မြင်းခြံအကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများကို စစ်တပ်က ထပ်မံ ခေါ်ထုတ်သွားပြီး အကျဥ်းထောင် ဝန်ထမ်းများကိုပါ စစ်တပ်က စစ်ဆေးနေ
ရန်ကုန်၊ မေ ၂၃
မြင်းခြံ အကျဥ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများကို စစ်တပ်က ထပ်မံ ခေါ်ထုတ်သွားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်မှ တာဝန်ခံ ကိုသိုက်ထွန်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
မေလ ၂၂ ရက်နေ့မှ စ၍ အကြမ်းဖက် စစ်တပ်နှင့် ရဲများမှ နိုင်ငံရေး အကျဉ်းသားများကို ခေါ်ထုတ်နေပြီး ယနေ့ မေလ ၂၃ ရက်နေ့တွင်လည်း နိုင်ငံရေးအကျဉ်းသား ၂ ဦးဖြစ်သူ ကိုဇော်လှိုင်းနှင့် ကိုစိုးရာဇာထွန်းလွင်တို့ ၂ ဦးကို ထပ်မံ ခေါ်ထုတ် သွားခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် လက်ရှိအချိန်တွင် ထောင်ဝန်ထမ်းများ၏ ဖုန်းများကိုပါ သိမ်းဆည်း စစ်ဆေးနေသည်ဟု ကြားသိရပြီး ထောင်၏ အုပ်ချုပ်ရေးပိုင်းနှင့် ပတ်သက်၍ အကျဉ်းဦးစီးဌာနဝန်ထမ်းများ အစား စစ်ကောင်စီဝင်များနှင့် ပျူစောထီးများမှ တာဝန်ယူထားသည်ဟု သိရှိရကြောင်း မြင်းခြံအကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရှိရသည်။
“သူတို့ရဲ့ အကြောင်းပြချက်က PDF တွေနဲ့ အဆက်အသွယ်လုပ်တယ်ဆိုပြီး ခေါ်ထုတ်နေတာ ထောင်ရဲ့ ဥပဒေမှာ အရေးပေါ်ကျန်းမာရေးနဲ့ အပြောင်းအရွှေ့ကိစ္စကလွဲရင် ထောင်ရဲ့ လက်စွဲဥပဒေမှာထုတ်ခွင့်မရှိလို့ ထောင်လက်စွဲမှာ ပြဌာန်းထားပြီး ဖြစ်တယ်။ သူတို့ကိုယ်တိုင် ဥပဒေတွေ အမြဲချိုးဖောက်နေတဲ့ လူတွေ ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ အရမ်းစိုးရိမ်တယ်။ အခု အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေရဲ့ ဖုန်းတွေပါ သိမ်းနေတာ။ အခု သူတို့ ဝန်ထမ်းတွေကိုပါ စစ်ဆေးနေတယ်။ ပြီးတော့ လက်ရှိ အကျဉ်းဦးစီးဝန်ထမ်းတွေ အစား ထောင်အတွင်းမှာကို စစ်တပ်နဲ့ ပျူစောထီးက တာဝန်ယူထားတယ်။ အခုချိန်ထိလည်း ဒီ ထောင်က ဖွင့်ပေးတာ မရှိသေးဘူး” ဟု လက်ရှိအခြေအနေနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်မှ ကိုသိုက်ထွန်းဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
လက်ရှိအချိန်အထိ အကြမ်းဖက် စစ်တပ်က ထောင်အတွင်းမှ ခေါ်ထုတ်သွားသည့် အကျဉ်းသား ဦးရေမှာ ၉ ဦး ရှိပြီးဖြစ်ကာ ကိုကျော်ဇင်ဦး တစ်ယောက်သာ ပြန်လည်ရောက်ရှိလာသည့်အတွက် အကျဉ်းသား ၈ ဦးမှာ ဖမ်းဆီးနှိပ်စက်ခံနေရဆဲ ဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ စိုးရိမ်တာက ရှေ့က ခေါ်ထုတ်တဲ့ ၆ ဦးရယ် ဒီနေ့ ထပ်ခေါ်ထုတ်တဲ့ ကိုစိုးရာဇာထွန်းလွင်နဲ့ ကိုဇော်လှိုင်းတို့ ၂ ဦးသည် ထောင်တွင်းရှိစဉ်ကာလမှာ ကျန်းမာရေးကောင်းမွန်တယ်။ အနာတရ မရှိဘူး အားလုံးကျန်းကျန်းမာမာနဲ့ နေထိုင်တဲ့လူတွေ ဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ လိုချင်တာက ဒီလူတွေ ပြန်ရောက်လာတဲ့အခါမှာလည်း ကောင်းကောင်းမွန်မွန်နဲ့ ပြန်ရောက်လာတာ လိုချင်တယ်။ သူတို့မိသားစုအတွက်လည်း ကျွန်တော်တို့ ဝမ်းနည်းခံစားရတယ်” ဟု နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်မှ တာဝန်ခံ ကိုသိုက်ထွန်းဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
မြင်းခြံအကျဉ်းထောင်၏ အဓိက တာဝန်ရှိသူမှာ ညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းဖြစ်ပြီး ဒုတိယတာဝန်ရှိသူမှာ ထောင်ပိုင် ဦးတင်ချိုဖြစ်ကြောင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် နိုင်ငံရေးအကျဉ်းသားများ ကောင်းကောင်းမွန်မွန် ပြန်လည်ရောက်ရှိရေးတွင် ၎င်းတို့ ၂ ဦးက အဓိက တာဝန်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများများ ကွန်ရက်မှ တာဝန်ခံကိုသိုက်ထွန်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။