36 C
Yangon

နိုင်ငံတစ်ဝန်း စစ်သား၊ရဲ၊ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်ပျူစောထီးများက ပြည်သူများကို ဥပဒေမဲ့ ဖမ်းဆီးမှုများ၊ ငွေကြေး အနိုင်ကျင့်တောင်း ခံမှုများ ဖြစ်ပွားနေ

Must read

နိုင်ငံတစ်ဝန်း စစ်သား၊ရဲ၊ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်ပျူစောထီးများက ပြည်သူများကို ဥပဒေမဲ့ ဖမ်းဆီးမှုများ၊ ငွေကြေး အနိုင်ကျင့်တောင်း ခံမှုများ ဖြစ်ပွားနေ

ရန်ကုန်၊ မေ ၂၉

နိုင်ငံတစ်ဝန်း စစ်သား၊ရဲ၊ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်ပျူစောထီးများက နိုင်ငံရေး ပတ်သက်မှု မရှိသော အရပ်သား ပြည်သူများကို ဥပဒေမဲ့ ဖမ်းဆီးမှုများ၊ ငွေကြေး အနိုင်ကျင့်တောင်းခံမှုများ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စစ်ကိုင်းတိုင်း၊ မော်လိုက်

==================

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ပေါ်တွင် မေလ ၂၆ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တံတားဦးရပ်ကွက်နှင့် ညောင်ပင်သာရပ်ကွက်အကြား ချောင်းကူးတံတားကို ဖြတ်သန်းကူးလာသော ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ အနည်းဆုံး ပြည်သူ ၃၂ ဦးခန့် အဖမ်းခံခဲ့ရကြောင်း၊ မြို့ပေါ် လျှပ်စစ်ဝင်းအရှေ့နှင့် နာရီစင်အနားတွင် လည်း ပြည်သူများကို ဖမ်းဆီးမှုများရှိခဲ့ကြောင်း သိရှိရသည်။

“မြို့ပေါ်မှာ ဘာရယ်မဟုတ်ဘဲ ပြည်သူတွေကို ဖမ်းဆီးရိုက်နှက် စစ်ဆေးတာတွေ လုပ်နေတယ်။ တချို့လည်း ပေါ်တာဆွဲတာမျိုးဖြစ်နေတယ်။ ငွေပေးနိုင်တဲ့လူက ပြန်လွတ်တယ်။ လက်နက်ရှိတော့ အနိုင်ကျင့်ခံနေရတယ်” ဟု မော်လိုက်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်

========================

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံဝင်းအတွင်းတွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က အရပ်သားပြည်သူများကို မသင်္ကာဟုဆိုကာ ရိုက်နှက်ဖမ်းဆီးငွေကြေးတောင်းခံမှုများရှိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“ဘုရင့်နောင် ပွဲရုံဝင်းအတွင်းမှာ စစ်ကောင်စီ ခန့် မရမ်းကုန်း ၁ရပ်ကွက် ဥက္ကဌစိန်ဝင်းမြင့်နဲ့ လက်ရုံး ဇေယျာထွန်း နဲ့ နန္ဒအောင်၊ ရာအိမ်မှုး နဲ့ ဆယ်အိမ်မှုး အောင်မျိုးထွဋ်၊ နောက်လိုက်တွေေက ဘုရင့်နောင်ဝင်းအတွင်းမှာ မာစွပ်၊ KTV တွေ ဆက်ကြေးယူဖွင့်ခိုင်းတယ်။ ည ၁၀ နာရီကျော်ပြီဆိုတာနဲ့ လမ်းမှာ မြင်သမျှ လူတွေကို မာရှယ်လောအကြောင်း ပြ ဖမ်းဆီးနေပြီး တစ်ညလုံး ရိုက်နှက်လုပ်ကြတယ်။ မိုးလင်းတဲ့အခါ မိသားစုတွေထံ ဖုန်းဆက်ခိုင်းပြီး တစ်ဦးကို ငွေ ၅၀၀၀၀ တောင်းတယ်။ တစ်ညလုံးရိုက်တယ်။ လူတွေကို ဖမ်းပြီးတော့ ရိုက်တာ။ နောက် တချို့ အဖမ်းခံရသူတွေကို

လုပ်အားပေးအဖြစ် စာသင်ကျောင်းတွေမှာ မြေ ပေါက် မြက်ရှင်းခိုင်းနေတာပါ။ တစ်ည ကို အနည်းဆုံး လူ ၂၀ နဲ့ ၃၀ အကြား ဖမ်းတယ်။ ညတိုင်း အဖမ်းခံရတဲ့ လူတွေဆီကနေ တစ်နေ့ကို ငွေ ၁၄ သိန်း၊ ၁၅ သိန်းလောက်ပုံမှန် ဝင်နေကြတယ်” ဟု မရမ်းကုန်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

