29 C
Yangon

ထိုင်းသို့ အလုပ်သမား ပို့ဆောင်​ပေးမည်ဟုဆိုပြီး တောင်ကြီးမှ ဒုရဲအုပ် စိန်အေးနှင့်ဇနီး မိသားစုက လိုင်စင်မဲ့ ပြည်ပအလုပ်အကိုင် ကုမ္ပဏီထောင်ကာ ငွေကျပ် သိန်း ၇၀၀၀ ကျော် လိမ်လည်

Must read

ထိုင်းသို့ အလုပ်သမား ပို့ဆောင်​ပေးမည်ဟုဆိုပြီး တောင်ကြီးမှ ဒုရဲအုပ် စိန်အေးနှင့်ဇနီး မိသားစုက လိုင်စင်မဲ့ ပြည်ပအလုပ်အကိုင် ကုမ္ပဏီထောင်ကာ ငွေကျပ် သိန်း ၇၀၀၀ ကျော် လိမ်လည်

ရန်ကုန်၊ ဇွန် ၂

ထိုင်းနိုင်ငံသို့ အလုပ်သမား ပို့ဆောင်မည်ဟုဆိုပြီး တောင်ကြီးရဲစခန်းမှ ဒုရဲအုပ် စိန်အေးနှင့်ဇနီး မိသားစုက လိုင်စင်မဲ့ ပြည်ပအလုပ်အကိုင် ကုမ္ပဏီထောင်ပြီး ပြည်ပထွက်လိုသော လူငယ်အများအပြားထံမှ ငွေကျပ် သိန်း ၇၀၀၀ ကျော် လိမ်လည်သဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း လိမ်လည်ခံရသည့် လူငယ်များက ပြောသည်။

မရမ်းကုန်းမြို့နယ်တွင် နေထိုင်သော ဒုရဲအုပ်စိန်အေးနှင့်ဇနီး တင်တင်မိုးတို့၏ သမီးများဖြစ်ကြသည့် မချိုနန္ဒာကျော်၊ ညီမ ဆုနှင်းဝေတို့က KK IDEA အမည်ဖြင့် ကုမ္ပဏီထောင်ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ သွားရောက်လိုသော လူငယ်အများအပြားထံမှ တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းဖြင့် ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ပို့ဆောင်ပေးမည်ဟု ငွေကြေးများ တောင်းခံခဲ့ကြောင်း၊ ထိုသို့ ငွေကြေးနှင့် နိုင်ငံကူးလက်မှတ်များ တောင်းခံပြီးနောက် ယခု ၁ နှစ်ကျော်လာသည်အထိ ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခြင်းမရှိဘဲ ထွက်ပြေး တိမ်းရှောင် နေကြောင်း သိရှိရသည်။

“အလိမ်ခံရတာက လူငယ်တွေ အများကြီးပဲ။ ထိုင်းနိုင်ငံ ငါးသေတ္တာစက်ရုံကို လူငယ်တစ်ဦးကို ငွေကျပ် ၁၂ သိန်းနဲ့ လူငယ် ၄၇ ဦးဆီက ငွေကျပ် ၅၆၄ သိန်း၊ ကြက်သားစက်ရုံမှာ အလုပ်ရမယ်ဆိုပြီး လူငယ်တစ်ဦးကို ငွေကျပ် ၁၃ သိန်းနဲ့ ၁၂ ဦးအတွက် ငွေကျပ် ၁၅၆ သိန်း စုစုပေါင်း လူဦးရေ ၅၉ ဦးဆီကနေ နိုင်ငံကူးလက်မှတ် ၅၃ အုပ် ငွေကျပ် ၇၂၀ သိန်း ယူပြီး ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ဒါက ကျနော်တို့ သိတဲ့ အုပ်စုလိုက် အလိမ်ခံရတာ။ အဲဒီလိုပဲ အလိမ်ခံထားရတဲ့ လူတွေအများကြီးပဲ ” ဟု အလိမ်ခံထားရသည့် လူငယ် ၁ ဦးက ပြောသည်။

ငွေများကို လိမ်လည်သွားသည့် မိသားစုသည် လက်ရှိတွင် တောင်ကြီးမြို့မှ ဒုရဲအုပ် စိန်အေးထံတွင် နေထိုင်ကြ‌ပြီး အမှုဖွင့်ရန် ဆင့်ခေါ်သော်လည်း မလာရောက်ကြောင်း၊ ရဲစခန်းများတွင် အမှုဖွင့်ရန် ကြိုးပမ်းသော်လည်း ဒုရဲအုပ် စိန်အေးက ၎င်း၏ လုပ်ပိုင်ခွင့်ကို အသုံးချ၍ လိုက်လံ ပိတ်ပင်နေသဖြင့် အမှုဖွင့်ရန် ခက်ခဲနေကြောင်း၊ သို့ရာတွင် ရသည့်နည်းလမ်းဖြင့် အမှုဖွင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

