခံရွာသူ၊ရွာသားများ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ မွေးတိရိစ္ဆာန်အများအပြားလည်း သေဆုံး ထိခိုက်ဒဏ်ရာရပြီး စစ်ကြောင်း ပြန်ထွက်သွားသည့်အခါ ရွာသား ၁၀ ဦး ကျော်ကိုလည်း စစ်ကြောင်းအတွင်း ဓါးစာခံ အဖြစ်ဖမ်းခေါ်သွားကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ မေလ ၁၈ ရက်နေ့မှာ လည်ရှည်ရွာမှ မြောက်ဘက်ကို စစ်ကြောင်း ထိုးသွားတာကြောင်း၊ စစ်ကြောင်း ဦးတည်ရာကျေးရွာများမှာ ချောင်းမအရှေ့ရွာ၊ ချောင်းမအနောက်ရွာ၊သင့်ဝင်ရွာ၊ မင်းမရွာ၊ သမက်ခြံရွာ၊ ယက္ကန်းတိုင်ရွာ၊ ကျွဲသောက်ကန်ရွာတို့ဖြစ်ပြီး အဆိုပါ ကျေးရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article