ခင်ဦးမြို့နယ်၊ ကံသစ်ရွာနှင့် သာဂရရွာရှိ နေအိမ် ၃၉ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဇွန် ၁၅
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကံသစ်ရွာနှင့် သာဂရရွာရှိ နေအိမ် ၃၉ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဇွန် ၁ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့ထိ စစ်ကြောင်းထိုး စီးနင်းခဲ့ပြီးး ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် သာဂရကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့ပေါ်မှ ရေဦး-ခင်ဦး ကားလမ်းဘေးရှိ ကျောက်မန်းကန်တံတား အနီးတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြားသောကြောင့် ကံသစ်ကျေးရွာအတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ် ၃၃ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ကံသစ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။ယယ
ထို့နောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် ကံသစ်ရွာမှ သာဂရကျေးရွာဘက်ကို ထွက်ခွာလာစဥ် ကံသစ် တံတားအနီး မိုင်း ၇ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရပြီး သေဆုံး စစ်သားများကို ကံသစ်မူး၊ OMC မူးထဲပစ်ချ အလောင်းဖျောက်ခဲ့ကြကြောင်း၊ သာဂရကျေးရွာ အရောက်တွင်လည်း ကျေးရွာအတွင်း တိုက်မိုင်းများမိ၍ သေဆုံးအလောင်းများကို မီးပုံရှို့ခဲ့ပြီး ညအိပ်တပ်စွဲခဲ့ကြောင်း သိရှိရသည်။
ယနေ့ ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက သာဂရကျေးရွာမှ အထွက် နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးကြောင်း၊ ထို့နောက် စစ်တပ် စစ်ကြောင်းသည် ရေဦး-ခင်ဦး ကားလမ်း ဘေး လယ်ကွင်းများမှတစ်ဆင့် အထမ်း ၉ ထမ်း အင်အား ၁၀၆ ဦးခန့်ဖြင့် ရွာသစ်ကုန်းရှိ ပျူစောထီးများထံ သွားရောက်ပြီး ရေဦးမြို့ပေါ်မှ သံချပ်ကာကား ၄ စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရှိရသည်။
Photo – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့