”ကျမတို့ရဲ့ချွေးနှဲစာတွေကိုမှ ပြောင်လိမ်ပြောင်စားလုပ်သွားတဲ့လူလိမ်မိသားစုပါ။မျက်နှာချင်းဆိုင် လာရောက်ညှိနှိုင်းပေးဖို့တောင်းဆိုပေမယ့်လဲ လာရောက်တွေ့ဆုံညှိနှိုင်းတာပြောဖို့နေနေသာသာ ဖုန်းလုံးဝပိတ်ထားကြပါတယ်။သူ့ပထွေးရဲအုပ်စိန်အေးဆိုသူကလဲ သူနှင့်ဒီကိစ္စဘာမှမဆိုင်မသိဘူးလို့ပြောပြီး အမူဖွင့်ဖို့ကြိုးပမ်းတာကိုလည်း ရဲဖြစ်ပြီး အမူဖွင့်ခွင့်လက်မခံတဲ့အပြင် ဖုန်းကိုပါ ဘလော့ထားပါတယ်။ ပြောရမယ်ဆိုရင် သူ့မယားပါလူလိမ်သမီးနှစ်ယောက်ဘက်က ကာထားတာပေါ့။ဆုနှင်းဝေဆိုတဲ့ လိမ်သွားတဲ့တယောက်ကတော့ တောင်ကြီးမှာ ပေါ်ပေါ်ထင်ထင်သူဌေးမလိုလိုသွားလာနေပါသေးတယ်။ လိမ်သွားတဲ့နောက်ထပ် အကြီးမဖြစ်တဲ့ မချိုနန္ဒာကျော်ကတော့ မရမ်းကုန်းထဲမှာ နေပါတယ်” ဟု အလိမ်ခံရသည့် လူငယ်တစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံသို့ သွားရောက်ရန်အတွက် လူငယ်တချို့က အတိုးဖြင့် ငွေချေးယူ၍ KK IDEAထံသို့ ငွေကျပ် ပေးသွင်းခဲ့ကြောင်း၊ သို့ရာတွင် ငွေများ အလိမ်ခံရသဖြင့် လူငယ်များ ဒုက္ခရောက်နေကြကြောင်း သိရှိရသည်။

”ကျတော်တို့ဘဝတော့ပျက်ပါပြီဗျာ။တစ်လကို ခုနှစ်ကျပ်တိုးနဲ့ချေးထားရတာပါဗျာ။အခု မချိုနန္ဒာကျော်နဲ့မဆုနှင်းဝေဆိုတဲ့မိန်းမနှစ်ယောက်က လိုင်စင်ရ ကိုယ်စားလှယ်လိုလို ဘာလိုလိုနဲ့အလုပ်တွေလာခေါ်တယ်။ကိုယ်တွေကလည်း ရွာကကိုး။ ကုမ္မဏီလိုင်စင်ပြတော့ပြတယ် ။မကြည့်တက်တာရော။ ကိုယ့်ရှေ့မှာ အခြားလူတွေကပါ အပ်နေကြတာမြင်ရတော့ ယုံပြီးရှိတဲ့အိမ်လေးပေါင်ပြီး အလုပ်အပ်မိတာပါ။ကျတော်တို့ အဖွဲ့ဆို တစ်ယောက်ကို 25 သိန်းပေးပြီးအပ်ခဲ့ရတာပါ။အခုဆို ကျတော်တို့ ပတ်စ်ပို့ စာအုပ်တွလည်း ဘယ်လို လိုက်ယူလို့ ယူရမှန်းမသိပါဘူး။ကယ်ကြပါ”ဟု လူငယ်တစ်ဦးက ပြောသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက KK IDEA ကုမ္ပဏီ၏ ဖုန်းနံပါတ်များကို ဆက်သွယ်၍ ဖြစ်စဉ်ကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းနံပါတ်များမှာ ခေါ်ဆို၍ မရဘဲ ဖြစ်နေသဖြင့် ကုမ္ပဏီဘက်မှ တုံ့ပြန်သံကို ရယူနိုင်ခြင်းမရှိပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article