မန္တလေး၊ ညောင်ဦး

================

မန္တလေးတိုင်း၊ ညောင်ဦးမြို့ပေါ်တွင် စစ်တပ်၊ ရဲနှင့် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများကို ဖမ်ဆီးစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။

မေလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန် ညောင်ဦးမြို့သီရိမင်္ဂလာ ရပ်ကွက်နှင်ဇေရဝတီ ရပ်ကွက်အကြား မြို့တွင်း ရှောင်လမ်းပေါ်တွင် ဆိုင်ကယ်ပြင်စက်ဆရာ ငနိုင် အပါအဝင် ပြည်သူ ၂ ဦးကို စစ်တပ်နှင့်ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ဆိုင်ကယ်ပေါ်မှ အတင်းဆင်းခိုင်းပြီး ထိုးကြိတ်ကန်ကြောက်ကြောင်း၊ လမ်းပေါ်တွင် မှောက်ခိုင်းထားပြီး ဖုန်းများကို စစ်ဆေးသော်လည်း ဘာမှ မတွေ့ရကြောင်း၊ သို့ရာတွင် ၂ ဦးစလုံးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ဆိုင်ကယ်ပြင်စက်ဆရာ ငနိုင်၊ သူငယ်ချင်း ကိုကျော်မင်းဦးတို့က ဆိုင်ကယ်ပြင်ပြီး ဆိုင်ကယ်ကို ပိုင်ရှင်ထံသွားပို့ပေးတာပါ။ အဲဒါ လမ်းမှာ စစ်တပ်နဲ့ ထိပ်တိုက်တွေ့ပြီး သေနတ်တွေနဲ့ချိန်ပြီးအစစ်ဆေးခံရတယ်။ ၂ ဦးစလုံးကို မျက်နှာကိုအဝတ်စည်းပြီးကားနောက်အဖုံးထဲထည့်ခေါ်ဖမ်းသွားတယ်။ သူတို့ဖုန်းတွေကို စစ်ပေမယ့် ဘာမှ မတွေ့ပါဘူး။ အနိုင်ကျင့်ဖမ်းဆီးခံရပြီး အမှုတပ်တဲ့သဘောဖြစ်ပါတယ်” ဟု ညောင်ဦးဒေသခံက ပြောဆိုသည်။

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်

==========================

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ အင်တောကျေးရွာအုပ်စု၊ တည်ပင်စခန်းကျေးရွာဘုန်းကြီးကျောင်းတွင် စစ်တပ်က တပ်စွဲပြီး ပြည်သူများကို ဖမ်းဆီးရိုက်နှက် ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောသည်။

“အင်တောရွာနဲ့ တည်ပင်စခန်း ရွာချင်းဆက်လမ်းဆုံမှာ စစ်တပ်က ညနေပိုင်းဆိုရင် လာသမျှစစ်ဆေးပြီး မသင်္ကာရင် ရိုက်နှက်စစ်ဆေးတယ်။ ပြီးတော့ ပတ်ဝန်းကျင် မန်ကျည်းရိုးရွာကိုလည်း အင်အား အများအပြားနဲ့ သွားဝိုင်းတာတွေ လုပ်တယ်။ ရွာသူ ရွာသားတွေက ပြန်ခံချပြီး မနေရဲကြတေ့ာလို့အကုန်ထွက်ပြေးကြရတယ်။ တည်ပင်စခန်းမှာ တပ်စွဲတာက အင်အား ၁၅ ယောက်ပဲရှိပါတယ်” ဟု တည်ပင်စခန်းကျေးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း

=============================

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁ ရပ်ကွက်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့က လမ်းတိုင်းတွင် လုံခြုံရေး CCTV တပ်ဆင်ရန်ဟုဆိုကာ တစ်အိမ်လျှင် ငွေကျပ် ၄၀၀၀ နှုန်း လိုက်လံကောက်ခံပြီး ငွေကြေးမပေးသော အိမ်များကို အရေးယူမည်ဟု ခြိမ်းခြောက်လျက်ရှိကြောင်း၊ ဒေသပြည်သူများက ပြောဆိုကြသည်။

“တစ်အိမ်ကို ၄၀၀၀ မဖြစ်မနေ ပေးရမယ်။ မထည့်ဘူးဆိုရင် အရေးယူမယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးက တောင်းတာ။ ဧည့်စာရင်းဆိုရင်လည်း အနည်းဆုံး ၂၀၀၀ ကနေ ၃၀၀၀ တောင်းတယ်။ ခေတ်က သူတို့ခေတ်ဆိုတော့ မရှိလည်း ပေးရတာပဲ။ ငြင်းဆန်လို့မရဘူး” ဟု ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁ ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ်တွင် ဆန္ဒပြသူ ပြည်သူတစ်ဦးကို ဖမ်းဆီးနေသော အကြမ်းဖက် စစ်သားတစ်ဦး။ (ပုံအဟောင်းဖြစ်သည်။)

Photo- AFP ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article